မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်စန်ဒါ ဘောန်ဒါချု့ခ်နဲ့ ဇနီး အယ်လီနာ (ဘယ်)၊ ဆာဂေ ယဗာရှကင်နဲ့ ဇနီး တာတယာနာ (ညာ)

ဧပြီ ၂၊ ၂၀၂၁
ရုရှား

လနဲ့ချီ နေအိမ်အကျယ်ချုပ်ကျပြီးနောက် ညီအစ်ကို အလက်စန်ဒါ ဘောန်ဒါချု့ခ်နဲ့ ဆာဂေ ယဗာရှကင်တို့ ပြစ်ဒဏ်စီရင်ခံရဖွယ်ရှိ

လနဲ့ချီ နေအိမ်အကျယ်ချုပ်ကျပြီးနောက် ညီအစ်ကို အလက်စန်ဒါ ဘောန်ဒါချု့ခ်နဲ့ ဆာဂေ ယဗာရှကင်တို့ ပြစ်ဒဏ်စီရင်ခံရဖွယ်ရှိ

နောက်ဆုံးအချက်အလက် | ရုရှား တရားရုံးက အယူခံ ပယ်ချ

၂၀၂၂၊ ဖေဖော်ဝါရီ ၁၆ မှာ ကင်မရိုဗိုဒေသ တရားရုံးက ညီအစ်ကို အလက်စန်ဒါ ဘောန်ဒါချု့ခ်နဲ့ ဆာဂေ ယဗာရှကင်တို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ လောလောဆယ် သူတို့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

၂၀၂၁၊ ဇွန် ၂၂ မှာ ကင်မရိုဗိုဒေသ၊ စဗေါ့စကွိုင် ခရိုင်တရားရုံးက ညီအစ်ကို အလက်စန်ဒါ ဘောန်ဒါချု့ခ်နဲ့ ဆာဂေ ယဗာရှကင်တို့ကို ဆိုင်းငံ့ ထောင်ဒဏ် လေးနှစ် စီရင်ချက် ချပါတယ်။

ကိုယ်ရေးအကျဉ်း

အလက်စန်ဒါ ဘောန်ဒါချု့ခ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၄ (တော့ပ်ကီ၊ ကင်မရိုဗိုဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ၁၉ နှစ်သားအရွယ်မှာ ဖခင် ဆုံးသွားတယ်။ ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ပစ္စည်းတွေ ကိုင်တွယ်မောင်းနှင်တတ်ဖို့ သင်ယူတယ်။ လက်သမား သင်တန်းလည်း တက်တယ်။ လေမှုတ်ဖိုတွေ ပြုပြင်တဲ့အလုပ် လုပ်တယ်။ ငါးမျှားတာ၊ နှင်းလျှောစီးတာ၊ စက်ဘီးစီးတာ၊ ပြေးတာ ဝါသနာပါတယ်

  • ၁၉၉၂ မှာ အယ်လီနာနဲ့ လက်ထပ်တယ်။ အယ်လီနာက အရင်ဆုံး ကျမ်းစာလေ့လာပြီး ယေဟောဝါသက်သေ ဖြစ်လာတယ်။ ကျမ်းစာမူတွေကို လိုက်နာတဲ့အတွက် သူတို့အိမ်ထောင် တည်မြဲနေပါတယ်။ သားနှစ်ယောက် ရှိတယ်။

ဆာဂေ ယဗာရှကင်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၀ (ရုဘ်ဆော့ခ်၊ အယ်တိုင်းဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ နှစ်အတော်ကြာကြာ ဝရိန်ဆရာ လုပ်ခဲ့တယ်။ လောလောဆယ်တော့ သော့ပြင်တဲ့အလုပ် လုပ်တယ်။ ငယ်ငယ်ကတည်းက ဂစ်တာတီးတာ၊ အားကစားဘက်မှာ ဝါသနာပါတယ်

  • ၁၉၉၀ မှာ တာတယာနာနဲ့ လက်ထပ်တယ်။ လက်ထပ်ပြီး မကြာခင် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတယ်။ ကျမ်းစာဟာ ရှေးကျတဲ့ စာအုပ် ဖြစ်လျက်နဲ့ အခုချိန်ထိ လက်တွေ့ကျနေဆဲ ဖြစ်လို့ သိပ်သဘောကျသွားတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ ဇူလိုင် ၂၂၊ မနက် ၆ နာရီမှာ ရဲတွေက ညီအစ်ကို အလက်စန်ဒါ ဘောန်ဒါချု့ခ်နဲ့ ဆာဂေ ယဗာရှကင်တို့ရဲ့ တိုက်ခန်းတွေကို ဒုတိယအကြိမ် ဝင်စီးကြတယ်။ ဒီတစ်ကြိမ်မှာတော့ ညီအစ်ကိုတွေကို ဖမ်းဆီးပြီး ဇနီးတွေကို စစ်ဆေးမေးမြန်းကြတယ်။ အီလက်ထရောနစ် ပစ္စည်းတွေကိုလည်း သိမ်းယူသွားကြတယ်။

ညီအစ်ကို အလက်စန်ဒါနဲ့ ဆာဂေကို နှစ်ရက် ချုပ်ထားတယ်။ ကင်မရိုဗိုဒေသ ဗဟိုတရားရုံးက နေအိမ်အကျယ်ချုပ် နှစ်လ ပြစ်ဒဏ်ချမှတ်ပြီး ခြောက်ကြိမ် သက်တမ်းတိုးတယ်။

အကျယ်ချုပ်ကျချိန်မှာ ညီအစ်ကို နှစ်ယောက်စလုံး အိမ်ကနေ မီတာ ၃၀၀ ကျော်ပြီး သွားလာခွင့် မရှိဘူး။ ဒါကြောင့် အလုပ် မသွားနိုင်ကြဘူး။ ဒါပေမဲ့ ရာဇဝတ်မှုနဲ့ စွဲချက်တင် မခံရခင်ကတည်းက အိမ်နီးချင်းတွေ၊ အလုပ်ဖော်တွေကြားမှာ နာမည်ကောင်း ရထားသူတွေပါ။ ဒါကြောင့် အလုပ်ရှင်တွေက ညီအစ်ကိုတွေရဲ့ ကန့်သတ်ချက်ကို ဖြေလျှော့ပေးဖို့ ရဲအရာရှိကို တောင်းဆိုကြတယ်။ ဒါပေမဲ့ ခွင့်မပြုဘူး။

ယေဟောဝါ ကူညီပေးတာကို အလက်စန်ဒါတို့ မိသားစု အကြိမ်ကြိမ် ကြုံတွေ့ခံစားရတယ်။ အလုပ် မသွားနိုင်၊ ဘဏ်အကောင့်တွေလည်း အပိတ်ခံထားရလို့ ငွေအကျပ်အတည်း ကြုံရတယ်။ “ဒီစမ်းသပ်မှုကြောင့် ယေဟောဝါကို အရင်ကထက် ပိုယုံကြည်အားကိုးလာတယ်။ ဘုရား ကူညီပေးတာတွေကို အရင်က သိပ်သတိမထားမိသလိုပဲ၊ အခုတော့ နေ့စဉ်ရက်ဆက် အချိန်တိုင်း ကူညီပေးနေမှန်း သတိထားမိတယ်။ ဘုရားရဲ့ မေတ္တာနဲ့ ကူညီမစမှုကို ကျွန်တော်တို့မိသားစု မပြတ်တမ်း ခံစားနေရတယ်” လို့ အလက်စန်ဒါ ပြောပြတယ်။

ရာဇဝတ်မှုနဲ့ အမှုဖွင့်ခံရတဲ့အတွက် ညီအစ်ကို ဆာဂေလည်း စိုးရိမ်သောက ဖိစီးလာတယ်။ ဒါကြောင့် လေဖြန်းသွားတယ်။ ကျန်းမာရေး ထိခိုက်သွားပေမဲ့ အပြုသဘော ဆက်ရှိနေပါတယ်။ “ဖြစ်လာသမျှကို ခံရပ်ဖို့ဆိုတာ အမြဲတော့ မလွယ်ဘူးပေါ့။ ဒါပေမဲ့ ခဏတာ ကြုံရတဲ့ အသေးအမွှား ဒုက္ခပြဿနာပဲဆိုတာ နားလည်ထားဖို့ လိုတယ်” လို့ ပြောတယ်။

“သခင့်အတွက် ခင်ဗျားတို့ ကြိုးစားအားထုတ်နေတာတွေ အချည်းနှီး မဖြစ်” ဘူးဆိုတဲ့ ၁ ကောရိန္သု ၁၅:၅၈ ပါ ကျမ်းစကားတွေက ဆာဂေကို အားရှိစေတယ်။ “ယေဟောဝါက အားလုံးကို မမေ့ဘူး၊ ကျွန်တော်တို့ရဲ့ ကောင်းတဲ့ လုပ်ရပ်တွေကို အမြဲ သတိရမှာပါ” လို့ ပြောတယ်။

နှိပ်စက်ညှဉ်းပန်းမှုကို နှစ်နဲ့ချီ စိတ်ရှည်ရှည် ခံရပ်နေကြတဲ့ ရုရှားက ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ “ယေဟောဝါက မိမိကို ကြောက်ရွံ့ရိုသေသူတွေ၊ ခိုင်မြဲတဲ့ မေတ္တာတော် မျှော်ကိုးသူတွေကို နှစ်သက်တယ်” ဆိုတဲ့ ကျမ်းစကားကနေ နှစ်သိမ့်မှုနဲ့ ခွန်အား ဆက်ရယူနိုင်ကြပါစေ။—ဆာလံ ၁၄၇:၁၁