မာတိကာဆီ ကျော်သွား

ဘယ်မှ ညာသို့။ ညီအစ်ကို ဗစ်တာ ဘာချူးရင်၊ အလက်ဇန်ဒါ ခေါစထရို့၊ အာတူရ် နဲထရီဘာ

ဧပြီ ၂၇၊ ၂၀၂၁
ရုရှား

လီပက်စ်ခ်ဒေသက ညီအစ်ကို သုံးဦး ယုံကြည်ချက်ကြောင့် ၃၃၁ ရက် အကျဉ်းကျပြီးနောက် အမှုရင်ဆိုင်နေရ

လီပက်စ်ခ်ဒေသက ညီအစ်ကို သုံးဦး ယုံကြည်ချက်ကြောင့် ၃၃၁ ရက် အကျဉ်းကျပြီးနောက် အမှုရင်ဆိုင်နေရ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၂၊ ဇန်နဝါရီ ၂၀ မှာ လီပက်စ်ခ်ဒေသ ခရိုင်တရားရုံးက ညီအစ်ကို ဗစ်တာ ဘာချူးရင်၊ အလက်ဇန်ဒါ ခေါစထရို့၊ အာတူရ် နဲထရီဘာတို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ အခု ဒဏ်ငွေ ပေးဆောင်ရတော့မှာ ဖြစ်တယ်။

၂၀၂၁၊ နိုဝင်ဘာ ၂၄ မှာ လီပက်စ်ခ်ဒေသ ဆိုဗက်စကီး ခရိုင်တရားရုံးက ဗစ်တာ၊ အလက်ဇန်ဒါ၊ အာတူရ်တို့ကို ရူဘယ် ၅၀၀,၀၀၀ (ယူအက်စ်ဒေါ်လာ ၆,၇၀၀) ဒဏ်ငွေ တပ်လိုက်ပါတယ်။ အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးခံရတဲ့ ကာလအတွက် လျှော့ပေါ့ပြီး ရူဘယ် ၃၀၀,၀၀၀ (ယူအက်စ်ဒေါ်လာ ၄,၀၀၀) ပဲ ပေးဖို့ သတ်မှတ်လိုက်တယ်။ ဒီတစ်ကြိမ် သူတို့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

ကိုယ်ရေးအကျဉ်း

ဗစ်တာ ဘာချူးရင်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၂ (ပါဗိုစကီ ပတ်စပ်၊ မော်စကိုဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ သားသမီး နှစ်ယောက်၊ မြေးတစ်ယောက် ရှိတယ်။ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတယ်။ ၁၉၉၂ မှာ နှစ်ခြင်းခံတယ်။ လောလောဆယ် မိသားစုထဲမှာ တစ်ဦးတည်းသော သက်သေခံပါ။

အလက်ဇန်ဒါ ခေါစထရို့

  • မွေးဖွားတဲ့နှစ်။ ၁၉၆၁ (စိုးရ်တာဗာလာ၊ ကာရဲလိယာ သမ္မတနိုင်ငံ)

  • ဘဝအတ္ထုပ္ပတ္တိ။ လေယာဉ်မောင်းသူ၊ ဝရိန်ဆရာ၊ လျှပ်စစ်ပြင်သူ စတဲ့အလုပ်တွေ လုပ်တယ်။ ၁၉၉၇ ခုနှစ်မှာ လာရီဆာနဲ့ လက်ထပ်တယ်။ သားသမီး နှစ်ယောက် ရှိတယ်။ ပင်စင်ယူပြီးနောက် ငါးမျှားထွက်ရတာ ကြိုက်တယ်။ ကျမ်းစာသွန်သင်ချက်တွေ လိုက်နာလို့ ဘဝတိုးတက်ကောင်းမွန်လာမှန်း သတိပြုမိတဲ့အတွက် ၂၀၀၂ ခုနှစ်မှာ နှစ်ခြင်းခံတယ်။

အာတူရ် နဲထရီဘာ

  • မွေးဖွားတဲ့နှစ်။ ၁၉၇၈ (ဂလိုဒေနီ၊ မော်လ်ဒိုဗာ)

  • ဘဝအတ္ထုပ္ပတ္တိ။ ၁၉၉၅ ခုနှစ်မှာ စဗက်လာနာနဲ့ လက်ထပ်တယ်။ သမီးတစ်ယောက် ရှိတယ်။ အလုပ်ရှာဖို့ လီပက်စ်ခ်ဒေသကို ပြောင်းရွှေ့တယ်။ အရောင်းမန်နေဂျာတစ်ဦးပါ။ ကျမ်းစာမူတွေကို လိုက်နာတာက ဘဝအဓိပ္ပာယ် ရှိစေမှန်း ယုံကြည်လာပြီး ၂၀၀၀ ပြည့်နှစ်မှာ နှစ်ခြင်းခံတယ်။

အမှုနောက်ကြောင်း

လီပက်စ်ခ်ဒေသ အာဏာပိုင်တွေက ၂၀၁၉၊ ဒီဇင်ဘာ ၂ မှာ ယေဟောဝါသက်သေနေအိမ် ခုနစ်လုံးကို ဝင်ရောက်စီးနင်းတယ်။ ညီအစ်ကို ဗစ်တာ ဘာချူးရင်၊ အလက်ဇန်ဒါ ခေါစထရို့၊ အာတူရ် နဲထရီဘာတို့ အဖမ်းခံရတယ်။ ဝတ်ပြုစည်းဝေးခြင်း၊ ဘာသာရေး လုပ်ဆောင်မှုတွေမှာ ပါဝင်ခြင်းက “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန့်ကျင်တဲ့ ပြစ်မှုကြီး” ကျူးလွန်ခြင်း ဖြစ်တယ်ဆိုပြီး ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) က စွဲချက်တင်တယ်။ ညီအစ်ကိုတွေကို အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ၃၃၁ ရက် ချုပ်ထားကြတယ်။

အကျဉ်းကျချိန်မှာ ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်လို့ အလက်ဇန်ဒါ ခံစားရတယ်။ “စမ်းသပ်မှု ကြုံရချိန်မှာ ယေဟောဝါဆီက ကူညီထောက်မမှု အများကြီး ရခဲ့တယ်” လို့ သူ ပြောပြတယ်။

ညီအစ်ကို အာတူရ်က “ဆက်ပျော်ရွှင်ဖို့၊ အကောင်းမြင်စိတ် ဆက်ရှိနေဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ အခု ခံနေရတဲ့ ဒုက္ခတွေက ခဏပါ၊ နာကျင်ခံစားရတာတွေကို အဖဘုရား ပြန်ကုစားပေးမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ ဘယ်နေရာပဲ ရောက်ရောက် ယေဟောဝါဘုရားအကြောင်း လူတွေကို ပြောပြနိုင်တယ်” လို့ ပြောတယ်။

ညီအစ်ကို ဗစ်တာက “အခုလို ခံရပ်နေချိန်မှာ ယေဟောဝါဟာ ကျွန်တော့်ရဲ့ မိတ်ဆွေစစ် ဖြစ်မှန်း သိသာလာတယ်။ ယေဟောဝါရဲ့ မေတ္တာကို ခံစားနေရပါတယ်” လို့ ပြောပြတယ်။

ဗစ်တာ အကျဉ်းကျနေတုန်း သက်သေခံ မဟုတ်တဲ့ ဇနီးကို ညီအစ်ကို/မတွေ ကူညီပေးခဲ့ကြလို့ သိပ်ကျေးဇူးတင်တယ်။ “ညီအစ်မတချို့ ဂရုတစိုက် ဖေးမကြတာကို ကျွန်တော့်ဇနီး သဘောကျနေတာ။ ယေဟောဝါရဲ့ လူမျိုး အချင်းချင်း ချစ်တာကို ကြည့်ပြီး မိသားစုဝင်တွေ သက်သေခံ ဖြစ်လာကြမယ်လို့ ကျွန်တော် ယုံတယ်” ဆိုပြီး ပြောတယ်။

ရုရှားနဲ့ တခြားနိုင်ငံတွေမှာ နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ဆက်နှစ်သိမ့်ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။—ဟေရှာယ ၅၁:၁၂