မာတိကာဆီ ကျော်သွား

တောမ်မြို့က အိမ်တစ်လုံးမှာ ကျင်းပတဲ့ ဘာသာရေးအစည်းအဝေးကို ရဲတွေ ဝင်ရောက်စီးနင်း

ဇွန် ၂၀၊ ၂၀၁၈
ရုရှား

ရုရှားမှာ အိမ်တွေကို ဝင်ရောက်စီးနင်းပြီး နောက်ထပ် ယေဟောဝါသက်သေတွေကို ထောင်ချ

ရုရှားမှာ အိမ်တွေကို ဝင်ရောက်စီးနင်းပြီး နောက်ထပ် ယေဟောဝါသက်သေတွေကို ထောင်ချ

လွန်ခဲ့တဲ့လအတွင်း ရုရှားအာဏာပိုင်တွေက အစွန်းရောက် တိုက်ဖျက်ရေးလို့ အကြောင်းပြကာ အကြမ်းဖက်ကင်ပိန်း စတင်ပြီး နောက်ထပ်ယေဟောဝါသက်သေတွေကို ဖမ်းဆီးထောင်ချခဲ့ကြတယ်။ ဘီရိုဘစ်ဇန်၊ ခါဘာရိုဗက်၊ မာဂဒန်၊ အိုရင်ဘာ့၊ နဘာရီနီယီ ချီနီ၊ ပမ်၊ ပါစကော့၊ ဆာရာတော့၊ တောမ်မြို့တွေမှာ အိမ်တွေကို ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ကြတယ်။ ယေဟောဝါသက်သေ ၁၅ ယောက်ကို ထပ်မံဖမ်းဆီးခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးခံထားရသူ ယေဟောဝါသက်သေ အယောက် ၂၀ ရှိပြီ။ နှစ်ယောက်ကိုတော့ အိမ်အကျယ်ချုပ်နဲ့ ထားတယ်။ အသက် ၇၀ ကျော်၊ ၈၀ ကျော် အပါအဝင် ယေဟောဝါသက်သေ အနည်းဆုံး ၁၅ ယောက်ကို ကိုယ့်အရပ်ဒေသကနေ ဘယ်မှ မသွားဖို့ ဝန်ခံကတိ လက်မှတ်ထိုးခိုင်းခဲ့ကြတယ်။ ၂၀၁၈၊ ဇွန် ၁၄ ရက်နေ့မှာ ရုရှားအာဏာပိုင်တွေ ရာဇဝတ်မှုနဲ့ တရားစွဲဆိုထားတဲ့ ယေဟောဝါသက်သေ အယောက် ၄၀ ကျော် ရှိပြီ။ အပြစ်ရှိကြောင်း စီရင်ခံရရင် ထောင်ဒဏ် ဆယ်နှစ်အထိ ကျခံရနိုင်ပါတယ်။

ရုရှားနိုင်ငံအတွင်း ဝင်ရောက်စီးနင်းတဲ့ နေရာများ

ယေဟောဝါသက်သေများရဲ့ တရားဝင် အသင်းအဖွဲ့တွေကို ပိတ်ပင်ခြင်းဟာ ယေဟောဝါသက်သေတစ်ယောက်စီရဲ့ လွတ်လပ်စွာ ယုံကြည်ခြင်း ကျင့်သုံးမှုကို မထိခိုက်ဘူးလို့ အာမခံထားပေမဲ့ ရုရှားအစိုးရက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်။ ဒီအာမခံချက်ကို ရုရှားက လုံးဝ အလေးမထားတဲ့အပြင် ယေဟောဝါသက်သေတွေကို “အစွန်းရောက်” အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်မှု၊ စီစဉ်ဖွဲ့စည်းမှု၊ ငွေကြေးထောက်ပံ့မှုနဲ့ တရားစွဲဖို့ ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၂၈၂ ကို တလွဲသုံးနေပါတယ်။ တကယ်တော့ ရုရှားဟာ အစွန်းရောက်မှုကို တိုက်ဖျက်တာမဟုတ်ဘဲ ငြိမ်သက်အေးချမ်းစွာ ဝတ်ပြုကိုးကွယ်သူ ကိုယ့်နိုင်ငံသားတွေကို နှိပ်စက်ညှဉ်းပန်းနေတာဖြစ်တယ်။

မကြာသေးမီက ဝင်ရောက်စီးနင်းမှု၊ ဖမ်းဆီးမှုနဲ့ ထိန်းသိမ်းမှုများ

ဇွန် ၁၂၊ ၂၀၁၈၊ ဆာရာတော့။ ယေဟောဝါသက်သေ အိမ်အတော်များများကို ရဲတွေ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြတယ်။ အနည်းဆုံး ယေဟောဝါသက်သေ ၁၀ ယောက်ကို စုံစမ်းစစ်ဆေးဖို့ ရဲစခန်း ခေါ်သွားကြတယ်။ အာဏာပိုင်တွေ အိမ်တစ်အိမ်မှာ ရှာဖွေနေချိန်မှာ ရုရှားတရားရုံးက ပိတ်ပင်ထားတဲ့ ဘာသာရေးစာပေတွေကို ရှာတွေ့သလိုမျိုး အကွက်ဆင်ခဲ့ကြတယ်။ ယေဟောဝါသက်သေ ငါးယောက်ကို ဖမ်းဆီးသွားကြတယ်။ နောက်ပိုင်းမှာ နှစ်ယောက် ပြန်လွတ်လာပေမဲ့ သုံးယောက်ကိုတော့ ထိန်းသိမ်းထားကြတယ်။ ကွန်စတန်တင် ဘဇာနို့နဲ့ ဖေလစ် မာခမ်မဒီယေ့ဗ် ကို ‘အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ငန်းကို စီမံဆောင်ရွက်မှု’ နဲ့ တရားစွဲလိုက်တယ်။ တတိယမြောက် ယေဟောဝါသက်သေ အလက်စီ ဘူဒန်ချုခ် ဖမ်းဆီးခံရတဲ့အမှုကို အတည်မပြုသေးဘူး။ ၂၀၁၈၊ ဇွန် ၁၄ ရက်နေ့မှာ ဆာရာတော့မြို့ ဖရွန်ဇင်စကီ ခရိုင်တရားရုံးက မစ္စတာ ဘဇာနို့နဲ့ မစ္စတာ မာခမ်မဒေ့ ကို ၂၀၁၈၊ ဩဂုတ် ၁၂ ရက်နေ့အထိ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ဖို့ စီရင်ချက် ချလိုက်တယ်။ အဲဒီတရားရုံးကပဲ မစ္စတာ ဘူဒန်ချုခ်ကို စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ထားဖို့ စီရင်ချက် ချပေမဲ့ လွတ်မယ့်ရက်စွဲကို အတည်မပြုဘူး။ ယေဟောဝါသက်သေ နောက်တစ်ယောက်ကို ကိုယ့်ဒေသကနေ ဘယ်မှ မသွားဖို့ ဝန်ခံကတိလက်မှတ် ထိုးစေခဲ့တယ်။

ဇွန် ၃၊ ၂၀၁၈၊ တောမ်မြို့။ နံနက် ၁၀ နာရီမှာ ရဲတွေနဲ့ ရုရှား တပ်မတော် အထူးတပ်ဖွဲ့ဝင်တွေက ဆိုက်ဘေးရီးယားပြည်နယ်၊ တောမ်မြို့က ယေဟောဝါသက်သေ အိမ်နှစ်အိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြတယ်။ အသက် ၈၃ နှစ်အရွယ် အမျိုးသမီး အပါအဝင် ယေဟောဝါသက်သေ အယောက် ၃၀ ခန့်ကို ထိန်းသိမ်းထားကြတယ်။ အိမ်ထဲက ပစ္စည်းတွေ၊ ကားတွေကို သိမ်းဆည်းကြတယ်။ ယေဟောဝါသက်သေတွေကို ဘတ်စကားပေါ်တင်ပြီး ရဲအခြံအရံနဲ့ အစွန်းရောက်မှု တိုက်ဖျက်ရေးဌာနဆီ ခေါ်သွားကြတယ်။

အဲဒီဌာနမှာ စစ်ဆေးမေးမြန်းသူ အီဗန် ဗီဒရန်ဆစ်၊ အလက်စန်ဒါ အီဗန်နို့၊ ဗီယာချီဆလာ့ လိဘီဒစ်တို့က ယေဟောဝါသက်သေတချို့ကို နောက်တစ်နေ့ နံနက် ၂ နာရီအထိ အင်အားသုံး စစ်ကြောမေးမြန်းခဲ့ကြတယ်။ စစ်ဆေးမေးမြန်းသူတွေက ထိန်းသိမ်းခံတစ်ဦးကို အလုပ်ကနေ ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ကြတယ်။ စစ်ဆေးမေးမြန်းချိန်အတွင်း လူနာတင်ကားတွေကို ဌာနဆီ အကြိမ်ကြိမ် စေလွှတ်ကြတယ်။ ယေဟောဝါသက်သေတစ်ယောက် ဆေးရုံတင်ရတယ်။

ထိန်းသိမ်းခံ ဆာဂေ ကလီမို့ကို ဆက်ချုပ်နှောင်ထားကြတယ်။ ၂၀၁၈၊ ဇွန် ၅ ရက်နေ့မှာ တောမ်မြို့ အက်ယာဘာစကီ ခရိုင်တရားရုံးက မစ္စတာ ကလီမို့ကို ‘အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ငန်းကို စီမံဆောင်ရွက်မှု’ နဲ့ တရားစွဲပြီး ၂၀၁၈၊ ဩဂုတ် ၄ ရက်နေ့အထိ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ထားဖို့ စီရင်ချက် ချခဲ့တယ်။ သူ့ကို အိမ်အကျယ်ချုပ်နဲ့ ထားဖို့ ဒါမှမဟုတ် အာမခံနဲ့ လွှတ်ပေးဖို့ လျှောက်ထားချက်တွေကို တရားသူကြီးက ပယ်ချခဲ့တယ်။

ဇွန် ၃၊ ၂၀၁၈၊ ပါစကို့မြို့။ ပါစကို့မြို့က ယေဟောဝါသက်သေတွေရဲ့ အိမ်အတော်များများကို ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ကြတယ်။ အိမ်တစ်အိမ်မှာ ယေဟောဝါသက်သေ မဟုတ်တဲ့ ဧည့်သည်နှစ်ယောက် အပါအဝင် အိမ်သားအားလုံးကို ထိန်းသိမ်းပြီး စစ်ကြောမေးမြန်းကြတယ်။ ဂင်နာဒီ ရှပါကို့စကီ အပါအဝင် ယေဟောဝါသက်သေ အတော်များများကို စစ်ကြောမေးမြန်းဖို့ ဖယ်ဒရယ်လုံခြုံရေးဌာန (FSB) ပါစကို့မြို့ ဒေသန္တရ ဌာနချုပ်ကို ခေါ်ဆောင်သွားကြတယ်။ ဖမ်းဆီးခံရသူ တချို့ဟာ မစ္စတာ ရှပါကို့စကီနဲ့ပတ်သက်ပြီး သက်သေထွက်ဆိုဖို့ အတင်းဖိအားပေးခံရကြတယ်။ သူ့ကို ‘အစွန်းရောက်အဖွဲ့အစည်း လုပ်ငန်း စီမံဆောင်ရွက်မှု’ နဲ့ အာဏာပိုင်တွေ အမှုဆင်ဖမ်းဆီးခဲ့ကြတယ်။ သူ့ကို လွှတ်ပေးလိုက်ကြပေမဲ့ နောက်ထပ်စွဲချက်တွေနဲ့ အချိန်မရွေး လာဖမ်းနိုင်တယ်။

မေ ၃၀၊ ၂၀၁၈၊ ခါဘာရိုဗက်မြို့။ ရဲတွေက အိဗန် ပြူဒါရဲ့ အိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေပြီး ဖမ်းသွားကြတယ်။ မာဂဒန်မြို့အထိ ဖမ်းခေါ်သွားပြီး ချုပ်ထားကြတယ်။ ၂၀၁၈၊ ဇွန် ၁ ရက်နေ့မှာ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်တရားရုံးက မစ္စတာ ပြူဒါကို ‘အစွန်းရောက်အဖွဲ့ လုပ်ငန်းကို စီမံဆောင်ရွက်မှု’ နဲ့ တရားစွဲပြီး ၂၀၁၈၊ ဇူလိုင် ၃၀ ရက်နေ့အထိ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်။

မေ ၃၀၊ ၂၀၁၈၊ မာဂဒန်မြို့။ မာဂဒန်မြို့က တိုက်ခန်းတွေကို မျက်နှာဖုံးတပ် လက်နက်ကိုင် ရဲတွေ ဝင်ရောက်စီးနင်းပြီး ကွန်စတန်တင် ပစ်ထရို၊ ယီဂျနီ ဇယာဘလို့၊ ဆာဂေ ယာကင်တို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြတယ်။ ၂၀၁၈၊ ဇွန် ၁ ရက်နေ့မှာ မာဂဒန်စကီမြို့ တရားရုံးက သူတို့ကို ‘အစွန်းရောက်အဖွဲ့ လုပ်ငန်းကို စီမံဆောင်ရွက်မှု’ နဲ့ ၂၀၁၈၊ ဇူလိုင် ၂၉ ရက်နေ့အထိ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ထားဖို့ စီရင်ချက် ချထားတယ်။

မီထရီ မီခေးလော့ဗ်

မေ ၂၉၊ ၂၀၁၈၊ ရှုယာမြို့၊ အီဗာနိုဗို ပြည်နယ်။ အာဏာပိုင်တွေက ဒီမီထရီ မီခေးလော့ဗ်ကို ဒုတိယအကြိမ် ဖမ်းဆီးခဲ့တယ်။ ဧပြီ ၂၀ ရက်၊ ဖမ်းဆီးခေါ်ဆောင်သွားတုန်းက ‘အစွန်းရောက် အဖွဲ့အစည်းလုပ်ငန်းမှာ ပါဝင်မှု’ နဲ့ ရဲတွေက တရားစွဲခဲ့တယ်။ မေ ၂၉ ရက်နေ့မှာကျတော့ ‘အစွန်းရောက်လုပ်ငန်းကို ငွေကြေးထောက်မမှု’ နဲ့ တရားစွဲပြန်တယ်။ ၂၀၁၈၊ ဇွန် ၃ ရက်နေမှာ ရှုယာမြို့ တရားရုံးက ၂၀၁၈၊ ဇူလိုင် ၁၉ ရက်နေ့အထိ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ထားဖို့ စီရင်ချက် ချလိုက်တယ်။

မေ ၂၇၊ ၂၀၁၈၊ နဘာရီနီယီ ချီလင်မြို့၊ တက်တာစတန် ဒေသ။ ညအချိန်မှာ FBS ရဲတွေက တိုက်ခန်းဆယ်ခုကို ရှာဖွေပြီး အီလက်ထရောနစ် ကိရိယာတွေ၊ ဖုန်းတွေ၊ နိုင်ငံကူးလက်မှတ်တွေ သိမ်းယူခဲ့ကြတယ်။ အီကန် ကရီမို၊ ကွန်စတန်တင် မာထရာရှို့၊ ဗလာဒီမာ မီကူရှင်တို့ကို ဖမ်းသွားကြတယ်။ သူတို့သုံးယောက်ကို ၂၀၁၈၊ မေ ၂၉ ရက်နေ့မှာ နဘာရီနီယီ ချီလင်စကီ ခရိုင်တရားရုံးက “အစွန်းရောက်” အဖွဲ့အစည်း လုပ်ငန်းအတွက် စီမံဆောင်ရွက်မှု၊ လူသစ်စုဆောင်းမှု၊ ပါဝင်ပတ်သက်မှုတွေနဲ့ တရားစွဲခဲ့တယ်။ ၂၀၁၈၊ ဇူလိုင် ၂၅ ရက်နေ့အထိ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်ထားဖို့ တရားရုံးက အမိန့်ချထားတယ်။ နောက်ပိုင်းမှာ အိုင်ဒါ ယူမီယေ့ကိုလည်း ဖမ်းဆီးပြီး ၂၀၁၈၊ မေ ၃၁ ရက်နေ့မှာ တရားရုံးက စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ဖမ်းချုပ်ထားဖို့ စီရင်ချက် ချလိုက်တယ်။

မေ ၂၂၊ ၂၀၁၈၊ ပမ်မြို့။ အလက်စန်ဒါနဲ့ အယ်နာ ဆလိုဗီယေ့တို့ မော်ဒိုဗာကို သွားပြီး ပမ်မြို့ကို ပြန်လာချိန်မှာ ရဲတွေက ရထားဘူတာမှာပဲ စောင့်ဖမ်းကြတယ်။ မစ္စတာ ဆလိုဗီယေ့ကို လက်ထိတ် ခတ်၊ ပစ္စည်းတွေ သိမ်းယူပြီး လင်မယားနှစ်ယောက်ကို ကားသတ်သတ်စီနဲ့ ရဲစခန်း ခေါ်သွားကြတယ်။ မစ္စတာ ဆလိုဗီယေ့ကို ထိန်းသိမ်းထားချိန်မှာ ရဲတွေက သူ့အိမ်ကို ရှာဖွေပြီး သူ့ဇနီးကို စစ်ဆေးမေးမြန်းကြတယ်။ ၂၀၁၈၊ မေ ၂၄ ရက်နေ့မှာ ဆဗတ်လို့စကီ ခရိုင်တရားရုံးက မစ္စတာ ဆလိုဗီယေ့ကို ‘အစွန်းရောက်အဖွဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု’ နဲ့ တရားစွဲပြီး နေအိမ်အကျယ်ချုပ် ထားပါတယ်။

မေ ၁၇၊ ၂၀၁၈၊ ဘီရိုဘစ်ဇန်မြို့။ တရားစီရင်ရာနေ့ဆိုတဲ့ စစ်ဆင်ရေးတစ်ခုမှာ ရဲသားနဲ့ FSB အဖွဲ့ဝင် ၁၅၀ က ယေဟောဝါသက်သေတွေရဲ့အိမ် ၂၂ လုံးကို ဝင်ရောက်စီးနင်းခဲ့ကြတယ်။ တက်ဘလက်တွေ၊ ဖုန်းတွေ၊ ငွေတွေ သိမ်းယူကြတယ်။ ဝင်ရောက်စီနင်းချိန်မှာ ယေဟောဝါသက်သေ ၃၄ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အလမ် အလိဗ်ကို ဖမ်းဆီးပြီး ချုပ်နှောင်ထားလိုက်တယ်။ မေ ၁၈ ရက်နေ့မှာ ဘီရိုဘစ်ဇန်စကီ ခရိုင်တရားရုံးက သူ့ကို ‘အစွန်းရောက်အဖွဲ့ လုပ်ငန်းကို စီမံဆောင်ရွက်မှု’ နဲ့ တရားစွဲပြီး ၂၀၁၈၊ ဇူလိုင် ၁၃ ရက်နေ့အထိ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ထားဖို့ စီရင်ချက် ချခဲ့တယ်။ ၂၀၁၈၊ မေ ၂၅ ရက်နေ့မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ အယူခံတရားရုံး တရားသူကြီး အေ. ဗွီ. ဆီဇိုဗာက မစ္စတာ အလိဗ်ရဲ့ အယူခံဝင်မှုကို ကြားနာပြီး စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ထားဖို့ စီရင်ချက်ကို ပယ်ဖျက်ပေးခဲ့တယ်။

မေ ၁၆၊ ၂၀၁၈၊ အိုရင်ဘာ့မြို့။ ရဲတွေက အိမ်တွေကို ဝင်ရောက်စီးနင်း ရှာဖွေပြီး ယေဟောဝါသက်သေသုံးယောက် အလက်စန်ဒါ ဆူဗိုရို့၊ ဗလာဒီမာ ကိုချနီ၊ ဗလာဒီစလာ့ ကိုဘန်နို့တို့ကို ဖမ်းဆီးခဲ့တယ်။ မေ ၁၈ ရက်နေ့မှာ ပရိုမစ်လင်နီ ခရိုင်တရားရုံးက မစ္စတာ ကိုဘန်နို့ကို ‘အစွန်းရောက်လုပ်ငန်းကို ငွေကြေးထောက်ပံ့ပေးမှု’ နဲ့ တရားစွဲတယ်။ တရားရုံးက သူ့ကို လွှတ်ပေးလိုက်ပေမဲ့ အိမ်အကျယ်ချုပ်နဲ့ ဆက်ရှိနေပါတယ်။ နောက်နေ့မှာ အဲဒီတရားရုံးကပဲ မစ္စတာ ကိုချနီနဲ့ မစ္စတာ ဆူဗိုရို့ကို ‘အစွန်းရောက်အဖွဲ့ လုပ်ငန်း စီမံဆောင်ရွက်မှု’ နဲ့ တရားစွဲပြီး ၂၀၁၈၊ ဇူလိုင် ၁၄ ရက်နေ့အထိ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ဖမ်းချုပ်ထားဖို့ စီရင်ချက် ချခဲ့တယ်။ စစ်ဆေးမေးမြန်းသူက နောက်ထပ်ယေဟောဝါသက်သေ ခုနစ်ယောက်ကိုလည်း စုံစမ်းစစ်ဆေးနေချိန်အတွင်း မြို့ပြင်မထွက်ဖို့ ဝန်ခံကတိ လက်မှတ် ထိုးစေခဲ့တယ်။

ဝဲ– အလက်စန်ဒါ ဆူဗိုရို့။ ယာ– ဗလာဒီမာ ကိုချနီ

နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ အကျိုးရှိနိုင်မလား

အခြေခံလွတ်လပ်ခွင့်ကို ရုရှား လျစ်လျူရှုမှုအတွက် ဥရောပသမဂ္ဂ (EU) ကရော အမေရိကန်ပြည်ထောင်စုကပါ ပြစ်တင်ရှုတ်ချကြောင်း တရားဝင် ထုတ်ပြန်ခဲ့တယ်။ EU က ရုရှားကို “လွတ်လပ်စွာ သက်ဝင်ယုံကြည် ကိုးကွယ်နိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးနိုင်ခွင့်ဆိုတဲ့ နိုင်ငံတကာ သဘောတူညီချက်ကို လေးစားဖို့” မေတ္တာရပ်ခံခဲ့တယ်။ အမေရိကန်ကလည်း ရုရှားကို “လွတ်လပ်စွာ သက်ဝင်ယုံကြည်ကိုးကွယ်ခွင့်ကို ကျင့်သုံးလို့ ထောင်ချခံရသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့” တိုက်တွန်းထားတယ်။

ယေဟောဝါသက်သေများရဲ့ အထွေထွေ အကြံပေးရှေ့နေ ဖိလစ် ဘရန်လေ ဒီလိုပြောတယ်– “ရုရှားမှာရှိတဲ့ ယုံကြည်သူချင်းတွေ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု ခံနေရလို့ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ စိတ်မကောင်းကြဘူး။ ကွန်မြူနစ်ခေတ်တုန်းက ကြုံခဲ့ရသလိုမျိုး ယေဟောဝါသက်သေတွေ ပြန်ကြုံနေရတယ်။ ရုရှားရဲ့ လုပ်ရပ်တွေ၊ ဖိနှိပ်မှုတွေက အခြေခံလူ့အခွင့်အရေး ပေးမယ်ဆိုတဲ့ အာမခံချက်ကို လုံးဝ လျစ်လျူရှုရာရောက်တယ်။”

စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်ခံနေရသူ ယေဟောဝါသက်သေများ a

  • ဒဲနစ္စ ခရစ်တန်ဆန်

    ဒဲနစ္စ ခရစ္စတန်ဆန်၊ အသက် ၄၅ နှစ်၊ အိုရွိုလ်မြို့။ ၂၀၁၇၊ မေ ၂၅ ရက်နေ့မှာ အဖမ်းခံရပြီး ၂၀၁၈၊ ဩဂုတ် ၁ ရက်နေ့အထိ ချုပ်နှောင်ဖို့ အမိန့်ချထားတယ်။

  • ဗယ်လင်တင်း အိုစက်ချုခ်

    အသက် ၄၂ နှစ်၊ ဗလာဒီဗိုစတော့ခ်မြို့။ ၂၀၁၈၊ ဧပြီ ၁၉ ရက်နေ့မှာ အဖမ်းခံရပြီး ၂၀၁၈၊ ဇွန် ၂၀ ရက်နေ့အထိ ချုပ်နှောင်ဖို့ အမိန့်ချထားတယ်။

  • ဗစ်တာ ထရိုဖီမို့

    အသက် ၆၁ နှစ်၊ ပေါ်ယာနီမြို့။ ၂၀၁၈၊ ဧပြီ ၁၈ ရက်နေ့မှာ အဖမ်းခံရပြီး ၂၀၁၈၊ အောက်တိုဘာ ၁၁ ရက်နေ့အထိ ချုပ်နှောင်ဖို့ အမိန့်ချထားတယ်။

  • ရိုမန် မာကင်

    အသက် ၄၄ နှစ်၊ ပေါ်ယာနီမြို့။ ၂၀၁၈၊ ဧပြီ ၁၈ ရက်နေ့မှာ အဖမ်းခံရပြီး ၂၀၁၈၊ အောက်တိုဘာ ၁၁ ရက်နေ့အထိ ချုပ်နှောင်ဖို့ အမိန့်ချထားတယ်။

  • အနာတိုလီ ဗီလစ်ကေဗစ်

    အသက် ၃၁ နှစ်၊ အူဖာမြို့။ ၂၀၁၈၊ ဧပြီ ၁၀ ရက်နေ့မှာ အဖမ်းခံရပြီး ၂၀၁၈၊ ဇူလိုင် ၂ ရက်နေ့အထိ ချုပ်နှောင်ဖို့ အမိန့်ချထားတယ်။

a အသေးစိတ်သိချင်ရင် jw.org/my သတင်းကဏ္ဍမှာပါတဲ့ “ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေကို အကြမ်းဖက်ကင်ပိန်း စတင်” ဆောင်းပါးကို ကြည့်ပါ။