မာတိကာဆီ ကျော်သွား

ဖယ်ဒရယ် ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ ဌာနချုပ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်
ရုရှား

ရုရှားအစိုးရက ယေဟောဝါသက်သေ ရာနဲ့ချီအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ချမှတ်

ရုရှားအစိုးရက ယေဟောဝါသက်သေ ရာနဲ့ချီအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ချမှတ်

ရုရှားနိုင်ငံ၊ ဖယ်ဒရယ် ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ (Rosfinmonitoring) ဟာ အစွန်းရောက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တာလိုမျိုး ငွေကြေးဆိုင်ရာပြစ်မှုတွေကို စစ်ဆေးအရေးယူတဲ့ အစိုးရဌာနဖြစ်တယ်။ အကြမ်းဖက်/ အစွန်းရောက် လှုပ်ရှားမှုမှာ ပါဝင်ကြောင်း သံသယဝင်သူတွေရဲ့ နာမည်စာရင်းကို လူသိရှင်ကြား ပြုစုတယ်။ အပြစ်ရှိကြောင်း တရားရုံးမှာ သက်သေထင်ရှားပြခြင်းမရှိသေးဘဲ အဲဒီစာရင်းထဲ အထည့်ခံရနိုင်တယ်။

၂၀၁၇ ခုနှစ်မှာ ရုရှားတရားရုံးချုပ်က ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ပိတ်ပင်တဲ့အမိန့် ထုတ်ပြန်ချိန်ကစလို့ ညီအစ်ကို၊ ညီအစ်မ ၅၂၅ ဦးရဲ့ နာမည်ဟာ အဲဒီစာရင်းမှာ ဖော်ပြခံခဲ့ရတယ်။ a သက်ကြီးရွယ်အို သက်သေခံ ၁၀၀ ကျော်လည်း အဲဒီစာရင်းမှာ ပါဝင်တယ်။

အဲဒီစာရင်းဝင်သူတွေဟာ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ပြင်းပြင်းထန်ထန် ခံရတယ်။ ဥပမာ၊ သူတို့ ဘဏ်စာရင်းထဲက ငွေကို ထုတ်သုံးလို့မရဘူး၊ မိသားစု အသုံးစရိတ်အတွက် လစဉ် တစ်ယောက်ကို ရူဘယ် ၁၀,၀၀၀ (၁၃၇ အမေရိကန်ဒေါ်လာ) ပဲ ထုတ်ခွင့်ရတယ်။ တခြားစည်းကမ်းချက်များစွာကိုလည်း လိုက်နာရလို့ သာမန်လုပ်ငန်းဆောင်တာတွေကိုတောင် လုပ်လို့မရတော့တာ၊ လုပ်ဖို့ တအားခက်လာတာမျိုးတွေ ဖြစ်လာတယ်။ ဥပမာ၊ အိမ်ခြံမြေ/ ကား အရောင်းအဝယ်လုပ်ဖို့၊ အာမခံထားဖို့၊ အလုပ်လက်မဲ့ဖြစ်သူတွေကိုပေးတဲ့ အခွင့်အရေးတွေ ရယူဖို့၊ အမွေဆက်ခံဖို့၊ ဘဏ်ချေးငွေရယူဖို့ အတော် ခက်လာတယ်။ အထူးသဖြင့် ပင်စင်စားနဲ့ မသန်မစွမ်း သက်သေခံတွေဆို ဆေးဝါးကုသမှုအတွက် ငွေအလုံအလောက် မရှိလို့၊ အများသုံးသယ်ယူပို့ဆောင်ရေးယာဉ် စီးခွင့်မရလို့ တော်တော်လေး ဒုက္ခရောက်နေရှာတယ်။

အာဆူရီစကီမြို့မှာ နေတဲ့ ညီအစ်ကို အက်တန် ချမ်မိခ်ဟာ ၂၀၁၉ ၊ ဒီဇင်ဘာလမှာ စာရင်းထဲ အထည့်ခံရတယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်တော့်မှာ လစာလေး ထုတ်ဖို့အရေး ဒီငွေကို တရားဝင်နည်းနဲ့ ရကြောင်း လတိုင်း သက်သေပြရတယ်။ ဘဏ်ကို စာရွက်တွေ တစ်ပုံတစ်ခေါင်းကြီး သယ်သွားရတယ်။ အဲဒီစာရွက်စာတမ်းတွေကို ဘဏ်စာရေးတွေက စကင်ဖတ်၊ မော်စကိုမြို့ကို ပို့၊ နှစ်ပတ်ကြာ စစ်ဆေးပြီးတော့ ချိန်းတဲ့ရက်မှာ ဘဏ်ကို ပြန်သွား၊ ဘဏ်စာရေးက ကျွန်တော့်ဘဏ်စာရင်းထဲကနေ လစာကို ထုတ်၊ ပြီးတော့ ကျွန်တော့်ကိုပေး၊ ပေးပြီးတာနဲ့ ကျွန်တော့်ဘဏ်စာရင်း ပြန်ပိတ်သွားရော။ ဘဏ်စာရေးအသစ်တွေဆို ကျွန်တော့်နာမည်ကို အကြမ်းဖက်စာရင်းထဲမှာ တွေ့ပြီး ကျွန်တော့်ကို ကြောက်ကုန်တာ။”

ဒီလိုအခက်အခဲတွေရှိပေမဲ့ ညီအစ်ကို/မတွေဟာ အပြုသဘောဆက်ရှိနေကြတယ်။ ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်မခံရခင် နှစ်နှစ်ခွဲအလိုမှာ အကြမ်းဖက်စာရင်းထဲ အထည့်ခံရတဲ့ ညီအစ်ကို ယူရီ ဘီလပ်စူ့ဖ် အခုလို ပြောတယ်– “ကျွန်တော့်ဘဏ်စာရင်းတွေ အပိတ်ခံလိုက်ရပေမဲ့ ညီအစ်ကို/မတွေက ကျွန်တော်တို့ လင်မယားကို ကူညီပေးနေကြလို့ ယေဟောဝါဘုရားကို သိပ်ကျေးဇူးတင်တယ်။”

ရုရှားနိုင်ငံက ညီအစ်ကို/မတွေ ကြုံနေရတဲ့ မတရားမှုအားလုံးကို ယေဟောဝါဘုရား ကောင်းကောင်းသိပါတယ်။ ယေဟောဝါဘုရားက သူတို့ကို အခက်အခဲတွေ ကြုံနေရချိန်တစ်လျှောက် ဆက်ဂရုစိုက်ပေးမယ်ဆိုတာ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်စိတ်ချပြီး ဆုတောင်းပေးနေပါတယ်။—မဿဲ ၆:၃၃

a ၂၀၂၂၊ ဒီဇင်ဘာလအထိဆိုရင် ညီအစ်ကို/မ ၃၅ ဦးဟာ ထောင်ဒဏ်ရက်စေ့ပြီး ပြန်လွတ်လာလို့ ဒါမှမဟုတ် ဒဏ်ငွေဆောင်လိုက်လို့ ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ သံသယရှိသူစာရင်းမှာ သူတို့နာမည် မရှိတော့ဘူး။