မာတိကာဆီ ကျော်သွား

ညီအစ်မ လုဒ်မီလာ ရှတ်

ဧပြီ ၃၀၊ ၂၀၂၁
ရုရှား

အသက် ခုနစ်ဆယ့်သုံးနှစ်အရွယ် အိုမင်းမစွမ်း ညီအစ်မ စွဲချက်တင်ခံရချိန်မှာ ယေဟောဝါကို အားကိုး

အသက် ခုနစ်ဆယ့်သုံးနှစ်အရွယ် အိုမင်းမစွမ်း ညီအစ်မ စွဲချက်တင်ခံရချိန်မှာ ယေဟောဝါကို အားကိုး

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက အယူခံကို ပယ်ချ

၂၀၂၁၊ သြဂုတ် ၂၅ မှာ ပရီမိုရ်ဒေသ တရားရုံးက ညီအစ်မ လုဒ်မီလာ ရှတ်ရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလ ချမှတ်ထားတဲ့ ထောင်ဒဏ် အတည်ဖြစ်သွားပါပြီ။ ဒီတစ်ကြိမ်မှာ သူ ထောင်ထဲ သွားစရာ မလိုပါဘူး။

၂၀၂၁၊ မေ ၁၉ မှာ ပရီမိုရ်ဒေသ၊ နာဒီဇဒင်စကီး ခရိုင်တရားရုံးက အသက် ၇၃ နှစ်အရွယ် ညီအစ်မ လုဒ်မီလာ ရှတ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

လုဒ်မီလာ ရှတ်

  • မွေးဖွားတဲ့နှစ်။ ၁၉၄၇ (မာခရို့ဗ်၊ ဆာခါလင်ကျွန်း)

  • ဘဝအတ္ထုပ္ပတ္တိ။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ကျမ်းစာကြိုဟောချက်တွေကို အလွန် သဘောကျတယ်။ ၂၀၀၃ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ အဲဒီနှစ်မှာပဲ ခင်ပွန်း ဆုံးသွားတယ်။ သားသမီး သုံးယောက်၊ မြေး သုံးယောက် ရှိတယ်။ နာတာရှည် ရောဂါသည် ဖြစ်လို့ ချိုင်းထောက်နဲ့မှ လမ်းလျှောက်နိုင်သူပါ

အမှုနောက်ကြောင်း

၂၀၁၇၊ နိုဝင်ဘာလမှာ ရပ်စ်ဒိုနွိုက်ရွာက ယေဟောဝါသက်သေတွေကို အာဏာပိုင်တွေ စတင် စောင့်ကြည့်တယ်။ ၂၀၂၀ ဖေဖော်ဝါရီမှာ ညီအစ်မ လုဒ်မီလာ ရှတ်ကို ရာဇဝတ်မှုနဲ့ အမှုဖွင့်တယ်။ အိုမင်းမစွမ်း ဖြစ်နေတာတောင် ခရီးသွားခွင့် တားမြစ်ခံထားရတယ်။

ညီအစ်မ လုဒ်မီလာဟာ ကျန်းမာရေး တနေ့တခြား ဆိုးလာလို့ စိတ်ဓာတ်ကျတဲ့အခါတွေ ရှိတယ်။ မျက်စိမကောင်းလို့ ခွဲစိတ်ဖို့ လိုနေတယ်။ အိပ်မရတဲ့ ရောဂါလည်း ရှိတယ်။ ဒါပေမဲ့ သူဟာ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်အားကိုးလို့ ဘုရားလည်း ကူညီပေးနေပါတယ်။ ယေဟောဝါက ဟေရှာယ ၂၆:၃ ပါ ကတိအတိုင်း “တည်မြဲတဲ့ ငြိမ်သက်မှု ပေး” နေတယ်။

ညီအစ်ကို/မတွေလည်း လုဒ်မီလာကို ချစ်ပြီး ကူညီကြတယ်။ သူ့အတွက် ဆုတောင်းပေးကြလို့ အလွန် ကျေးဇူးတင်ပြီး “ဒါကို အမြဲ အမှတ်ရနေမှာပါ” လို့ သူ ပြောတယ်။

ယေဟောဝါသက်သေ မဟုတ်တဲ့ သားနဲ့ သမီးထွေးကလည်း အခုလို ခက်ခဲချိန်တစ်လျှောက် ကူညီပေးနေပါတယ်။

စီရင်ချက်ကို စောင့်နေချိန် ညီအစ်မ ရှတ်ဟာ “ဘုရားသခင်ရဲ့ တန်ခိုးကို အားကိုး” နေမယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်ပြီး ဆုတောင်းပေးနေပါတယ်။—၂ တိမောသေ ၁:၈