မာတိကာဆီ ကျော်သွား

ညီအစ်ကို အဲလ်ဘတ် ဘက်ချ်

မေ ၂၄၊ ၂၀၂၁
ရုရှား

အမှု ကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးခံရချိန်၊ နေအိမ်အကျယ်ချုပ် ကျနေချိန်မှာ ညီအစ်ကို အဲလ်ဘတ် ဘက်ချ် သမာဓိစောင့်ထိန်း

အမှု ကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးခံရချိန်၊ နေအိမ်အကျယ်ချုပ် ကျနေချိန်မှာ ညီအစ်ကို အဲလ်ဘတ် ဘက်ချ် သမာဓိစောင့်ထိန်း

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက ညီအစ်ကို အဲလ်ဘတ် ဘက်ချ်ကို အပြစ်ရှိကြောင်း စီရင်

၂၀၂၁၊ ဒီဇင်ဘာ ၆ မှာ ကရာချိရီဗို-ချီရကက်စ် သမ္မတနိုင်ငံ၊ ချီရကက်စ်မြို့ တရားရုံးက ညီအစ်ကို အဲလ်ဘတ် ဘတ်ချ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ် ချလိုက်ပါတယ်။ အခု၊ သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

ကိုယ်ရေးအကျဉ်း

အဲလ်ဘတ် ဘတ်ချ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၆ (ကရာချိဗက်)

  • ဘဝအတ္ထုပ္ပတ္တိ။ ညီမ သုံးယောက်၊ ညီတစ်ယောက် ရှိတယ်။ အမေ ဆုံးသွားပြီ။ သက်ကြီးရွယ်အို ဖခင်ကို ပြုစုစောင့်ရှောက်နေသူ၊ တပ်ကျောင်းထွက် ရှေ့နေ၊ ရာဇဝတ်မှု ထောက်လှမ်းရေး အရာရှိကြီး ဖြစ်တယ်

    ကျမ်းစာကို လေ့လာပြီးနောက် မှန်ကန်ကြောင်း ယုံကြည်တယ်။ ၂၀၀၄ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။ ၂၀၀၇ မှာ ဇန်နာနဲ့ လက်ထပ်တယ်။ လောလောဆယ် တံခါးတပ်ဆင်ရေးအလုပ် လုပ်တယ်။ ကျန်းမာရေး သိပ်မကောင်းလို့ အလုပ်ကြမ်း မလုပ်နိုင်ဘူး။ သူနဲ့ ဇန်နာ ကားမောင်းရတာ ကြိုက်တယ်။ တစ်ခါတလေ တောင်ပေါ် ခြေကျင် လျှောက်လည်ရတာ ကြိုက်တယ်

အမှုနောက်ကြောင်း

၂၀၁၉၊ ဒီဇင်ဘာ ၁၆ မှာ ချီယာကရာ့မြို့က အိမ်တွေကို FSB ရဲတွေ ဝင်ရောက်စီးနင်းတယ်။ ညီအစ်ကို အတော်များများ ဖမ်းဆီးခံရတယ်။

နောက်တစ်နေ့မှာ ညီအစ်ကို အဲလ်ဘတ်ကလွဲလို့ အကုန် ပြန်လွတ်လာတယ်။ အဲလ်ဘတ်ကိုတော့ အမိန့်အရ ၇၂ နာရီကြာ ယာယီထိန်းသိမ်းထားတယ်။ ယေဟောဝါကို ချီးမွမ်းသီချင်း ဆိုပြီး ဆုတောင်းဖို့ စီစဉ်မှုနဲ့ တရားစွဲကြတယ်။ ရာဇဝတ်မှုနဲ့ တရားစွဲခံရပြီးနောက် သူ့မိတ်ဆွေတွေ၊ အသိအကျွမ်းတွေလည်း အာဏာပိုင်တွေ စောင့်ကြည့်တာ ခံရတယ်လို့ ပြောကြတယ်။

“ယာယီ အချုပ်ခန်းထဲ ထည့်ပြီး သံတံခါးကြီးကို ပိတ်ပစ်လိုက်တဲ့အခါ ကျွန်တော် ထူပူသွားတယ်။ ဒီကနေ လွတ်နိုင်မှာ မဟုတ်ဘူး၊ ဒီမှာပဲ သေရတော့မယ်လို့ ထင်မိတယ်။ ကျွန်တော့်ဇနီးနဲ့ ညီအစ်ကိုတွေအတွက် စိတ်ပူလိုက်တာ” လို့ အဲလ်ဘတ် ပြောတယ်။

အဲလ်ဘတ်ဟာ အမှု ကြားနာစစ်ဆေးခြင်း မရှိဘဲ နှစ်လနီးပါး အဖမ်းခံရတယ်။ အဲဒီနောက် နေအိမ်အကျယ်ချုပ် နေရတယ်။ နောက်တစ်ပတ်အကြာမှာ ထပ်အဖမ်းခံရပြန်တယ်။ ဒီတစ်ကြိမ်တော့ ခုနစ်လ ကြာတယ်။ “ထောင်ထဲမှာ၊ အထူးသဖြင့် တစ်ယောက်တည်း ရှိနေတဲ့အချိန် ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေမှာ အလုပ်များနေဖို့ အရေးကြီးမှန်း ပိုသဘောပေါက်လာတယ်။ ဒါက ခွန်အားရှိစေတယ်။ ယုံကြည်ခြင်း၊ ခံနိုင်ရည်၊ မျှော်လင့်ချက်၊ ယေဟောဝါနဲ့ ညီအစ်ကိုတွေကို ချစ်တဲ့မေတ္တာ တိုးများစေတယ်” လို့ သူ ပြောတယ်။

ထောင်မှာ ကျမ်းစာတစ်အုပ် ရတယ်။ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲပဲ။ “ကျမ်းစာက ခံနိုင်ရည် ရှိစေတယ်။ စိတ်ပျက်တာ၊ ချစ်ရသူတွေကို လွမ်းနာကျတာ မဖြစ်အောင် ကူညီတယ်” လို့ အဲလ်ဘတ် ပြောတယ်။ အခက်အခဲကြီးတွေ ကြုံခဲ့ရတဲ့၊ ထောင်သွင်း အကျဉ်းချခံခဲ့ရတဲ့ ကျမ်းစာမှာ ပါတဲ့ သစ္စာရှိတွေရဲ့ ခံစားချက်ကို ပိုနားလည်တတ်လာပြီ။ “ထောင်ထဲ ရောက်မှပဲ သူတို့အကြောင်း ပိုသိလာပြီး သူတို့နဲ့ ပိုရင်းနှီးကျွမ်းဝင်လာတယ်။ ကျမ်းစာခေတ်မှာရော အခုခေတ်မှာပါ မိတ်ဆွေတွေ အများကြီး ရှိနေပြီလို့ ခံစားရတယ်” ဆိုပြီး အဲလ်ဘတ် ပြောတယ်။

၂၀၂၀၊ ဧပြီမှာ တရားရုံးက အဲလ်ဘတ်ကို နေအိမ်အကျယ်ချုပ် နှစ်လ ချလိုက်တယ်။ ပြစ်ဒဏ်ကာလ လေးကြိမ် ထပ်တိုးတယ်။ နောက်ဆုံးအကြိမ်က ၂၀၂၁၊ မတ်လကုန်ကနေ ဇွန်လကုန်အထိ ဖြစ်တယ်။

စမ်းသပ်မှု ကြုံနေရတဲ့ ညီအစ်ကို အဲလ်ဘတ် ဘက်ချ်နဲ့ သစ္စာရှိသူတွေကို ယေဟောဝါ ဆက်ခွန်အားပေးပြီး စောင့်ရှောက်မယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—၁ ရာဇဝင်ချုပ် ၂၉:၁၂