၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်
ရုရှား
အသက် ခုနစ်ဆယ့်တစ်နှစ်အရွယ် ညီအစ်ကို ဗီလန် အဗနက်စို့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာ
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှာ ညီအစ်ကို ဗီလန် အဗနက်စို့ဗ်ဟာ ငါးနှစ်နီးပါး ထောင်ကျပြီးနောက် လွတ်လာပါပြီ။ ၂၀၁၉၊ မေလမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။ ၂၀၂၁၊ ဇူလိုင် ၂၉ ရက်မှာ ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံရတယ်။ အချုပ်ထောင်မှာ နေခဲ့ရတဲ့အချိန်တွေကို နုတ်ပေးလို့ ခြောက်နှစ်တိတိ နေစရာမလိုဘူး။ သားဖြစ်သူ အာစန်လည်း တစ်ချိန်တည်း ဖမ်းဆီးထောင်ချခံရတယ်။ အာစန်ကတော့ ထောင်ကျနေတုန်းပဲ။
ဗီလန် မလွတ်ခင်လေးမှာ ဇနီးဖြစ်သူ စတယ်လာ အခုလိုပြောပြတယ်– “ဗီလန် အချုပ်ထောင်မှာ နှစ်နှစ်ခွဲ နေခဲ့ရချိန်ဟာ ကျွန်မတို့အားလုံးအတွက် အခက်ခဲဆုံးအချိန်ပါ။ ကျွန်မ တအား စိတ်ပင်ပန်းခဲ့ရတယ်။ ဗီလန့်ကို ဆက်သွယ်ခွင့်မရဘူး။ စာရေးခွင့်တောင် မရဘူး။ ယောက်ျားရော၊ သားရော တစ်ချိန်တည်း ထောင်ကျသွားတာဆိုတော့ မိသားစုစားဝတ်နေရေးအတွက် ကျွန်မတစ်ယောက်တည်း ဘယ်လိုရုန်းကန်ရမလဲဆိုပြီး စိတ်ပူခဲ့ရတယ်။”
ဒါပေမဲ့ ဗီလန်ကော စတယ်လာပါ ယေဟောဝါရဲ့ထောက်မမှု အမြဲခံစားခဲ့ရတယ်။ စတယ်လာ အခုလိုဆက်ပြောပြတယ်– “အမှုစစ်ဆေးဖို့ သူ့ကို တရားရုံးကို ခေါ်လာတဲ့အချိန်တိုင်း တရားရုံးမှာ ညီအစ်ကို/မတွေကို မြင်ရတယ်လို့ ဗီလန်ပြောပြတယ်။ သူ့အတွက်တော့ အဲဒါဟာ ယေဟောဝါ ဂရုစိုက်ပေးနေတယ်ဆိုတဲ့ အထောက်အထားပဲ။ ကျွန်မ လိုအပ်သမျှကိုလည်း ယေဟောဝါ အမြဲထောက်မပေးတယ်။ မိမိကို ယုံကြည်ကိုးစားသူတွေကို ယေဟောဝါ အမြဲကူညီပေးတယ်ဆိုတာ ကျွန်မ ရာနှုန်းပြည့် ယုံကြည်တယ်။”
ဗီလန်နဲ့စတယ်လာတို့ ပြန်ဆုံစည်းကြပြီဖြစ်လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ သူတို့ရဲ့သားဖြစ်သူ အာစန်အပါအဝင် ထောင်ကျနေတဲ့ ညီအစ်ကို/မ အားလုံးအတွက် ဆက်ဆုတောင်းပေးနေပါတယ်။ ယေဟောဝါဟာ သစ္စာရှိသူတွေအတွက် အလင်း၊ ကယ်တင်ခြင်း၊ ခိုလှုံရာရဲတိုက် ဆက်ဖြစ်နေမယ်ဆိုတာ အသေအချာပါပဲ။—ဆာလံ ၂၇:၁။