မာတိကာဆီ ကျော်သွား

ယူအန် လူ့အခွင့်အရေးအဖွဲ့အဆိုအရ ရုရှားမှာ ဒီညီအစ်ကို/မ ဆယ်ယောက်နဲ့ နောက်ထပ် ရှစ်ယောက်က မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတယ်- အန်ဒရေ မာဂလိ၊ အီဂေါ် အီဂိုဇာယန်၊ ရုစလန် ကိုရိုလိဗ်၊ ဗလာဒီမာ ကူယာစက်ဖ်၊ ဗာလေရီ ရိုဂိုဇင်၊ (အပေါ်တန်း၊ ဝဲမှယာ)။ ဗာလေရီ ရှာလိဗ်၊ တာတယာနာ ရှမ်ရှီဗာ၊ အော်လဂါ စီလာရီဗာ၊ အလက်စန်ဒါ ဆလိုဗီယေ့၊ ဒန်နစ် တီမိုရှင် (အောက်တန်း၊ ဝဲမှယာ)

မေ ၁၈၊ ၂၀၂၀
ရုရှား

ရုရှားက ယေဟောဝါသက်သေ ၁၈ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းအားဖြင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေကြောင်း ယူအန် ပညာရှင်များအဖွဲ့က ဆို

ရုရှားက ယေဟောဝါသက်သေ ၁၈ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းအားဖြင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေကြောင်း ယူအန် ပညာရှင်များအဖွဲ့က ဆို

လူ့အခွင့်အရေးဆိုင်ရာ ယူအန် ပညာရှင်များအဖွဲ့ ရေးတဲ့ စာမျက်နှာ ၁၅ မျက်နှာပါ သဘောထားစာတမ်းတစ်စောင်မှာ ၂၀၁၈၊ မေလမှ ၂၀၁၉၊ ဇူလိုင်လအထိ မြို့အသီးသီးရှိ ယေဟောဝါသက်သေ ၁၈ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခြင်းအားဖြင့် နိုင်ငံတကာဥပဒေကို ရုရှား ချိုးဖောက်နေကြောင်း ဖော်ပြထားတယ်။ ဖမ်းဆီးခံထားရတဲ့ သက်သေခံတွေကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့လည်း တောင်းဆိုထားတယ်။

အဖွဲ့ရဲ့ ပဏာမ စာတမ်းကို ၂၀၂၀၊ မေ ၁၅ ရက်မှာ ထုတ်ဝေတယ်။ နောက်ဆုံးထုတ် စာတမ်းကိုတော့ ယူအန်ဝက်ဘ်ဆိုက်မှာ မကြာခင် တင်ပါလိမ့်မယ်။

စစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့က သက်သေခံတွေဘက်ကနေ အခုလိုပြောဆိုပေးတာဟာ လွန်ခဲ့တဲ့နှစ်အတွင်း ဒီတစ်ကြိမ်ဆို တတိယအကြိမ် ရှိပါပြီ။ နောက်ဆုံးထုတ် ဒီစာတမ်းမှာတော့ ညီအစ်ကို/မတွေအပေါ် ရုရှားအစိုးရရဲ့ မတရားဆက်ဆံမှုတွေကို ပြစ်တင်ရှုတ်ချထားတယ်။

သက်သေခံတွေကို ဖမ်းဆီးရာမှာ “အထူးတပ်ဖွဲ့” သုံးတဲ့ အာဏာပိုင်တွေကို ရည်စူးပြီး “ဒီလုပ်ရပ်အတွက် တပ်ဖွဲ့ဝင်တွေ ဆင်ခြေပေးစရာအကြောင်း လုံးဝမရှိဘူး၊” “[သက်သေခံ] တစ်ယောက်ကိုမှ အခုလို ဖမ်းဆီး ထိန်းသိမ်းစရာ၊ ရုံးတင်စစ်ဆေးပြီး ထောင်ချစရာအကြောင်း မရှိဘူး” လို့ ဖော်ပြထားတယ်။

အစွန်းရောက် လုပ်ဆောင်မှုလို့ အမည်တပ်တာကိုလည်း ချေပထားတယ်။ ညီအစ်ကို/မတွေဟာ “ဘာသာရေး လွတ်လပ်ခွင့်အရ အေးဆေးငြိမ်သက်စွာ ဝတ်ပြုကိုးကွယ်” နေရုံသာ ဖြစ်တယ်လို့လည်း ရှင်းပြထားတယ်။

စာတမ်းမှာ လူ့အခွင့်အရေးပညာရှင်တွေက ညီအစ်ကိုတွေအပေါ် တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြစ်တင်ရှုတ်ချထားတယ်။ ဥပမာ၊ ဖမ်းဆီးထိန်းသိမ်းချိန်အတွင်း အမှုကြားနာစစ်ဆေးတဲ့အခါ ညီအစ်မနှစ်ယောက်ကို လှောင်အိမ်ထဲ ထားတာတွေ ပါဝင်တယ်။ “အပြစ်ရှိကြောင်း သက်သေမထင်ရှားသရွေ့ အပြစ်မရှိသူအဖြစ် လူတိုင်း ယူမှတ်ခံရခွင့်ရှိတယ်” လို့ နိုင်ငံတကာဥပဒေမှာ ပါရှိကြောင်း အဖွဲ့က ရှင်းပြထားတယ်။ ဒါကြောင့် အမှုကြားနာချိန်အတွင်း ညီအစ်မတွေကို “လက်ထိပ်ခတ်တာ၊ လှောင်အိမ်ထဲ ထည့်တာတွေ မလုပ်သင့်ဘူး။ လုပ်ရင် အန္တရာယ်ရှိ ရာဇဝတ်သားတွေအဖြစ် ယူမှတ်သွားစေနိုင်တယ်။”

ရုရှားအနေနဲ့ သက်သေခံ ၁၈ ယောက်စလုံးရဲ့ ပြစ်မှုမှတ်တမ်းကို ပယ်ဖျက်ပေးဖို့၊ နိုင်ငံတကာ ဥပဒေနဲ့အညီ လျော်ကြေးပေးဖို့ အဖွဲ့က တောင်းဆိုတယ်။ ဒါ့အပြင် “ဒီလိုမတရားမှုတွေ ဖြစ်ဖို့ အကြောင်းဖန်လာတဲ့ အခြေအနေအရပ်ရပ်ကို စုံစမ်းဖော်ထုတ်ဖို့၊” “[သက်သေခံတွေရဲ့] အခွင့်အရေး ချိုးဖောက်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့” တောင်းဆိုတယ်။

သက်သေခံ ၁၈ ယောက်ဟာ ရုရှားကိုယ်တိုင် ပါဝင်တဲ့ နိုင်ငံတကာ သဘောတူညီချက်ပါ “ဘာသာရေး လွတ်လပ်ခွင့်ကို ကျင့်သုံးရုံနဲ့ ဖမ်းဆီး၊ ထိန်းသိမ်းပြီး ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရတဲ့ ရုရှားနိုင်ငံက ယေဟောဝါသက်သေများစွာအနက် တချို့ပဲ ရှိသေးတယ်” လို့ စာတမ်းမှာ ဖော်ပြတယ်။ ဒါကြောင့် လက်ရှိစာတမ်းက သက်သေခံ ၁၈ ယောက်ကိုပဲ နာမည်နဲ့တကွ ဖော်ပြပေမဲ့ ဒီအဆိုပြုချက်ဟာ ထပ်တူအခြေအနေ ရောက်နေသူအားလုံးနဲ့ သက်ဆိုင်ကြောင်း ဆိုတယ်။

အဖွဲ့ရဲ့ အဆိုပြုချက်ကြောင့် ရုရှားက ညီအစ်ကို/မတွေ လွတ်ငြိမ်းခွင့်ရမယ်လို့ အာမ မခံနိုင်ပေမဲ့ အခြေအနေ တိုးတက်လာမယ်လို့တော့ မျှော်လင့်နိုင်စရာအကြောင်း ရှိတယ်။ ရုရှားရဲ့တုံ့ပြန်မှုကို ကျွန်တော်တို့ စောင့်နေပါတယ်။ လောလောဆယ် ရုရှားက ညီအစ်ကို/မတွေဟာ နှိပ်စက်ညှဉ်းပန်းမှုကို သတ္တိရှိရှိ ခံရပ်နေကြပါတယ်။ မေတ္တာရှင် ဖခင် ယေဟောဝါက မိမိကို ယုံကြည်အားကိုးတဲ့ သူတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနေပါတယ်။—ရောမ ၁၅:၁၃