မာတိကာဆီ ကျော်သွား

မော်စကိုဒေသ ချက်ကော့ဗ်မြို့ တရားရုံး

မေ ၂၁၊ ၂၀၂၁
ရုရှား

ညီအစ်ကိုနဲ့ ညီအစ်မ ခူတရာခေါ့ဗ်၊ ညီအစ်ကို နစ်ကီဖိုရော့ဗ်နဲ့ ဂျရဲဆော့ဗ်တို့ စမ်းသပ်မှု ကြုံနေရပေမဲ့ ယေဟောဝါကို ယုံကြည်အားကိုး

ညီအစ်ကိုနဲ့ ညီအစ်မ ခူတရာခေါ့ဗ်၊ ညီအစ်ကို နစ်ကီဖိုရော့ဗ်နဲ့ ဂျရဲဆော့ဗ်တို့ စမ်းသပ်မှု ကြုံနေရပေမဲ့ ယေဟောဝါကို ယုံကြည်အားကိုး

နောက်ဆုံးအချက်အလက် | ရုရှား အထက်တရားရုံးက ဒုတိယ အယူခံကို ပယ်ချ

၂၀၂၂၊ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ရုရှား ပထမအဆင့် ခုံရုံးက ညီအစ်ကို ယူရီ ခူတရာခေါ့ဗ်နဲ့ ဇနီး ဇီနာရီဒါ၊ ညီအစ်ကို ဗီတာလီ နစ်ကီဖိုရော့ဗ်နဲ့ ကွန်စတန်တင် ဂျရဲဆော့ဗ်တို့ရဲ့ ဒုတိယအကြိမ် အယူခံကို ပယ်ချလိုက်ပါတယ်။ အခုတစ်ကြိမ် သူတို့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

၂၀၂၁၊ ဇူလိုင် ၂၀ ရက်နေ့မှာ မော်စကို ခရိုင်တရားရုံးက ယူရီ၊ ဇီနာရီဒါ၊ ဗီတာလီနဲ့ ကွန်စတန်တင်တို့ရဲ့ မူလ ဆိုင်းငံ့ ထောင်ဒဏ်ကို အတည်ပြုလိုက်ပါတယ်။

၂၀၂၁၊ မေ ၂၄ မှာ မော်စကိုဒေသ ချက်ကော့ဗ်မြို့ တရားရုံးက ယူရီ၊ ဇီနာရီဒါ၊ ဗီတာလီနဲ့ ကွန်စတန်တင်တို့ကို အပြစ်ရှိကြောင်း စီရင်ချက် ချတယ်။ ယူရီကို ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ်၊ ဇီနာရီဒါ၊ ဗီတာလီနဲ့ ကွန်စတန်တင်တို့ကို ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်တယ်။

ကိုယ်ရေးအကျဉ်း

ယူရီ ခူတရာခေါ့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၅၂ (နိဇ်နီ နို့ဗ်ဂိုရော့)

  • ဘဝအတ္ထုပ္ပတ္တိ။ စက်မှုအင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာ ဖြစ်တယ်။ ပုံကြမ်းရေးဆွဲသူ၊ အလုပ် ကြီးကြပ်သူလည်း ဖြစ်တယ်။ ဘဝရဲ့ အဓိပ္ပာယ်ကို နှစ်ပေါင်းများစွာ ရှာဖွေပြီးနောက် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတော့မှ သိချင်တဲ့ အဖြေတွေ ရသွားတယ်။ ၁၉၉၈ ခုနှစ်မှာ နှစ်ခြင်းခံတယ်

    ၂၀၁၂ ခုနှစ်မှာ ညီအစ်မ ဇီနာရီဒါနဲ့ လက်ထပ်တယ်။ ချက်ပြုတ်တာ၊ သီချင်းနားထောင်တာ နှစ်သက်ကြတယ်

ဇီနာရီဒါ ခူတရာခေါ့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၅၈ (နိဇ်နေဒီဗေခ်)

  • ဘဝအတ္ထုပ္ပတ္တိ။ သမီးတစ်ယောက် ရှိတဲ့ တစ်ကိုယ်ရေ မိခင်ပါ။ ကြွေထည်မြေထည်၊ အပူခံ ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံမှာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်တယ်။ အခုတော့ အငြိမ်းစား ယူလိုက်ပါပြီ

    လောကမှာ မြင်တွေ့ရတဲ့ မတရားမှုကြောင့် သောကရောက်ခဲ့တယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီးနောက် စိတ်ကျေနပ်စေတဲ့ အဖြေတွေ ရသွားတယ်။ ၂၀၀၃ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ ၂၀၁၂ မှာ ညီအစ်ကို ယူရီနဲ့ လက်ထပ်တယ်။

ဗီတာလီ နစ်ကီဖိုရော့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၆၈ (နေဗယ်၊ ပါစတော့ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ ကလေးဘဝကတည်းက သင်္ချာ တော်တယ်။ အားကစား ဝါသနာပါတယ်။ ရုရှားလေတပ်မှာ လေယာဉ် စက်ပြင်သူအဖြစ် လုပ်ခဲ့တယ်

    ၂၀၀၅ ခုနှစ် မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ၂၀၀၇ မှာ တပ်ကနေ အငြိမ်းစားယူတယ်။ ၂၀၁၂ မှာ နှစ်ခြင်းခံတယ်

ကွန်စတန်တင် ဂျရဲဆော့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၃ (တာ့ခ်မင်နစ္စတန်)

  • ဘဝအတ္ထုပ္ပတ္တိ။ ကလေးဘဝမှာ အလေးမတာ၊ တံဆိပ်ခေါင်း စုတာ ဝါသနာပါတယ်။ စက်မှုသင်တန်းကျောင်းကနေ ဘွဲ့ရပြီးနောက် လျှပ်စစ်ပြင်တဲ့အလုပ် လုပ်တယ်။ ၂၀၀၃ ခုနှစ်ကစပြီး နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် စက်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်တယ်

    ၁၉၉၄ ခုနှစ်မှာ နာတာလျာနဲ့ လက်ထပ်တယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ အတူလေ့လာကြတယ်။ ၂၀၁၆ မှာ နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ စက်တင်ဘာ ၃၀ မှာ မော်စကိုဒေသက ရုရှား ထောက်လှမ်းရေး ကော်မတီက ညီအစ်ကို ဗီတာလီ နစ်ကီဖိုရော့ဗ်၊ ကွန်စတန်တင် ဂျရဲဆော့ဗ်၊ ယူရီ ခူတရာခေါ့ဗ်နဲ့ ဇနီး ညီအစ်မ ဇီနာရီဒါ ခူတရာခေါ့ဗ်တို့ကို ရာဇဝတ်မှုနဲ့ စွဲချက်တင်တယ်။ နှစ်ရက်ကြာပြီးနောက် သူတို့ရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေတယ်။

ဗီတာလီ၊ ကွန်စတန်တင်နဲ့ ဇီနာရီဒါတို့ကို နာရီအတော်ကြာ စစ်ကြောမေးမြန်းပြီး တစ်ည ချုပ်ထားတယ်။ အဲဒီနောက် နေအိမ်အကျယ်ချုပ် ချထားတယ်။

၂၀၂၀၊ မတ် ၅ ရက်မှာ ညီအစ်ကို ယူရီကို ယာယီ ထိန်းသိမ်းရေး စခန်းဆီ ပို့လိုက်တယ်။ အဲဒီကနေ နောက်ထပ် သုံးနေရာ ပြောင်းရွှေ့ခံရပြီး အခုထိ အချုပ်ကျနေဆဲပါ။

စမ်းသပ်မှုတွေ ကြုံရချိန်မှာ ဆုတောင်းခြင်းက သစ္စာရှိရှိ ခံရပ်နိုင်အောင် ကူညီပေးတယ်လို့ ကွန်စတန်တင် ပြောပြတယ်။ အိမ် ဝင်ရောက်စီးနင်းခံရတဲ့ ညမှာ စိုးရိမ်စိတ် လျော့နည်းအောင် ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းတယ်။ “အာဏာပိုင်တွေကို ကျွန်တော်တို့မိသားစု တည်တည်ငြိမ်ငြိမ်၊ လေးလေးစားစား စကားပြောကြတယ်။ ဒီနည်းနဲ့ ဘုရားရဲ့ လူမျိုးဟာ ငြိမ်သက်အေးချမ်းသူတွေ၊ ဥပဒေ လိုက်နာသူတွေ ဖြစ်မှန်း သက်သေခံနိုင်ခဲ့တယ်” လို့ ပြောပြတယ်။

“အခက်အခဲတွေ ကြုံရတဲ့အခါ ဇာခရိ ၂:၈ မှာ ပါတဲ့ ကျမ်းစကားက ကျွန်တော့်ကို အားရှိစေတယ်။ ကျွန်တော့်ကို ယေဟောဝါ ဂရုစိုက်တယ်၊ တန်ဖိုးထားတယ်။ မိမိရဲ့ မျက်ဆန်ကို အထိခိုက်မခံသလိုမျိုး ကျွန်တော့်ကို ကာကွယ်ပေးမယ်ဆိုတာ စိတ်ချစေတယ်” လို့ ကွန်စတန်တင် ပြောပြတယ်။

ဒီညီအစ်ကို/မ လေးယောက်ဟာ ထမ်းထားရတဲ့ ဝန်တွေကို ယေဟောဝါဆီ ပုံအပ်ထားကြတယ်။ သူတို့ကို ယေဟောဝါ ဆက်ဖေးမကူညီမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။—ဆာလံ ၅၅:၂၂