ဒီဇင်ဘာ ၅၊ ၂၀၁၇
ရုရှား
ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ရုံးကို နိုင်ငံပိုင်အဖြစ် သိမ်းယူတဲ့အမှု စတင်ကြားနာ
ရုရှားအာဏာပိုင်တွေဟာ စိန့်ပီတာစဘတ်မြို့အနီး ဆိုနီချနာယာမြို့မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ဗဟိုအုပ်ချုပ်ရေးရုံး အဆောက်အအုံတွေကို သိမ်းဖို့ ကြိုးပမ်းနေကြပါတယ်။
ယေဟောဝါသက်သေများရဲ့ တရားဝင် အဖွဲ့အစည်းအားလုံး ဖျက်သိမ်းဖို့နဲ့ ဗဟိုအုပ်ချုပ်ရေးရုံး အဆောက်အအုံတွေ အပါအဝင် ပိုင်ဆိုင်ရာအားလုံးကို သိမ်းယူဖို့ ၂၀၁၇၊ ဧပြီ ၂၀ ရက်နေ့မှာ တရားရုံးချုပ်က အမိန့်ချခဲ့တယ်။ ဒါပေမဲ့ ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်း (WTPA) အမေရိကန်ပိုင်တဲ့ အဆောက်အအုံကိစ္စ ပေါ်လာတယ်။ ဒါကြောင့် WTPA ကို ပိုင်ဆိုင်ခွင့် တရားဝင် လွှဲပြောင်းထားတဲ့ သက်တမ်း ၁၇ နှစ်ရှိတဲ့ စာချုပ် ပျက်ပြယ်အောင် အစိုးရရှေ့နေတွေက ကြိုးစားနေကြတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက် မချခင်တုန်းက အဲဒီစာချုပ်ကိစ္စ တစ်ခါမှ ပြဿနာ မဖြစ်ခဲ့ဘူး။ ပိုင်ဆိုင်ခွင့် လွှဲပြောင်းပြီးကတည်းက WTPA ဟာ ပုံမှန် အခွန်ဆောင်ခဲ့တယ်။ အဆောက်အအုံကို သိမ်းယူခွင့် ရအောင် အာဏာပိုင်တွေ ပရိယာယ်ဆင် ကြိုးပမ်းနေကြတယ်။
၂၀၁၇၊ နိုဝင်ဘာ ၂၉ ရက်၊ အကြိုကြားနာမှုမှာ တရားသူကြီးက ယေဟောဝါသက်သေများရဲ့ ရှေ့နေတွေ တင်သွင်းတဲ့ လျှောက်ထားချက်အားလုံးကို ပယ်ချပြီး အစိုးရရှေ့နေတွေကို အခွင့်အရေး ဖန်တီးပေးလိုက်တယ်။ ဒီအဆောက်အအုံတွေဟာ ဒေါ်လာသန်းချီ တန်ရုံသာမက နိုင်ငံခြားသားတွေ အပါအဝင် ရုရှားနိုင်ငံသား အယောက် ၄၀၀ နီးပါး နေထိုင်တဲ့နေရာလည်း ဖြစ်တယ်။ တချို့ဆိုရင် ဒီမှာ နေထိုင်တာ အနှစ် ၂၀ ကျော်နေပြီ။ နေအိမ်ကနေ ပြောင်းရွှေ့ရတဲ့အပြင် ရုရှားပြည်သူတွေအတွက် စေတနာနဲ့ လုပ်ဆောင်နေတဲ့ ဘာသာရေးလုပ်ငန်းတွေ ပျက်ပြားသွားတဲ့အတွက် သူတို့ စိတ်မကောင်း ဖြစ်ကြပါတယ်။
ဒီအမှုကို ၂၀၁၇၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ စိန့်ပီတာစဘတ်မြို့၊ စက်စထရိုရက်စကီ ခရိုင်တရားရုံးမှာ စတင် ကြားနာပါမယ်။