မာတိကာဆီ ကျော်သွား

မေ ၃၁၊ ၂၀၁၈
ရုရှား

ရုရှားမှာ ယေဟောဝါသက်သေ နောက်တစ်ဦးကို အစွန်းရောက်လုပ်ငန်း စွဲချက်တွေနဲ့ အမှုစစ်ဆေး

ရုရှားမှာ ယေဟောဝါသက်သေ နောက်တစ်ဦးကို အစွန်းရောက်လုပ်ငန်း စွဲချက်တွေနဲ့ အမှုစစ်ဆေး

စက်ချုပ်သမားဟောင်း အသက် ၇၀ အရွယ် ယေဟောဝါသက်သေ အာကဒီယာ အကိုပီယန်ဟာ အစွန်းရောက်လုပ်ငန်း စွဲချက်တွေနဲ့ အမှုစစ်ဆေးခံနေရတာ တစ်နှစ် ရှိပြီ။ အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့ရင် ဒဏ်ငွေ အမြောက်အမြားဖြစ်စေ၊ ထောင်ဒဏ် လေးနှစ်ဖြစ်စေ ပြစ်ဒဏ်ကျခံနိုင်တယ်။

မစ္စတာ အကိုပီယန်ဟာ နှစ်ပေါင်းများစွာ မှန်မှန် တက်ရောက်ခဲ့တဲ့ ဝတ်ပြုရာခန်းမမှာ ဘာသာရေးတရား ဟောပြောလို့ “ဘာသာရေး အမုန်းပွားအောင် လှုံ့ဆော်တဲ့အပြစ်” ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံရတယ်။ တရားရုံးမှာ အစိုးရရှေ့နေက ယေဟောဝါသက်သေ မဟုတ်သူ ခြောက်ယောက်ရဲ့ မဟုတ်မမှန် ထွက်ဆိုချက်တွေကို အလွန် အားထားခဲ့တယ်။ မစ္စတာ အကိုပီယန်ရဲ့ ဟောပြောချက်မှာ အသရေဖျက်စကားတွေ ပါကြောင်း၊ တခြားသူတွေကို “အစွန်းရောက်” စာပေတွေ ဝေငှခိုင်းကြောင်း သက်သေထွက်ဆိုကြတယ်။

မစ္စတာ အကိုပီယန်နဲ့ တခြားသူတွေက အဲဒီထွက်ဆိုချက်ကို ငြင်းဆိုခဲ့ကြတယ်။ စွပ်စွဲသူခြောက်ယောက်ဟာ မစ္စတာ အကိုပီယန် ဟောပြောတဲ့စကားကို ကြားရအောင် အဆောက်အအုံ အနီးအနားမှာ နေထိုင်ကြသူတွေ မဟုတ်ကြောင်း ရှေ့နေက ထောက်ပြခဲ့တယ်။ ဒါ့အပြင် ယေဟောဝါသက်သေတွေဟာ ယေဟောဝါသက်သေ မဟုတ်သူတွေကို ဘာသာရေးစာပေတွေ ဝေငှခိုင်းရလောက်အောင် လက်လွတ်စပယ် လုပ်သူတွေ မဟုတ်ကြဘူး။ မစ္စတာ အကိုပီယန်ရဲ့ဇနီး ဆိုညာဟာ ယေဟောဝါသက်သေတစ်ယောက် မဟုတ်ပါ။ တရားရုံး အပြန်အလှန် စစ်ဆေးမေးမြန်းချိန်မှာ ဇနီးဖြစ်သူက အိမ်ထောင်သက် အနှစ် ၄၀ အတွင်း ပျော်ရွှင်ခဲ့ရကြောင်း၊ မိမိခင်ပွန်းသည်က ဆွေမျိုးသားချင်း ဘယ်သူ့ကိုမှ ယေဟောဝါသက်သေ ဖြစ်လာဖို့ အတင်းအကျပ် မပြုခဲ့ဖူးကြောင်း ထွက်ဆိုခဲ့တယ်။

မစ္စတာ အကိုပီယန် ဟောပြောတဲ့စကားတွေမှာ ‘ဘာသာရေး အမုန်းပွားစေတဲ့စကား’ ပါမပါ ဆုံးဖြတ်နိုင်အောင် ကျွမ်းကျင်သူတွေ လေ့လာကြဖို့ တရားသူကြီး အိုလက် ဂိုလိုဗာရှကိုက အမိန့်ချခဲ့တယ်။ မစ္စတာ အကိုပီယန်ရဲ့အမှုကို ၂၀၁၈၊ မေ ၁၅ ရက်နေ့တုန်းက ကြားနာချိန်မှာ တရားသူကြီးက ကျွမ်းကျင်သူတွေကို ၂၀၁၈၊ စက်တင်ဘာလအတွင်း လေ့လာမှု အပြီးသတ်ရမှာဖြစ်ကြောင်း၊ ဒီအတောအတွင်း အမှုကို ဆက်ကြားနာသွားမှာဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ မစ္စတာ အကိုပီယန် အမှုကို ဇွန် ၅ ရက်နေ့မှာ အပြန်အလှန် စစ်ဆေးကြပါမယ်။ မစ္စတာ အကိုပီယန်ကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ဖမ်းချုပ်ထားတာမျိုး မဟုတ်ပေမဲ့ ပရိုခလတ်နီ ခရိုင်တရားရုံးမှာ အမှုစတင်စစ်ဆေးတဲ့ ၂၀၁၇၊ မေလကစပြီး ခရီးမထွက်ဖို့ ပိတ်ပင်ထားတယ်။

ယေဟောဝါသက်သေများရဲ့ တွဲဖက်အကြံပေးရှေ့နေ ဂရက်ဂရီ အယ်လင် ဒီလိုပြောတယ်– “မစ္စတာ အကိုပီယန်ဟာ ယေဟောဝါသက်သေများအပေါ် ရုရှားရဲ့ အစွန်းရောက် ဥပဒေ အလွန်လွဲမှားစွာ အသုံးပြုခြင်း ခံနေရသူ နောက်တစ်ယောက် ဖြစ်တယ်။ သူ့မှာ အပြစ်မရှိပါဘူး။ ဥပဒေလိုက်နာတဲ့သူပါ။ ဘုရားသခင်ကို ငြိမ်သက်အေးချမ်းစွာ ဝတ်ပြုကိုးကွယ်ချင်တဲ့သူပါ။ အစိုးရက ယေဟောဝါသက်သေတွေကို လွဲမှားစွာ ပစ်မှတ်ထားနေလို့ နိုင်ငံအတွင်း လူမှုရေးအဖွဲ့အစည်း အမျိုးမျိုးရဲ့ အနိုင်ကျင့်မှု၊ တိုက်ခိုက်မှုကို ခံနေကြရတယ်။”

မစ္စတာ အကိုပီယန်ဟာ ရုရှားနိုင်ငံမှာ “အစွန်းရောက်လုပ်ငန်း” လုပ်ဆောင်မှုနဲ့ မတရား စွဲချက်တင်ခံနေရတဲ့ ဒုတိယမြောက် ယေဟောဝါသက်သေ ဖြစ်တယ်။ အိုရွိုလ်မြို့က ယေဟောဝါသက်သေ ဒဲနစ္စ ခရစ်တန်ဆန်ရဲ့အမှုကို ၂၀၁၈၊ ဖေဖော်ဝါရီလမှာ စတင် စစ်ဆေးနေပါပြီ။ အမှုမစစ်ဆေးဘဲ ထောင်ကျနေတာ တစ်နှစ် ရှိပြီ။ အပြစ်ရှိတယ်လို့ စီရင်ခဲ့ရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်တယ်။ a ရုရှားဒေသတချို့မှာ ယေဟောဝါသက်သေ ၇ ယောက်ကိုလည်း စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်ထားပါတယ်။

a အမျိုးသားနှစ်ယောက်စလုံးကို တရားစွဲဆိုထားပေမဲ့ ပုဒ်မ မတူပါဘူး။ မစ္စတာ အကိုပီယန်ကို အပိုဒ် ၂၈၂(၁) ပါ ဘာသာရေး အမုန်းပွားစေမှုနဲ့ တရားစွဲထားတယ်။ ဒဲနစ္စ ခရစ်တန်ဆန်ကိုကျတော့ အစွန်းရောက် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ ဘာသာရေးအဖွဲ့ရဲ့ လုပ်ငန်းကို စီမံဆောင်ရွက်မှု အပိုဒ် ၂၈၂.၂(၁) ချိုးဖောက်မှုနဲ့ တရားစွဲထားတယ်။ ဒီအပြစ်တွေက ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ် ခံရနိုင်တယ်။