မာတိကာဆီ ကျော်သွား

စိန့်​ပီတာစဘတ် မြို့မှာ​ရှိတဲ့ ကို​လို​မြာ​ဇ​ကီ​ယာ စည်းဝေးပွဲ​ခန်းမ

ဒီဇင်ဘာ ၂၅၊ ၂၀၁၇
ရုရှား

ရုရှား​အာဏာပိုင်တွေ ယေဟောဝါသက်သေများရဲ့ စည်းဝေးပွဲ​ခန်းမ​ကို သိမ်းယူ

ရုရှား​အာဏာပိုင်တွေ ယေဟောဝါသက်သေများရဲ့ စည်းဝေးပွဲ​ခန်းမ​ကို သိမ်းယူ

၂၀၁၇၊ ဒီဇင်ဘာ ၁၄ ရက်​နေ့မှာ ရုရှား​အာဏာပိုင်တွေ​ဟာ စိန့်​ပီတာစဘတ်​မြို့မှာ​ရှိတဲ့ ယေဟောဝါသက်သေများရဲ့ ကို​လို​မြာ​ဇ​ကီ​ယာ စည်းဝေးပွဲ​ခန်းမ​ကို ဝင်ရောက်​စီးနင်း၊ အဆောက်အအုံ​ကို အစောင့်အကြပ်​တွေ ဝန်းရံ​ပိတ်ဆို့​ပြီး သိမ်း​လိုက်ကြတယ်။ ဝင်ရောက်​စီးနင်း​ချိန်မှာ ယေဟောဝါ​သက်သေ​တစ်ယောက်မှ ထိခိုက်​ဒဏ်ရာ​ရတာ မရှိပါဘူး။ အဆောက်အအုံ​လည်း ထိခိုက်​ပျက်စီး​ပုံ မရဘူး။

ရုရှား​အာဏာပိုင်တွေ ဝင်ရောက်​စီးနင်း​ပုံကို လုံခြုံရေး ကင်မရာ​ကနေ တွေ့မြင်​ရ​ပုံ

ရုရှား​ဖယ်​ဒ​ရေး​ရှင်း အယူခံ​တရားရုံးချုပ် ဆုံးဖြတ်ချက် ချ​တဲ့ ၂၀၁၇၊ ဇူလိုင် ၁၇ ရက်​က​စပြီး ယေဟောဝါသက်သေတွေ​ဆီကနေ ရုရှား​အာဏာပိုင်တွေ သိမ်းယူ​တဲ့ အဆောက်အအုံ​တွေ​ထဲမှာ စည်းဝေးပွဲ​ခန်းမဟာ အကြီးဆုံး အဆောက်အအုံ ဖြစ်တယ်။ တရားရုံးချုပ်က ရုရှား​နိုင်ငံတစ်ဝန်း​က ယေဟောဝါသက်သေများရဲ့ တရားဝင် အဖွဲ့အစည်း​အားလုံး ဖျက်သိမ်း​ကြောင်း၊ သူတို့ရဲ့​လုပ်ငန်းကို ပိတ်ပင်​ကြောင်း၊ ပိုင်ဆိုင်မှု​အားလုံးကို သိမ်းယူ​မှာ​ဖြစ်ကြောင်း စီရင်​ဆုံးဖြတ်ခဲ့တယ်။

စည်းဝေးပွဲ​ခန်းမ​အတွင်းရှိ အရာရှိများ

ထိုင်ခုံ ၁,၅၀၀ ဆံ့တဲ့ စည်းဝေးပွဲ​ခန်းမ​ကို ၂၀၀၂ ခုနှစ်မှာ အကြီးစား ပြုပြင်​ပြီးနောက်ပိုင်း ဝတ်ပြု​စည်းဝေးပွဲ​တွေ​အတွက်သာ​မ​က ဒေသခံ​အသင်းတော်​တွေ​ပါ အသုံးပြုကြတယ်။ စည်းဝေးပွဲ​ခန်းမ​ကို ရုရှား​ဖယ်​ဒ​ရေး​ရှင်း အမည်​ပေါက်​ရအောင် အာဏာပိုင်တွေ လုပ်ဆောင်ခဲ့ကြောင်း ယေဟောဝါသက်သေတွေရဲ့ ရှေ့နေ​တွေ သိလိုက်​ရတယ်။ အဆောက်အအုံ​ကို အနီး​နားက ကျန်းမာရေးဌာန​ဆီ လွှဲ​ပေးတဲ့​အတွက် အခု ဝင်ပေါက်​မှာ အဲဒီ​ဌာန​ရဲ့​ဆိုင်းဘုတ် တပ်​ထားတယ်။

စိန့်​ပီတာစဘတ်​မြို့အနီး​မှာ​ရှိတဲ့ ယေဟောဝါသက်သေများရဲ့ ဌာနချုပ်​ရုံး အဆောက်အအုံ​ကို သိမ်းယူ​မှာ​ဖြစ်ကြောင်း တရားရုံး​ဆုံးဖြတ်ချက် မချခင် တစ်ပတ်​အလိုမှာ သိမ်းယူ​လိုက်တာ ဖြစ်တယ်။ ယေဟောဝါသက်သေများရဲ့ ရုရှား​ဌာနချုပ်​က ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာ​နဲ့ ဝေစာ​အသင်း​ကို ပိုင်ဆိုင်မှု လွှဲအပ်​ထားတဲ့ ၁၇ နှစ် သက်တမ်း​ရှိ စာချုပ်​ကို တရားရုံး​က ပယ်ဖျက်​ခဲ့တယ်။ အယူခံ​တရားရုံး​က​သာ အတည်ပြု​ပေးခဲ့ရင် ရုရှား​အာဏာပိုင်တွေ​အနေနဲ့ ယေဟောဝါသက်သေများရဲ့ နိုင်ငံခြားသား​ပိုင် အဆောက်အအုံတွေကို သိမ်းယူ​ဖို့ လမ်းပွင့်​သွားမယ်။

ယေဟောဝါ​သက်သေတွေကို ဘာသာရေး​လွတ်လပ်ခွင့် မပေး​ရုံ​သာမက သူတို့​ပိုင်ဆိုင်တဲ့ အဆောက်အအုံတွေကို​ပါ သိမ်းယူ​လာတဲ့​အတွက် ရုရှား​အစိုးရရဲ့ လုပ်ရပ်တွေဟာ လုံးလုံးလျားလျား ဘာသာရေး​အမြင်​ကျဉ်း​မှု​လို့ ယေဟောဝါသက်သေတွေ ယူဆ​ပါတယ်။ အဆောက်အအုံ အတော်များများဟာ ဆင်းရဲတဲ့ ရုရှား​နိုင်ငံသားတွေ ဝယ်ယူ​ပြီး ပြန်လည်​ပြုပြင်​ထားတဲ့ အဆောက်အအုံ​တွေ ဖြစ်တယ်။ အစိုးရရဲ့ လုပ်ရပ်တွေကို အယူခံဝင်​ဖို့ ယေဟောဝါသက်သေတွေ အတတ်နိုင်ဆုံး ကြိုးစား​နေကြတယ်။ လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ​တရားရုံး​နဲ့ ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီ​ဆီ​ကိုလည်း တိုင်​ချက်​ဖွင့်​ထားပါ​တယ်။