မာတိကာဆီ ကျော်သွား

၂၀၁၇၊ ဇွန် ၂၆
ရုရှား

အချုပ်​ကျနေ​တဲ့ ဒိန်းမတ်​နိုင်ငံသား​အပါအဝင် ယေဟောဝါ​သက်သေတွေကို လူထု​အကျိုးသယ်ပိုး​မှု​အတွက် ရုရှား​အာဏာပိုင်တွေ ဂုဏ်ပြု

အချုပ်​ကျနေ​တဲ့ ဒိန်းမတ်​နိုင်ငံသား​အပါအဝင် ယေဟောဝါ​သက်သေတွေကို လူထု​အကျိုးသယ်ပိုး​မှု​အတွက် ရုရှား​အာဏာပိုင်တွေ ဂုဏ်ပြု

“ရပ်ရွာ​နဲ့ ပတ်ဝန်းကျင်​အကျိုး သယ်ပိုး​တဲ့​အတွက် ကျေးဇူးတင်ကြောင်း” အို​ရွိုလ်​မြို့ရဲ့ အာဏာပိုင်တွေ ရေးထားတဲ့ ကတ်။

နယူးယောက်​—၂၀၁၇၊ ဇွန် ၂ ရက်မှာ အို​ရွိုလ်​မြို့ရဲ့ ရုရှား​အာဏာပိုင်တွေ​က ယေဟောဝါသက်သေတွေရဲ့ အသင်းတော်ကို ကျေးဇူးတင်စာ ပေးပို့​တယ်။ ၂၀၁၇၊ ဧပြီ ၂၂ ရက်​တုန်း​က နှစ်စဉ် မြို့တော်​သန့်ရှင်းရေး​မှာ ပါဝင်​ခဲ့​ကြလို့ပဲ။ အဲဒီ​နေ့မှာ သက်သေခံ ၇၀ ဟာ အို​ရွိုလ်​မြို့ လမ်းပေါ်​က အမှိုက်​တွေ၊ မြို့​တစ်လျှောက် စီးဆင်း​နေတဲ့ အော်​လ​စ်​မြစ်​ထဲ​က အမှိုက်​သ​ရိုက်​တွေကို ရှင်းလင်း​ပေးတယ်။ မြို့​အာဏာပိုင်တွေ​က ကျေးဇူးတင်တဲ့​အနေနဲ့ လက်ဆောင်​တစ်ခု​အပြင် “ရပ်ရွာ​နဲ့ ပတ်ဝန်းကျင်​အကျိုး သယ်ပိုး​တဲ့​အတွက် ကျေးဇူးတင်ကြောင်း” ရေးထားတဲ့ ကတ်​တစ်ခုကို​ပါ ပေးပို့​ခဲ့တယ်။

ဒါပေမဲ့ သန့်ရှင်းရေး​ပြီး​လို့ တစ်လ​အကြာ၊ မြို့​အာဏာပိုင်တွေ​ရဲ့ ကျေးဇူးတင်စာ မရ​ခင် တစ်ပတ်​အလို၊ မေ ၂၅ ရက်မှာ (ပုံ​မှာပါတဲ့) စေတနာ့​ဝန်ထမ်း ဒဲနစ္စ ခရစ်​တန်​ဆန်​ဟာ ဘာသာရေး​အစည်းအဝေး​တစ်ခု တက်ရောက်​နေတုန်း အစွန်းရောက်​လုပ်ရပ်​မှာ ပါဝင်တယ်​ဆိုပြီး အဖမ်းခံ​လိုက်ရတယ်။ တစ်နိုင်ငံလုံး​မှာ​ရှိတဲ့ ယေဟောဝါ​သက်သေတွေဟာ အစွန်းရောက်​လုပ်ရပ်​မှာ ပါဝင်တယ်​ဆိုပြီး ရုရှား​အာဏာပိုင်တွေ စွပ်စွဲတယ်။

၂၀၁၁၊ အောက်တိုဘာ​လ၊ မြို့တော်​သန့်ရှင်းရေး​မှာ လုပ်အားပေး​နေတဲ့ ဒဲနစ္စ ခရစ်​တန်​ဆန်။

“ဒဲနစ္စ​နဲ့ တခြား​သက်သေခံတွေ မြို့တော်​သန့်ရှင်းရေး​မှာ ပါဝင်တာ​ဟာ ယေဟောဝါသက်သေတွေ​အကြောင်း သိထား​သူတွေ​အတွက် အထူးအဆန်း မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်၊ သူတို့ရဲ့ တရားဝင်​အသင်းအဖွဲ့ ဖျက်သိမ်း​ခံရပြီး​နောက်မှာ​တောင် နှစ်စဉ် သန့်ရှင်းရေး​မှာ ပါဝင်​နေကျပဲ။ အို​ရွိုလ်​မြို့​နဲ့ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ယေဟောဝါ​သက်သေတွေဟာ နိုင်ငံသား​ကောင်း​တွေ​အဖြစ် လူသိ​များ​ကြတယ်။ အို​ရွိုလ်​မြို့​အာဏာပိုင်တွေ အသိအမှတ်ပြု ချီးမွမ်း​လောက်​တဲ့ လူထု​အကျိုး သယ်ပိုး​ရာ​မှာ ပါဝင်သူ၊ ဝီရိယ​ရှိပြီး ဥပဒေ​လိုက်နာသူ ဒဲနစ္စ​ကို ရာဇဝတ်သား​လို့ သဘောထား​တာ​ဟာ လုံးဝ မဖြစ်သင့်ဘူး။ ဒဲနစ္စ​ကို ချက်ချင်း ပြန်လွှတ်​သင့်တယ်၊ အေးအေးဆေးဆေး စုဝေး​ဝတ်ပြု​တာ၊ တခြား​သက်သေခံတွေ​နဲ့​အတူ ရပ်ရွာ​အကျိုး သယ်ပိုး​တာ​ကို ခွင့်ပြု​သင့်တယ်လို့ ကျွန်တော်တို့ ယူဆတယ်” ဆိုပြီး ကမ္ဘာ့​ဌာနချုပ်​မှာ​ရှိတဲ့ သက်သေခံတွေရဲ့ ပြောရေးဆိုခွင့်​ရှိသူ ဒေးဗစ် အေ ဆီ​မို​နီ​ယန် ပြောတယ်။

၂၀၁၆၊ ဇွန် ၁၄ ရက်မှာ အို​ရွိုလ်​မြို့က သက်သေခံတွေရဲ့ တရားဝင်​အသင်းအဖွဲ့ ဖျက်သိမ်း​ခံရတယ်။ အဲဒီနောက် တစ်နှစ်​နီးပါး​အကြာမှာ မစ္စတာ ခရစ်​တန်​ဆန် အဖမ်းခံရတယ်။ ၂၀၁၇၊ ဧပြီ ၂၀ မှာ ရုရှား​နိုင်ငံ၊ စိန့်​ပီတာစဘတ်​မြို့အနီး​က ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေး​စင်တာ​ကို ဖျက်သိမ်း​ဖို့ ရုရှား​တရားရုံးချုပ် ဆုံးဖြတ်လိုက်ပြီး ရှေ့​ဆ​င့်​နောက်​ဆင့်ဆို​သလို မစ္စတာ ခရစ်​တန်​ဆန်​ကိုလည်း စွဲချက်​တင်​ခဲ့​ကြတယ်။ အို​ရွိုလ်​မြို့ရဲ့ အာဏာပိုင်တွေ​က မစ္စတာ ခရစ်​တန်​ဆန်​ကို စုံစမ်း​မေးမြန်းခြင်း​မရှိဘဲ ချုပ်​ထား​တုန်း​ပဲ။

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000