မာတိကာဆီ ကျော်သွား

ပြင်သစ်နိုင်ငံ၊ စထရာစ်ဘူမြို့က လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး

ဇွန် ၁၀၊ ၂၀၂၀
ရုရှား

ECHR ရဲ့ ဆုံးဖြတ်ချက် ဆယ်နှစ်ကြာပြီဖြစ်ပေမဲ့ နိုင်ငံတကာ ဥပဒေကို ရုရှား ဖီဆန်နေဆဲ

ECHR ရဲ့ ဆုံးဖြတ်ချက် ဆယ်နှစ်ကြာပြီဖြစ်ပေမဲ့ နိုင်ငံတကာ ဥပဒေကို ရုရှား ဖီဆန်နေဆဲ

လွန်ခဲ့တဲ့ ဆယ်နှစ်၊ ၂၀၁၀၊ ဇွန်လ ၁၀ ရက်နေ့မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) က ဆုံးဖြတ်ချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။ ရုရှားအာဏာပိုင်တွေအနေနဲ့ ယေဟောဝါသက်သေတွေ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့် မရအောင် နှစ်ပေါင်းများစွာ နှိပ်ကွပ်ထားခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးဖြစ်လို့ ဒဏ်ငွေ အတော်များများ ပေးဆောင်ဖို့၊ မော်စကိုမြို့က ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးအဖွဲ့အစည်းကို မှတ်ပုံတင်ခွင့် ပြန်ပေးဖို့ ညွှန်ကြားထားတယ်။ အဖွဲ့အစည်းရဲ့ မှတ်ပုံတင်ကို ၂၀၀၄ ခုနှစ်မှာ အာဏာပိုင်တွေ ရုပ်သိမ်းခဲ့တယ်။

ဒီဆုံးဖြတ်ချက် ထုတ်ပြန်ချိန်တုန်းက မော်စကိုမြို့၊ ယေဟောဝါသက်သေတွေရဲ့ သဘာပတိ ညီအစ်ကို အိုင်ဗင် ချီကို့စကီ ဒီလိုပြောတယ်- “ECHR ရဲ့ ဆုံးဖြတ်ချက်ဟာ ဘာသာရေးခွဲခြားဆက်ဆံမှုကို အောင်ပွဲခံတာပဲ။ ဒီဆုံးဖြတ်ချက်ကြောင့် ယေဟောဝါသက်သေတွေကို တရားရေးဆိုင်ရာ အခွင့်အရေးတွေ ပြန်ပေးလာမယ်၊ အစိုးရ ကမကထပြုတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ရပ်တန့်သွားမယ်လို့ မျှော်လင့်ပါတယ်။”

ဒါပေမဲ့ ညီအစ်ကို မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူး၊ ရုရှားအစိုးရက ECHR ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ပိုလို့တောင် နှိပ်စက်လာတယ်။ ၂၀၁၇ မှာ ရုရှားတရားရုံးချုပ်က ယေဟောဝါသက်သေတွေရဲ့ ငြိမ်သက်အေးချမ်းစွာ ဝတ်ပြုမှုကို ပိတ်ပင်လိုက်ပြီးနောက် ညီအစ်ကိုတွေဟာ မတရားသဖြင့် ဖမ်းဆီး၊ စစ်ဆေး၊ ထောင်ချခံနေရတယ်။

ရုရှားနဲ့ပတ်သက်တဲ့ ECHR ရဲ့ ဆုံးဖြတ်ချက်ဟာ ဆယ်နှစ်ကြာပြီဖြစ်ပေမဲ့ အကျိုးသက်ရောက်မှု ရှိနေဆဲပါပဲ။ ကျွန်တော်တို့ရဲ့ ညီအစ်ကို/မတွေအပေါ် ရုရှားရဲ့ အခြေအမြစ်မရှိ စွဲဆိုချက် အတော်များများကိုလည်း ၂၀၁၀ ခုနှစ်မှာ ပယ်ဖျက်ပေးခဲ့တယ်။

မော်စကိုမြို့ တရားရေးဌာနနဲ့ တရားရုံးတွေအနေနဲ့ ယေဟောဝါသက်သေတွေ ပြန်လည်မှတ်ပုံတင်တာကို ငြင်းပယ်ဖို့ “ဥပဒေအကြောင်းပြချက် မရှိ” ကြောင်း ECHR က ကောက်ချက်ချတယ်။ မော်စကိုမြို့ အာဏာပိုင်တွေ “သမာသမတ် မကျဘူး။ ဘက်လိုက်မှု ရှိနေတယ်” လို့လည်း ဝေဖန်ထားတယ်။ ဒါ့အပြင် အာဏာပိုင်တွေဟာ ရုရှားကိုယ်တိုင် သဘောတူထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်းကို ချိုးဖောက်နေခြင်း ဖြစ်တယ်။

၂၀၂၀ ရောက်လာချိန်မှာ ရုရှားဟာ ၂၀၁၀ တုန်းကလိုပဲ ညီအစ်ကိုတွေကို နှိပ်စက်နေတုန်းဆိုတာ အားလုံးအသိပါပဲ။ ဥရောပနဲ့ ဗဟိုအာရှ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ရေချယ် ဒင်ဘာက “ရုရှားက ယေဟောဝါသက်သေတွေဟာ ယုံကြည်ချက်အတိုင်း လိုက်နာကျင့်သုံးလို့ လွတ်လပ်ခွင့် ဆုံးရှုံးနေတယ်။ တကယ်တော့ အဲဒီလိုဖြစ်စရာအကြောင်း လုံးဝ မရှိဘူး” လို့ ၂၀၂၀၊ ဇန်နဝါရီ ၉ ရက်စွဲနဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။

မတရား ဆက်ဆံခံနေရတဲ့ ရုရှားက ညီအစ်ကို/မတွေ “ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” အောင် ယေဟောဝါ ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချရင်း သူတို့အတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ကောလောသဲ ၁:၁၁