မာတိကာဆီ ကျော်သွား

ညီအစ်မ စဗယ်လာနာ မိုနစ်နဲ့ ခင်ပွန်း အလမ် အလီယေ့ဗ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | ယုံကြည်ချက်ကြောင့် ရာဇဝတ်မှုနဲ့ တရားစွဲခံထားရတဲ့ ညီအစ်မ စဗယ်လာနာ မိုနစ် အပြုသဘော ဆက်ရှိနေ

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချခံရ | ယုံကြည်ချက်ကြောင့် ရာဇဝတ်မှုနဲ့ တရားစွဲခံထားရတဲ့ ညီအစ်မ စဗယ်လာနာ မိုနစ် အပြုသဘော ဆက်ရှိနေ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ညီအစ်မ စဗယ်လာနာ မိုနစ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲ ချလိုက်တယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။

၂၀၂၂ ခုနှစ်၊ မတ် ၉ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက စဗယ်လာနာကို အပြစ်ရှိကြောင်းစီရင်ခဲ့တဲ့ အောက်ရုံးရဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်တယ်။ အမှုကို ပြန်စစ်ဆေးဖို့ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးဆီ ပြန်ပို့လိုက်တယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက စဗယ်လာနာကို ပိတ်ပင်ထားတဲ့ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့အတွက် အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ပါတယ်။ တရားရုံးက ညီအစ်မကို ရူဘယ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၅ ဒေါ်လာ) ဒဏ်ငွေဆောင်ဖို့ အမိန့်ချခဲ့တယ်။

ကိုယ်ရေးအကျဉ်း

စဗယ်လာနာ မိုနစ်

  • မွေးဖွားတဲ့နှစ်– ၁၉၇၇ (လီစိုဇာဗို့စ်)

  • ဘဝအတ္ထုပ္ပတ္တိ– အမြင်အာရုံ တဖြည်းဖြည်းဆိုးဝါးတဲ့ရောဂါ ခံစားနေရတယ်။ ဘာသာစကား သင်ယူရတာ နှစ်သက်တယ်။ တရုတ်၊ အင်္ဂလိပ်၊ ဂျာမန်စကားတွေ လေ့လာတယ်။ သားကို သူပဲ အဓိက ပြုစုစောင့်ရှောက်ခဲ့တယ်။ မိသားစုကို ထောက်ပံ့ဖို့ တရုတ်စားသောက်ဆိုင်ငယ်လေး ဖွင့်ထားတယ်။

    ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ မတရားမှုတွေကြောင့် စိတ်ဒုက္ခရောက်လို့ ကျမ်းစာ စလေ့လာတယ်။ ၂၀၀၅ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၅ မှာ အလမ် အလီယေ့ဗ်နဲ့ လက်ထပ်တယ်။ သူလည်း ပြစ်မှုနဲ့ တရားစွဲခံထားရတယ်။

အမှုနောက်ကြောင်း

၂၀၁၉၊ စက်တင်ဘာ ၂၆ မှာ ဖယ်ဒရယ် လုံခြုံရေး (FSB) စုံစမ်းစစ်ဆေးရေး အကြီးတန်း အရာရှိ လျူတီနန် ဒီ ယန်ကင်းက ညီအစ်မ စဗယ်လာနာ မိုနစ်ကို အမှုဖွင့်တယ်။ ၉၁ နှစ်အရွယ် အဘွားကို စောင့်ရှောက်ဖို့ ကားလိုပေမဲ့ ညီအစ်မရဲ့ ကားသုံးခွင့်ကို တရားရုံးက နှစ်လနီးပါး ပိတ်ပင်ခဲ့တယ်။

၂၀၁၉၊ ဒီဇင်ဘာမှာ ပထမ စစ်ဆေးမှု ပြီးတယ်။ နောက်ပိုင်းမှာ အရာရှိတွေက အမှုကို ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးဆီ လွှဲလိုက်တယ်။

နှိပ်စက်ညှဉ်းပန်းမှု ကြုံရတာနဲ့ပတ်သက်ပြီး စဗယ်လာနာ ဒီလိုပြောတယ်– “အိမ်ကို ဝင်ရှာတုန်းက ကျွန်မ အေးအေးဆေးဆေးပဲ။ ‘ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် နှိပ်စက်ခံရသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်’ ဆိုတဲ့ စကား မှန်ကန်တယ်ဆိုတာ ဦးဆုံးအကြိမ် ကိုယ်တွေ့ကြုံခဲ့ရတယ်။”—မဿဲ ၅:၁၀

အိမ်ကို ဝင်ရှာပြီးနောက် စဗယ်လာနာရဲ့ ခင်ပွန်း အလမ်ဟာ ယာယီအချုပ်ထောင်မှာ ရှစ်ရက် ထိန်းသိမ်းခံရတယ်။ စဗယ်လာနာ ဒီလိုပြောတယ်– “အလမ်အတွက် တအား စိတ်မပူမိဖို့ကြိုးစားရတာ ကျွန်မအတွက် အခက်ဆုံးပဲ။ သူ့ရဲ့ နာတာရှည် ကျောရိုးရောဂါ ပိုဆိုးလာလို့ စိုးရိမ်မိတယ်။ အိမ်ကို ဝင်မရှာခင် တစ်ပတ်တုန်းကပဲ . . . ဆေးခန်း ပြနေရတာ။ သူနဲ့ ဘာအဆက်အသွယ်မှ မရလို့ သူ အဆင်ပြေရဲ့လားဆိုတာ မသိနိုင်ခဲ့ဘူး။ ကိုယ့်ခံစားချက်တွေ ယေဟောဝါကို ပြောပြတယ်။ အလမ်ကို အကောင်းဆုံး စောင့်ရှောက်ပေးမှာပါဆိုတဲ့ အသိစိတ်နဲ့ စိုးရိမ်မှုအားလုံးကို ယေဟောဝါဆီ အပ်လိုက်တယ်။”

စဗယ်လာနာက မိမိနဲ့အတူ ယေဟောဝါ ရှိမှန်း အပြည့်အဝ ယုံကြည်တယ်။ သူ ဒီလိုပြောတယ်– “ဘုရားရဲ့ ထောက်မမှုကို ကျွန်မ ကိုယ်တွေ့ ခံစားရတယ်။ အခုအချိန်က ထိတ်ထိတ်ပျာပျာ ဖြစ်ရမယ့် အချိန် မဟုတ်ဘူး။ . . . ကိုယ့်ကိုယ်ကိုယ် အာရုံမစိုက်မိဖို့ ကျွန်မ ကြိုးစားတယ်။ ယေဟောဝါအပေါ် ဘယ်လို ဆက်သစ္စာစောင့်သိရမလဲဆိုတာကိုပဲ စဉ်းစားတယ်။”

အပြုသဘော ဆက်ရှိနေအောင် ယုံကြည်ခြင်း ခိုင်မာနေဖို့ စဗယ်လာနာနဲ့ အလမ် ကြိုးစားတယ်။ “နေ့တိုင်း ကျွန်မတို့နှစ်ယောက် နေ့စဉ်ကျမ်းချက် ဖတ်ပြီး ဆွေးနွေးတယ်။ ကျမ်းစာ အခန်းကြီးတစ်ခန်း ဖတ်တယ်။ ယေဟောဝါဆီက နှစ်သိမ့်မှု ရဖို့၊ ဘုရားကို အားကိုးဖို့ ကူညီပေးတဲ့ ကျမ်းချက်တွေကို အထူးအာရုံစိုက်တယ်” လို့ စဗယ်လာနာ ပြောတယ်။ “မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ ဘုရားသခင်ပါ” ဆိုတဲ့ ၂၀၁၉ နှစ်ချုပ်ကျမ်းချက်၊ ဟေရှာယ ၄၁:၁၀ က ယေဟောဝါရဲ့ မေတ္တာကို သတိရစေပြီး ယုံကြည်စိတ်ချစေတယ်။ “အဲဒီကျမ်းချက်ကို ပရင့်ထုတ်ပြီး ဘောင်သွင်းထားတယ်” လို့ စဗယ်လာနာ ပြောတယ်။

စဗယ်လာနာရဲ့ ခံနိုင်ရည်က သက်သေခံ မဟုတ်တဲ့ ဆွေမျိုးတွေအပေါ်လည်း ကောင်းကျိုးသက်ရောက်တယ်။ “တစ်ချိန်က ဆန့်ကျင်ခဲ့ဖူးတဲ့ အမေ့ကို ကောင်းကောင်းသက်သေခံနိုင်ခဲ့တယ်။ သူ အခု ကျွန်မတို့ရဲ့ ခံယူချက်ကို လေးစားနေပြီ။ ကျွန်မတို့အတွက် စိတ်မကောင်းဖြစ်တယ်လို့ ပြောပြီး ကူညီပေးတယ်။ ဩသဒေါက်စ် ဘာသာဝင် ၉၁ နှစ်အရွယ် အဘွားလည်း ကျွန်မအတွက် စိတ်မကောင်း ဖြစ်ပြီး စိုးရိမ်တယ်လို့ ပြောတယ်။ ကျမ်းစာကိုလည်း စိတ်ဝင်စားလာတယ်” ဆိုပြီး စဗယ်လာနာ ပြောတယ်။

စဗယ်လာနာနဲ့ အလမ်အတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ “သူတို့စိတ်နှလုံးကို” ယေဟောဝါ ‘ဆက်ခိုင်ခံ့စေ’ မှာ ဖြစ်လို့ အပြုသဘော ဆက်ရှိနိုင်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။—ဆာလံ ၁၀:၁၇