မာတိကာဆီ ကျော်သွား

မေ ၂၉၊ ၂၀၁၇
ရုရှား

ရုရှား​ရဲတပ်ဖွဲ့​က အို​ရွိုလ်​မြို့က ဝတ်ပြု​စည်းဝေး​တစ်ခုကို ဝင်ရောက်​စီးနင်း​ပြီး ဒိန်းမတ်​နိုင်ငံသား တစ်ယောက်ကို ထိန်းသိမ်း​ထား

ရုရှား​ရဲတပ်ဖွဲ့​က အို​ရွိုလ်​မြို့က ဝတ်ပြု​စည်းဝေး​တစ်ခုကို ဝင်ရောက်​စီးနင်း​ပြီး ဒိန်းမတ်​နိုင်ငံသား တစ်ယောက်ကို ထိန်းသိမ်း​ထား

၂၀၁၇၊ မေ ၂၅ ရက်မှာ လက်နက်ကိုင် ရဲအရာရှိ​တွေ​နဲ့ ဖယ်ဒရယ် လုံခြုံရေး​ဌာန (FSB) အဖွဲ့သား​တွေဟာ ရုရှား​နိုင်ငံ၊ အို​ရွိုလ်​မြို့က ယေဟောဝါသက်သေတွေရဲ့ ပတ်စဉ် အစည်းအဝေး​တစ်ခုကို ဝင်ရောက်​ခဲ့​ပြီး အစွန်းရောက် အဖွဲ့အစည်း​တစ်ခု ဥပဒေ ချိုးဖောက်​နေကြတယ် ဆိုပြီး အာဏာပိုင်တွေ စွဲချက်​တင် အမှု​ဖွင့်​ခဲ့တယ်။ ၂၀၁၆၊ ဇွန် ၁၄ ရက်​က​လည်း အို​ရွိုလ် ဒေသန္တရ ဘာသာရေး အဖွဲ့အစည်း (LRO) ကို အစိုးရက အစွန်းရောက်​အဖွဲ့​အဖြစ် သတ်မှတ်ပြီး ပိတ်ပင်​ခဲ့တယ်။ အဲဒီအပြင် အာဏာပိုင်တွေ​က ဘာသာရေး အစည်းအဝေး​ကို တက်ရောက်သူ​အားလုံးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်​တွေ ရေးမှတ်​ပြီး သူတို့ရဲ့ ကိုယ်ပိုင် အီလက်ထရောနစ် ပစ္စည်းတွေကို သိမ်းယူ​ကြတယ်။ ပြီးတော့ အို​ရွိုလ်​မြို့က ယေဟောဝါသက်သေတွေရဲ့ အိမ်တွေကို ဝင်ရောက်​ရှာဖွေခဲ့​ကြတယ်။

အာဏာပိုင်တွေ​ဟာ အို​ရွိုလ် အသင်းတော်က အမျိုးသားတွေကို FSB ရုံး​ကို ခေါ်သွားတယ်။ အသင်းတော် အကြီးအကဲ​တစ်ယောက် ဖြစ်တဲ့ ဒိန်းမတ်​နိုင်ငံသား ဒဲနစ္စ ခရစ်​တန်​ဆန်​ကို ဖမ်းဆီး​ပြီး သူ့ကို အမှု​မ​စစ်​ခင် အချုပ်ချ​ထားဖို့ အစိုးရ​ရှေ့နေ​က ဆို​ဗက်​စ​ကီး ခရိုင်​တရားရုံး​ကို အရေးတကြီး တောင်းဆိုတယ်။ FSB ရုံး​က အမှု​ဖွင့်​နိုင်ဖို့​နဲ့ သက်သေ​တွေ စုဆောင်း​နိုင်ဖို့ ဖြစ်တယ်။ တရားသူကြီး ဆ​ဗစ်​လာ​နာ နာ​အွမ်မိုဗာ က ခွင့်ပြု​လိုက်ပြီး မစ္စတာ ခရစ်​တန်​ဆန်​ကို အမှု​မ​စစ်​ခင် နှစ်လ ချုပ်​ထားဖို့ အမိန့်ချ​တယ်။ ဒီ​က​နေ့ အဲဒီ​အမိန့်​ကို ကန့်ကွက်​ချက် တင်​ပါလိမ့်မယ်။ မစ္စတာ ခရစ်​တန်​ဆန်​ဟာ ပြစ်ဒဏ်​ခံရမယ်ဆို​ရင် ပြစ်မှု​ကျင့်ထုံး ဥပဒေ​ရဲ့ အပိုဒ် ၂၈၂.၂ အပိုင်း ၁ အရ ခြောက်​နှစ်​ကနေ ဆယ်နှစ်​အထိ ထောင်ကျ​မှာ ဖြစ်တယ်။

ယေဟောဝါသက်သေတွေရဲ့ အို​ရွိုလ်​အသင်းတော် အတူတကွ စည်းဝေး​ဝတ်ပြု​တာ​ကို ရုရှား​အာဏာပိုင်တွေ​က တရားမဝင်​ဘူးလို့ သတ်မှတ်တယ်။ သူတို့ရဲ့ လုပ်ရပ်က ဒေသန္တရ ဘာသာရေး အဖွဲ့အစည်း (LRO) ကို ဖျက်သိမ်း​ဖို့​လောက်​ပဲ မဟုတ်ဘဲ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှု​ကို ဖျက်သိမ်း​ဖို့​အထိ ရည်ရွယ်​တာ ဖြစ်တယ်။ ဒါဟာ တော့​ဂ​န်ရော့စ်​မြို့က ယေဟောဝါသက်သေတွေရဲ့ အတွေ့အကြုံ​နဲ့ အတူတူ​ပါပဲ။ အဲဒီမြို့မှာ အာဏာပိုင်တွေ​က ဦးဆုံး သက်သေခံတွေရဲ့ ဒေသန္တရ ဘာသာရေး အဖွဲ့အစည်း​ကို ဖျက်သိမ်း​ခဲ့တယ်။ အဲဒီနောက် အေးအေးဆေးဆေး ဆက်​ဝတ်ပြု​စည်းဝေး​ကြ​တဲ့ ယေဟောဝါ​သက်သေ ၁၆ ယောက်​ကို အစွန်းရောက်သူ​တွေ​ဆိုပြီး ပြစ်ဒဏ်ပေး တရားစွဲ​ခဲ့တယ်။ ၂၀၁၅၊ နိုဝင်ဘာ​မှာ အဲဒီ ၁၆ ယောက်​စ​လုံး​ကို စီရင်ချက်ချ​ခဲ့ပေမဲ့ သူတို့ရဲ့ ပြစ်ဒဏ်​နဲ့ ဒဏ်ငွေ​ကိစ္စ​ကို ရွှေ့ဆိုင်း​ထားတယ်။ အခု သူတို့ရဲ့ အမှုကို လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ တရားရုံး​က သုံးသပ်​နေပါတယ်။