မာတိကာဆီ ကျော်သွား

အပေါ်တန်း (ဝဲမှယာ)။ ညီအစ်ကို ဘောရစ် ဘူရီလာ၊ အလက်စန်ဒါ အိုင်နိုဇမ်တေ့

အောက်တန်း (ဝဲမှယာ)။ ညီအစ်ကို ဗစ်တာ ကုချ်ကို၊ အီဂေါ် တူရစ်ခ်၊ ယူရီ ဗက်

ဧပြီ ၂၁၊ ၂၀၂၁
ရုရှား

နောက်ဆုံးအချက်အလက် | ရုရှားနိုင်ငံ၊ ပမ်မြို့မှာ ဝင်ရောက်စီးနင်း ဖမ်းဆီးခံရချိန်အတွင်း ညီအစ်ကို ငါးဦး ရဲစွမ်းသတ္တိ ရှိမြဲ၊ ရွှင်လန်းနေဆဲ

နောက်ဆုံးအချက်အလက် | ရုရှားနိုင်ငံ၊ ပမ်မြို့မှာ ဝင်ရောက်စီးနင်း ဖမ်းဆီးခံရချိန်အတွင်း ညီအစ်ကို ငါးဦး ရဲစွမ်းသတ္တိ ရှိမြဲ၊ ရွှင်လန်းနေဆဲ

၂၀၂၂၊ မေလ ၁၂ ရက်မှာ တရားစီရင်ရေး နယ်မြေ ၇ အယူခံတရားရုံးက ညီအစ်ကို ဘောရစ် ဘူရီလာ၊ အလက်စန်ဒါ အိုင်နိုဇမ်တေ့၊ ဗစ်တာ ကုချ်ကို၊ အီဂေါ် တူရစ်ခ်၊ ယူရီ ဗက်တို့ရဲ့ ဒုတိယ အယူခံကို ပယ်ချလိုက်ပါတယ်။ ဒီတစ်ကြိမ် သူတို့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

၂၀၂၁၊ ဩဂုတ်လ ၂၃ ရက်မှာ ပမ်ဒေသ တရားရုံးက ဘောရစ်၊ အလက်စန်ဒါ၊ ဗစ်တာ၊ အီဂေါ် ၊ ယူရီတို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ မူလပြစ်ဒဏ် အတည်ဖြစ်သွားပါပြီ။

၂၀၂၁၊ မေလ ၁၂ ရက်မှာ ပမ်မြို့ စက်မှုခရိုင်တရားရုံးက ဘောရစ်၊ အလက်စန်ဒါ၊ ဗစ်တာ၊ အီဂေါ်၊ ယူရီတို့ရဲ့ အမှုတွေကို စီရင်ချက် ချလိုက်တယ်။ အီဂေါ်ကို ဆိုင်းငံ့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်တယ်။ ကျန်ညီအစ်ကို လေးဦးကို ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်တယ်။

ကိုယ်ရေးအကျဉ်း

ဘောရစ် ဘူရီလာ

  • မွေးဖွားတဲ့နှစ်။ ၁၉၄၁ (ဆာဗက်စတိုပိုမြို့)

  • ဘဝအတ္ထုပ္ပတ္တိ။ ပမ်ဒေသမှာ ကြီးပြင်းလာတယ်။ မြေယာပြုပြင် စိုက်ပျိုးမှုပညာ ဘွဲ့လက်မှတ် ရထားတယ်။ ကလေးဘဝမှာ အမေက ကျမ်းစာ ဖတ်ပြလေ့ရှိတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း ကျမ်းစာအုပ် ရလာတယ်။ ၁၉၉၆ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။

အလက်စန်ဒါ အိုင်နိုဇမ်တေ့

  • မွေးဖွားတဲ့နှစ်။ ၁၉၇၂ (ကော့စတန်နေမြို့)

  • ဘဝအတ္ထုပ္ပတ္တိ။ စစ်တပ်မှာ စစ်မှုထမ်းဖူးတယ်။ လျှပ်စစ်ပြင်တယ်၊ ကားပြင်တယ်။ လောလောဆယ် အဆောက်အအုံ ပြုပြင်ထိန်းသိမ်းတာ၊ တိုက်ခန်း ပြုပြင်မွမ်းမံတာတွေ လုပ်တယ်။ ကျမ်းစာဖတ်ပြီး ယေဟောဝါသက်သေတွေနဲ့ လေ့လာတဲ့အခါ လူတွေ ဘာကြောင့် မတရားမှုတွေ ကြုံရပြီး သေဆုံးရသလဲဆိုတာ သိလာလို့ စိတ်ကျေနပ်သွားတယ်။ ၁၉၉၆ မှာ နှစ်ခြင်းခံတယ်။ ၂၀၁၇ ခုနှစ်မှာ အလီဆာနဲ့ လက်ထပ်တယ်။ သမီးငယ်ကို အတူပြုစုစောင့်ရှောက်ကြတယ်။ ပန်းချီဆွဲတာ၊ ဟော်ကီကစားတာ၊ ငါးမျှားတာ ဝါသနာပါတယ်။

ဗစ်တာ ကုချ်ကို

  • မွေးဖွားတဲ့နှစ်။ ၁၉၆၇ (စဗက်လစ်စာ)

  • ဘဝအတ္ထုပ္ပတ္တိ။ ကလေးဘဝကတည်းက ပန်းပုထု ဝါသနာပါတယ်။ သတ္တုအင်ဂျင်နီယာ၊ ဒီဇိုင်းအင်ဂျင်နီယာအလုပ် လုပ်တယ်။ ငါးမျှားတာ၊ ဘော်လီဘော ကစားတာ ကြိုက်တယ်။ ၁၉၈၈ ခုနှစ်မှာ တန်ညာနဲ့ လက်ထပ်တယ်။ သမီးတစ်ယောက် ရှိတယ်။ ဘုရားအကြောင်း အလွန် စိတ်ဝင်စားတယ်။ ၁၉၉၃ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။

အီဂေါ် တူရစ်ခ်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၈ (နယ်လီဒိုဗို)

  • ဘဝအတ္ထုပ္ပတ္တိ။ ဓာတ်ပုံဆရာ၊ ဗိသုကာ ဒီဇိုင်းနာပါ။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာတယ်။ ကျမ်းစာထဲက အကြောင်းအရာတွေ အချိတ်အဆက်မိတာကို အလွန် သဘောကျတယ်။ ၁၉၉၈ မှာ နှစ်ခြင်းခံတယ်။ ၂၀၀၂ မှာ လက်ထပ်တယ်။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။ ဓာတ်ပုံပညာ၊ ဗီဒီယိုပညာ၊ ရေဒီယို အီလက်ထရောနစ်ပညာကို စိတ်ဝင်စားတယ်။

ယူရီ ဗက်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၅ (လီစိုစီဘရစ်)

  • ဘဝအတ္ထုပ္ပတ္တိ။ ကရိန်းစက် မောင်းတတ်ဖို့ သင်ထားတယ်။ လျှပ်စစ်ပြင်တာ၊ အဆောက်အအုံ ပြုပြင်တာတွေ လုပ်တယ်။ စစ်တပ်မှာ စစ်မှုထမ်းချိန်က ညီမက ကျမ်းစာအကြောင်း ပြောပြတယ်။ ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာတဲ့အတွက် ညီမရဲ့ အသက်တာ တိုးတက်ကောင်းမွန်လာတာ မြင်ရလို့ သူလည်း ကျမ်းစာ လေ့လာတယ်။ ၁၉၉၆ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ ၁၉၉၆ မှာ စဗယ်လာနာနဲ့ လက်ထပ်တယ်။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။

အမှုနောက်ကြောင်း

၂၀၁၉၊ စက်တင်ဘာ ၁၇ မှာ ပမ်မြို့က နေအိမ်တွေကို ဖယ်ဒရယ် လုံခြုံရေးအဖွဲ့ (FSB) နဲ့ အထူးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတယ်။ အနည်းဆုံး ညီအစ်ကို ဆယ်ဦးရဲ့ အိမ် ဝင်ရောက်ရှာဖွေခံရတယ်။ အာဏာပိုင်တွေက ငွေ၊ ဖုန်း၊ အီလက်ထရောနစ် ပစ္စည်းတွေကို သိမ်းယူကြတယ်။ ဗစ်တာနဲ့ အီဂေါ်ကို ရက်အတော်ကြာကြာ ဖမ်းဆီးထိန်းသိမ်းထားတယ်။ လေးလနီးပါး နေအိမ်အကျယ်ချုပ် ချလိုက်တယ်။ လောလောဆယ် ခံဝန်ချက်တွေနဲ့ နေနေရတယ်။ ရုရှား “အစွန်းရောက်သမား” စာရင်းထဲ သူတို့နာမည် ထည့်ထားတယ်။

ဒီညီအစ်ကိုအားလုံး အခက်အခဲတွေ ကြုံရပေမဲ့ ရဲစွမ်းသတ္တိ ရှိနေမြဲ၊ ရွှင်လန်းနေဆဲပါပဲ။

အခုဆို ယေဟောဝါကို မကြာခဏ ဆုတောင်းဖြစ်တယ်လို့ ယူရီ ပြောတယ်။ မိမိကို ယေဟောဝါ ထောက်မပုံ၊ ခွန်အားပေးပုံတွေကို ပြန်တွေးတောဆင်ခြင်တယ်။ “ယောရှု ၁:၇ မှာ ပါတဲ့ စကားတွေကြောင့် စိတ်တည်ငြိမ်သွားတယ်။ ဒါဟာ ကျွန်တော် လိုက်နာရမယ့် လမ်းညွှန်ချက်ပဲ။ ကျွန်တော့်ကို ယေဟောဝါ ဂရုတစိုက် ကူညီနေတယ်လို့ ခံစားရတယ်” ဆိုပြီး သူ ပြောတယ်။

ယေဟောဝါရဲ့ အဖွဲ့အစည်းအကြောင်း တွေးတောဆင်ခြင်တာက အခုလို စမ်းသပ်ခံရချိန်မှာ စိတ်တည်ငြိမ်စေတယ်လို့ ဗစ်တာ ပြောတယ်။ “ယေဟောဝါရဲ့ ကြီးမြတ်မှု၊ ဘုရားအဖွဲ့အစည်းရဲ့ မြင်နိုင်တဲ့အပိုင်း၊ မမြင်နိုင်တဲ့အပိုင်း၊ ညီအစ်ကို အသင်းအပင်း၊ ဟောပြောခြင်းလုပ်ငန်း ပြီးမြောက်အောင်မြင်နေပုံ၊ အမှန်တရားရဲ့ အကျိုးကျေးဇူးအကြောင်း ပြန်စဉ်းစားတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံမစိုက်မိအောင် ကူညီပေးတယ်။ ချက်ချင်း စိတ်တည်ငြိမ်သွားတယ်။”

အိမ်ပြန်ရောက်တော့ အီဂေါ်က သူ့တွေ့ကြုံမှုကို ဟာသနှောပြီး ပြန်ပြောတယ်။ “ထိန်းသိမ်းခံရချိန်မှာ ကျွန်တော့်ကို အားပေးဖို့ သမီးက ကမ္ဘာသစ်ပုံ ပန်းချီဆွဲပေးတယ်။ အာဏာပိုင်တွေ ကျွန်တော့်ကို မပေးဘူး။ ထောင်စောင့်က ပန်းချီကို အကြာကြီး ကြည့်ပြီး ‘ဒါကို လက်ခံလို့ မဖြစ်ဘူး။ ကြည့်ရတာ ဒါဟာ ထောင်က လွတ်မြောက်ဖို့ အစီအစဉ်ပဲ’ လို့ ကျွန်တော့်ဇနီးကို ပြောတယ်တဲ့။ တကယ်လည်း ကမ္ဘာသစ်ဟာ ဒီစနစ်ဆိုးကနေ လွတ်မြောက်စေမယ့် အစီအစဉ်ပါပဲ။”

ယေဟောဝါဟာ ဒီညီအစ်ကိုတွေကိုကော မိသားစုဝင်တွေကိုပါ သန့်ရှင်းတဲ့ စွမ်းအားတော် ပေးပြီး ဆက်ထောက်မနေမယ်၊ လိုအပ်တဲ့ ခွန်အားကို အမြဲ ပေးနေမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ဧဖက် ၃:၂၀