မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၂၀၊ ၂၀၁၇
ရုရှား

ကမ္ဘာသစ်​ဘာသာပြန်ကျမ်း​ကို ရုရှား ပိတ်ပင်​ထား

ကမ္ဘာသစ်​ဘာသာပြန်ကျမ်း​ကို ရုရှား ပိတ်ပင်​ထား

ဗိုင်​ဘော့​မြို့နယ်​တရားရုံး​က ရုရှား​ဘာသာစကားနဲ့ ကမ္ဘာသစ်​ဘာသာပြန်ကျမ်း (NWT) ကို အစွန်းရောက်​စာပေ​အဖြစ် ပိတ်ပင်​တဲ့ ဩဂုတ်​လ ဆုံးဖြတ်ချက် အယူခံဝင်​မှု​ကို လီနင်ဂရက် ဒေသန္တရ တရားရုံး​က ပယ်ချ​လိုက်ပါ​တယ်။ အမှု​ကြားနာချိန်​မှာ ဗြိတိန်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ အမေရိကန်​ပြည်ထောင်စု သံရုံး​က ကိုယ်စားလှယ်​တွေ​အပါအဝင် အ​ယောက် ၃၀ လောက် တက်ရောက်​ခဲ့တယ်။

တရားရုံး​က တာဝန်​ပေးထားတဲ့ ကျွမ်းကျင်သူ​အဖွဲ့က NWT ကို သမ္မာကျမ်းစာ မဟုတ်ဘူးလို့ သတ်မှတ်ပြီး “အစွန်းရောက်” စာပေ​အဖြစ် ကြေညာ​လိုက်ကြတယ်။ ကျွမ်းကျင်သူ​အဖွဲ့ဟာ ဘက်လိုက်​ကြောင်း၊ လေ့လာမှု​လုပ်ဖို့ အရည်အချင်း မပြည့်မီ​ကြောင်း အမှု​ကြားနာချိန်​အတွင်း ယေဟောဝါသက်သေတွေ အကြိမ်ကြိမ် ထောက်ပြခဲ့တယ်။

NWT မှာ သမ္မာကျမ်းစာ​လို့ အတိအလင်း ဖော်ပြ​မထားတဲ့​အတွက် အမည်ခံ ကျွမ်းကျင်သူ အဖွဲ့က သမ္မာကျမ်းစာ မဟုတ်ဘူးလို့​ပဲ အခိုင်အမာ ဆိုကြတယ်။ ၂၀၀၇ ခုနှစ်​ထုတ် ရုရှား​ဘာသာစကားနဲ့ NWT စာမျက်နှာ ငါး​မှာ “ဒီ​ကျမ်းဟာ သမ္မာကျမ်းစာကို ရုရှား​ဘာသာစကားနဲ့ ပြန်ဆို​ထားတဲ့ ဘာသာပြန်​ကျမ်းသစ် ဖြစ်ပါတယ်” လို့ ရှင်းရှင်းလင်းလင်း ဖော်ပြ​ထားကြောင်း ယေဟောဝါသက်သေတွေ ထောက်ပြ​ခဲ့​ကြတယ်။ ၂၈၇ ရက်​ကြာ လေ့လာ​ဆန်းစစ်ခဲ့​ကြ​တာ​တောင် NWT ကျမ်း​ဦး​စကား တတိယ​စာပိုဒ်​မှာပါတဲ့ အချက်ကို ကျွမ်းကျင်သူတွေ မမြင်​တာ​ကို ထောက်ပြ​ကြတယ်။

မေးခွန်း​မေးတဲ့အခါ ကျွမ်းကျင်သူ​အဖွဲ့ဝင် တစ်ယောက်က ဘာသာပြန်​ကျမ်းမှာ ပါ​တတ်တဲ့ “ဂိုဏ်းအုပ်​ဘုန်းတော်ကြီး ကောင်းချီး​မင်္ဂလာ​အားဖြင့်၊” ဒါမှမဟုတ် အလားတူ​စကားလုံး NWT ထဲမှာ မပါတဲ့​အတွက် NWT ကို ကျမ်းစာ မဟုတ်ဘူးလို့ ဆို​ရ​ကြောင်း ပြန်လည်​ချေပ​ခဲ့တယ်။ ဘုရား​နာမည် ယေဟောဝါ အသုံးပြုခြင်း​ကိုလည်း “ကျွမ်းကျင်သူတွေ” ကန့်ကွက်​ပြီး NWT ကျမ်းစာသား​တွေဟာ ဘုရားကျောင်း အယူဝါဒ​တချို့ကို မထောက်ခံ​ဘူးလို့ ဆိုကြတယ်။ NWT ကို ဘက်မလိုက် ကျွမ်းကျင်သူတွေ ပြန်လည်​ဆန်းစစ်​ပေးဖို့ ယေဟောဝါသက်သေတွေ တောင်းဆိုတာကို တရားသူကြီး​က ပယ်ချ​ခဲ့တယ်။

ဒီနေ့ အယူခံဝင်​မှု​ကို ပယ်ချ​လိုက်တဲ့​အတွက် ကျွန်တော်တို့ ညီအစ်ကို​တွေဟာ ရုရှား​တရား​ဥပဒေဘောင်​အတွင်း​ကနေ ကြိုးစား​လို့ မရ​နိုင်တော့ဘူး။ ဒါကြောင့် ဒီ​အမှုကို လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ​တရားရုံး​ကို တင်​ရတော့မယ်။

ဘုရားသခင့် တရား​စကား ပျောက်ပျက်​သွား​အောင်၊ တရား​စကား မ​ပျံ့နှံ့အောင် တားဆီး​ဖို့ ကြိုးစားတဲ့ လူ့​အဖွဲ့အစည်း​မှန်သမျှ အောင်မြင်​မှာ မဟုတ်ဘူးဆိုတာ ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါသက်သေတွေ ယုံကြည်​စိတ်ချ​ကြပါတယ်။​—ဟေရှာယ ၄၀:၈

Media Contact:

International: David A. Semonian, Office of Public Information, +1-845-524-3000