မာတိကာဆီ ကျော်သွား

ဇွန် ၈၊ ၂၀၁၇
ရုရှား

သမ္မတ​ပူ​တင်​က ယေဟောဝါ​သက်သေတွေကို မိဘ​ဂုဏ်ရည်​ဆု ချီးမြှင့်

သမ္မတ​ပူ​တင်​က ယေဟောဝါ​သက်သေတွေကို မိဘ​ဂုဏ်ရည်​ဆု ချီးမြှင့်

နယူးယောက်။ မော်​စ​ကို​မြို့၊ က​ရင်​မ​လင်​မှာ ၂၀၁၇၊ မေလ ၃၁ ရက်​နေ့​က ကျင်းပတဲ့ အခမ်းအနား​တစ်ခုမှာ ကာ​ရဲလီ​ယာ​ပြည်နယ်​က သားသမီး​ရှစ်ဦး​ကို ပြုစု​ပျိုးထောင်​တဲ့ ယေဟောဝါ​သက်သေ မိဘ​နှစ်ပါး ဗလာရီ​နဲ့ တာ​တီ​ယာ​နာ နို​ဗစ်​တို့ကို ရုရှား​သမ္မတ ပူ​တင်​က “မိဘ​ဂုဏ်ရည်​ဆု” ချီးမြှင့်​လိုက်ပါ​တယ်။

အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်​များ​နေ့ အကြို​ရက်​တုန်း​က က​ရင်​မ​လင်​မှာ ကျင်းပတဲ့ အခမ်းအနား။

“မိဘ​ဂုဏ်ရည်​ဆု” ချီးမြှင့်ခြင်း အစီအစဉ်ကို ၂၀၀၈၊ မေလ​မှာ သမ္မတ​အမိန့်နဲ့ စတင်​ခဲ့တာပါ။ ဒီ​ဂုဏ်ပြု​ဆုကို အနည်းဆုံး သားသမီး ခုနစ်ဦး ထွန်းကား​ပြီး မိသားစု​ကျန်းမာရေး၊ ပညာရေး၊ ကာယရေး၊ စိတ်ဓာတ်​ရေး၊ စာရိတ္တ​ရေး​မှာ ထူးခြား​ကောင်းမွန်​စွာ ဂရုတစိုက် စောင့်ရှောက်​ပေးတဲ့ မိဘတွေကို ရုရှား​က ချီးမြှင့်​လေ့​ရှိပါတယ်။ ဒီ​ဂုဏ်ပြု​ဆု​မျိုး ချီးမြှင့်​ခံရတဲ့ မိဘတွေကို မိသားစု​အဖွဲ့အစည်း ခိုင်မြဲ​စေတဲ့ စံပြ​တွေ​အဖြစ် သတ်မှတ်​ကြပါတယ်။

သမ္မတ​ပူ​တင် ချီးမြှင့်​တဲ့ “မိဘ​ဂုဏ်ရည်​ဆု” တံဆိပ်​ကို သားသမီး ရှစ်ဦး​ရဲ့ ဖခင် ဗလာရီ နို​ဗစ် လက်ခံရ​ယူ​နေစဉ်။

ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့​ဌာနချုပ်​က ပြောရေးဆိုခွင့်​ရှိသူ ဒေးဗစ် ဆီ​မို​နီ​ယန်​က ဒီလို​ပြောတယ်- “ယေဟောဝါသက်သေတွေရဲ့ အခမဲ့ ကျမ်းစာ​ပညာရေး​ဟာ ရုရှား​တစ်နိုင်ငံ​တည်း​မှာ​သာ မဟုတ်ဘဲ ကမ္ဘာ​တစ်ဝန်း​က မိဘတွေ၊ သားသမီးတွေကို အထောက်အကူ​ပြု​နေကြောင်း အသိအမှတ်ပြု​ပေးတဲ့​ဆု​အဖြစ် ကျွန်တော်တို့ ရှုမြင်ပါ​တယ်။ ရုရှား​နိုင်ငံက ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေး​ဌာန​ကို ဖျက်သိမ်း​ဖို့ ဆုံးဖြတ်ချက်ကို လာမယ့် ၂၀၁၇၊ ဇူလိုင် ၁၇ မှာ ပြန်လည်​သုံးသပ်​တဲ့အခါ သမ္မတ​ပူ​တင် ချီးမြှင့်​တဲ့ ဒီ​ဆုကို ရုရှား​တရားရုံးချုပ်​အနေနဲ့ ထည့်သွင်း​စဉ်းစား​ပေးမယ်လို့ မျှော်လင့်​ပါတယ်။”

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000