မာတိကာဆီ ကျော်သွား

ညီအစ်ကို အာစန် အဗနက်စို့ဗ် ထောင်ကနေလွတ်ပြီးနောက် ရထားဘူတာရုံမှာ မိခင်နဲ့ ပြန်ဆုံစည်းနေစဉ်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်
ရုရှား

အာစန် အဗနက်စို့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာ

အာစန် အဗနက်စို့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှာ ညီအစ်ကို အာစန် အဗနက်စို့ဗ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာပါပြီ။ ညီအစ်ကိုကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်မှာ အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်ခဲ့တာဖြစ်တယ်။ အယူခံဝင်မှုမှာ တရားသူကြီးက ထောင်ဒဏ် ခုနစ်နှစ်အထိ ထပ်တိုးလိုက်တယ်။ ပြစ်ဒဏ်စီရင်ချက်မချခင် အချုပ်ထောင်မှာ နှစ်နှစ်ကျော် နေခဲ့ရတဲ့အတွက် အခုတော့ ပြစ်ဒဏ် ပြည့်သွားပါပြီ။

အာစန်ရဲ့ဖခင် ဗီလန် အဗနက်စို့ဗ်လည်း ပြစ်မှုဖွင့်ခံရပြီး ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှာ ဗီလန် လွတ်လာတယ်။

အာစန်ဟာ ယေဟောဝါကို သစ္စာရှိသွားမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ထောင်ကျနေချိန်တစ်လျှောက်လုံး ခွန်အားရှိခဲ့တာပါ။ ထောင်မကျခင် တရားရုံးမှာ နောက်ဆုံး လျှောက်လှဲချက်ပေးတုန်းက သူဒီလို ပြောခဲ့တယ်– “ယေဟောဝါဘုရားကို သစ္စာရှိသွားမယ်လို့ ကျွန်တော် ကတိပေးထားတယ်။ ကျွန်တော့်အသက်တာကို ဘုရားဆီ စိတ်လိုကိုယ်လျောက် ဆက်ကပ်အပ်နှံထားတာ။ ကျွန်တော့်ကတိကို မဖျက်ချင်ဘူး။ ဘယ်တော့မှလည်း ဖျက်မှာမဟုတ်ဘူး။” ချမှတ်တဲ့ပြစ်ဒဏ်က နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေတဲ့ သူ့ယုံကြည်ခြင်းကို မဖျက်ဆီးပစ်နိုင်ဘူးလို့လည်း အာစန်ဖော်ပြခဲ့တယ်။ “ကျွန်တော့်ယုံကြည်ခြင်း မလျော့သွားတဲ့အပြင် ပိုပြီးတော့တောင် ခိုင်မြဲလာတယ်” လို့ သူပြောတယ်။

မိသားစုနဲ့ အာစန် ပြန်ဆုံစည်းနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ထောင်ထဲမှာ ရှိနေသေးတဲ့ ညီအစ်ကို/မတွေအတွက်လည်း စိတ်အားထက်သန်စွာ ဆက်ဆုတောင်းပေးနေပါတယ်။ “စမ်းသပ်မှုအမျိုးမျိုး ကြုံရလို့ ခဏတာ ဝမ်းနည်းရတာ မှန်ပေမဲ့” ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း၊ ခံနိုင်ရည်ကြောင့် ကောင်းချီးကြွယ်ဝစွာ ခံစားရမယ်ဆိုတာ သိထားလို့ နှစ်သိမ့်မှု ခံစားရပါတယ်။—၁ ပေတရု ၁:၆၊ ၇