၂၀၂၂ ခုနှစ်၊ ဇွန် ၂၉ ရက်
ရုရှား
ဥရောပတရားရုံးကနေ ရုရှား နှုတ်ထွက်
၂၀၂၂ ခုနှစ်၊ ဇွန် ၁၁ ရက်မှာ သမ္မတ ဗလာဒီမာ ပူတင်က ဥပဒေကြမ်း နှစ်စောင်ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) ကနေ တစ်ဖက်သတ် နှုတ်ထွက်လိုက်လို့ ၂၀၂၂ ခုနှစ်၊ မတ် ၁၅ ကစပြီး ရုရှားဟာ ဥရောပတရားရုံး ရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာ မရှိတော့ပါဘူး။ ဒါကြောင့် ဥရောပတရားရုံးရဲ့ စီရင်ချက်တွေဟာ ၂၀၂၂ ခုနှစ်၊ မတ် ၁၅ ကစပြီး ရုရှားအပေါ် ဥပဒေအရ အကျိုးသက်ရောက်မှုမရှိတော့ပါဘူး။ အဲဒီအထဲမှာ ဇွန် ၇ ရက်နေ့က ရုရှားအပေါ်ချမှတ်လိုက်တဲ့ စီရင်ချက်လည်းပါတယ်။ စီရင်ချက်ထဲမှာ ဥရောပတရားရုံးက ရုရှားနိုင်ငံတစ်ဝန်း ယေဟောဝါသက်သေတွေကို ပိတ်ပင်တာ တရားမဝင်ကြောင်း ကြေညာခဲ့တယ်။ ဒါ့အပြင် သက်သေခံတွေကို ရာဇဝတ်မှုနဲ့ တရားစွဲတာတွေ ရပ်တန့်ဖို့၊ လက်ရှိ ထိန်းသိမ်းထားတဲ့ သက်သေခံအားလုံးကို ပြန်လွှတ်ဖို့၊ သိမ်းယူထားတဲ့ ပိုင်ဆိုင်ရာအားလုံးကို ပြန်ပေးဖို့ ဒါမှမဟုတ် လျှောက်ထားသူတွေကို ယူအက်စ် ဒေါ်လာ ၆၃ သန်းလောက် ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်။
အဖွဲ့ဝင်နိုင်ငံတွေအပေါ် ဥရောပတရားရုံးက ချမှတ်ထားတဲ့ စီရင်ချက်တွေကို လိုက်နာစေဖို့ ဥရောပဝန်ကြီးများကောင်စီ ကော်မတီက ကြီးကြပ်ပေးတယ်။ ရုရှားဟာ ၁၉၉၆ ခုနှစ်ကတည်းက ဥရောပကောင်စီအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့တယ်။
၂၀၂၂ ခုနှစ်၊ မတ် ၁၅ မှာ ရုရှားက အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်မယ့်အကြောင်း ဥရောပကောင်စီကို အကြောင်းကြားခဲ့တယ်။ နောက်တစ်နေ့မှာ ကောင်စီက ရုရှားကို တရားဝင် ထုတ်ပယ်လိုက်တယ်။ ဒါပေမဲ့ ဥရောပကောင်စီအဖွဲ့ကို ဝင်တုန်းက လက်မှတ်ရေးထိုးထားတဲ့ သဘောတူစာချုပ်အရ ရုရှားဟာ ဥရောပတရားရုံးရဲ့ စီရင်ချက်တွေကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်အထိ လိုက်နာမယ်လို့ ဥရောပကောင်စီက ရုရှားအစိုးရကို ပြောကြားခဲ့တယ်။
၂၀၂၂ ခုနှစ်၊ ဇွန် ၇ မှာ ရုရှားဟာ အထက်ဖော်ပြပါ ဥပဒေအသစ်နှစ်ခု ချမှတ်ပြီး ဥရောပတရားရုံးချမှတ်ထားတဲ့ တောင်းဆိုချက်တွေကို တမင်ရှောင်ကွင်းဖို့ ကြိုးစားခဲ့တယ်။ အဲဒီနေ့ဟာ ရုရှားက ညီအစ်ကိုတွေကို ဥရောပတရားရုံး အနိုင်ပေး စီရင်ချက်ချတဲ့နေ့ပါပဲ။
ဥရောပတရားရုံးရဲ့စီရင်ချက်ကို ဥရောပကောင်စီ အဖွဲ့ဝင် ၄၆ နိုင်ငံက တရားရုံးတွေမှာ ယေဟောဝါသက်သေတွေရဲ့အမှုအတွက် အသုံးပြုနိုင်တယ်။ အရေးအကြီးဆုံးက ယေဟောဝါသက်သေတွေအပေါ် ရုရှားရဲ့ စွပ်စွဲချက်အားလုံးကို တစ်စမကျန် ချေဖျက်ပေးတယ်။ ဒီဆုံးဖြတ်ချက်က ကမ္ဘာတစ်ဝန်း သက်သေခံချက်ကောင်း ဖြစ်စေပြီး ယေဟောဝါရဲ့နာမည်ကို သံသယကင်းရှင်းစေတယ်။ ရလဒ်အားလုံးအတွက် ယေဟောဝါဘုရားကို ဂုဏ်တင်ချီးမွမ်းပါတယ်။—ဆာလံ ၈၃:၁၈။