မာတိကာဆီ ကျော်သွား

သစ္စာရှိ ဆွေမျိုးတွေရဲ့ ပုံသက်သေကို ပြန်တွေးတောတဲ့ ရှရှားက ညီအစ်ကိုနှစ်ဦး။ ဘယ်ဘက် (အပေါ်)။ ညီအစ်ကို အိုလက် ဒန်နီလော့ဗ်။ ဘယ်ဘက် (အောက်)။ အိုလက်ရဲ့ အဖိုး ညီအစ်ကို ဖွိုင်ဒေါ ရီဂျယ်နဲ့ အဖွား ရီကက်ထရီနာ။ ညာဘက် (အပေါ်)။ ညီအစ်ကို ဗလာဒီမာ ယာမိုလေယက်(ဂျူနီယာ)။ ညာဘက် (အောက်)။ ဗလာဒီမာရဲ့ အဖိုး ဗလန်တင် ယာမိုလေယက်နဲ့ အဖွား အန်နာ၊ ဗလာဒီမာရဲ့အဖေက ကလေးအရွယ်ပဲ ရှိသေး

နိုဝင်ဘာ ၁၅၊ ၂၀၂၁
ရုရှား

လက်ရှိ ရုရှားမှာ စမ်းသပ်မှု ရင်ဆိုင်နေရတဲ့ ညီအစ်ကိုတွေဟာ အတိတ်က ယုံကြည်ခြင်း ခိုင်ခံ့သူတွေရဲ့ ပုံသက်သေကြောင့် ခွန်အားရှိကြ

လက်ရှိ ရုရှားမှာ စမ်းသပ်မှု ရင်ဆိုင်နေရတဲ့ ညီအစ်ကိုတွေဟာ အတိတ်က ယုံကြည်ခြင်း ခိုင်ခံ့သူတွေရဲ့ ပုံသက်သေကြောင့် ခွန်အားရှိကြ

ညီအစ်ကို အိုလက် ဒန်နီလော့ဗ်နဲ့ ဗလာဒီမာ ယာမိုလေယက်တို့ဟာ နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်ပြီး ပျော်ရွှင်နေတဲ့ ယေဟောဝါသက်သေတွေထဲက နှစ်ယောက် ဖြစ်တယ်။ သတ္တိရှိတဲ့ ဒီညီအစ်ကို နှစ်ယောက်က ရဲစွမ်းသတ္တိနဲ့ ယုံကြည်ခြင်း ပြည့်ဝတဲ့ ဆွေမျိုးတွေဆီကနေ ခွန်အားရတယ်လို့ ပြောပြတယ်။

အိုလက် ဒန်နီလော့ဗ်

အိုလက်ရဲ့ အဖိုး ဖွိုင်ဒေါနဲ့ အဖွား ရီကက်ထရီနာ ရီဂျယ်တို့က ၁၉၅၈ ခုနှစ်မှာ ယေဟောဝါသက်သေ ဖြစ်လာတယ်။ ယေဟောဝါသက်သေတွေကို စတင်နှိပ်စက်ချိန်မှာ ရုရှားအာဏာပိုင်တွေက ရီဂျယ်တို့အိမ်ထဲ ဝင်ရောက်ရှာဖွေပြီး ပိုင်ဆိုင်ရာတွေ သိမ်းသွားကြတယ်။ ဖွိုင်ဒေါကို ဒဏ်တပ်တယ်။ ဒါပေမဲ့ ဖွိုင်ဒေါက မကြောက်ဘဲ မိသားစုလိုက် ဘုရားရေးရာ လုပ်ဆောင်မှုတွေ ဆက်လုပ်တယ်။

ဖွိုင်ဒေါနဲ့ ရီကက်ထရီနာရဲ့ ကလေးတွေ ဖြစ်တဲ့ အဲဖရတ်နဲ့ အယ်လာ (အိုလက်မိခင်) တို့လည်း ကြီးပြင်းလာချိန်မှာ ကဲ့ရဲ့လှောင်ပြောင်ခံရတယ်။ သူတို့လည်း ယုံကြည်ခြင်း ခိုင်ခံ့တယ်။ အဲဖရတ်က စစ်ထဲ ဝင်ဖို့ အခေါ်ခံရတဲ့အခါ ပြတ်ပြတ်သားသား ငြင်းဆိုတယ်။ ဒါကြောင့် သုံးနှစ် ထောင်ကျတယ်။

ဦးလေး အဲဖရတ်လိုပဲ အိုလက် ဒန်နီလော့ဗ်က ယုံကြည်ခြင်းကြောင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရတယ်။ ၂၀၂၁၊ မတ်လကတည်းက ဇနီး နာတလီယာ၊ သား အီရာနဲ့ နီကီတာတို့နဲ့ ကွဲကွာနေတယ်။ အဖိုးအဖွားနဲ့ ဦးလေးကို ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ကူညီပေးသလို မိမိတို့ကိုလည်း ကူညီပေးမယ်လို့ ဒန်နီလော့ဗ်မိသားစု ယုံကြည်တယ်။

ညီအစ်ကို အိုလက် ဒန်နီလော့ဗ်နဲ့ ဇနီး နာတလီယာ၊ သား နီကီတာ(ဘယ်)နဲ့ အီရာ(ညာ)

“ဆိုဗီယက် ပြည်ထောင်စုမှာ ရှိတဲ့ ကျွန်တော့်ဆွေမျိုးတွေ၊ ညီအစ်ကို/မတွေ ခံနိုင်ရည် ရှိရုံမက ဆက်ပျော်ရွှင်နေကြတယ်။ ဒါဟာ ယေဟောဝါစွမ်းအားတော်ရဲ့ တန်ခိုးကြောင့်ပါ။ ကျွန်တော်နဲ့ မိသားစုလည်း ခံနိုင်ရည် ရှိရှိ ဆက်ပျော်ရွှင်နိုင်မှာပါ” လို့ အိုလက် ပြောတယ်။

ဗလာဒီမာ ယာမိုလေယက်

ညီအစ်ကို ဗလာဒီမာ ယာမိုလေယက်(ဂျူနီယာ)နဲ့ ဇနီး ဗလာရီယာ

ဗလာဒီမာရဲ့ အဖွား အန်နာ ယာမိုလေယက်က အီရကွတ်ဒေသ၊ စာရာဘရိုဗိုရွာမှာ နေထိုင်တုန်း ၁၉၅၃ ခုနှစ်မှာ အမှန်တရား သိလာတယ်။ အဲဒီရွာမှာ ယေဟောဝါသက်သေအဖြစ် ပထမဦးဆုံး နှစ်ခြင်းခံသူ ဖြစ်တယ်။ အိမ်နီးချင်းတွေက အတိုက်အခံ လုပ်တယ်။ အမေကလည်း မကြိုက်လို့ အန်နာကို စကားမပြောတော့ဘူး။

အာဏာပိုင်တွေက အန်နာ လိုက်ဟောပြောနေမှန်း ကြားတဲ့အခါ သားဗလာဒီမာ(စီနီယာ)အတွက် အန္တရာယ်ရှိတယ်ဆိုပြီး သားကို ခေါ်သွားမယ်လို့ ခြိမ်းခြောက်ကြတယ်။

အသင်းတော်မှာ ရှိတဲ့ ညီအစ်ကို/မတွေက အန်နာဟာ မိခင်ကောင်း ဖြစ်တယ်ဆိုတဲ့အကြောင်း စာရေးကြတယ်။ အဲဒီခေတ် ခေါင်းဆောင် နီကီတာ ခရူးရှက်ကို စာပေးဖို့ ညီအစ်ကို တစ်ယောက်က မောစကိုမြို့ကို သွားတယ်။ အံ့သြစရာက ခရူးရှက်က ဒီကိစ္စကို စုံစမ်းခိုင်းတယ်။ အန်နာမှာ အပြစ်ဆိုစရာ မရှိကြောင်း ထင်ရှားတဲ့အတွက် အာဏာပိုင်တွေက သားလေးကို မခေါ်သွားကြတော့ဘူး။

အန်နာမှာ နာဒက်စတာဆိုတဲ့ သမီးတစ်ယောက်လည်း ရှိတယ်။ ၁၉၇၀ ပြည့်နှစ်မှာ နာဒက်စတာ ရုတ်တရက် ဗိုက်အောင့်လို့ ဆေးရုံတင်လိုက်ရတယ်။ ဆရာဝန်တွေက အသေအချာ မစစ်ဆေးဘဲ ခွဲစိတ်ပြီး သွေးသွင်းရမယ်လို့ ပြောတယ်။ သားအမိနှစ်ယောက်စလုံး ယုံကြည်ခြင်းကြောင့် သွေးကို လက်မခံကြဘူး။ ဒါပေမဲ့ ဆရာဝန်တွေက အမျိုးအစား မတူတဲ့ သွေးကို အတင်း သွင်းပေးလိုက်တဲ့အတွက် နာဒက်စတာ သေသွားရှာတယ်။ ဒီအမှားကို ဖုံးဖို့ ဒေသခံ အာဏာပိုင်တွေက အန်နာဟာ “သမီးကို ပူဇော်လိုက်ပြီ” ဆိုတဲ့ သတင်းအမှားကို သတင်းစာထဲ ထည့်ကြတယ်။

ဒီအဖြစ်ဆိုးက အန်နာရဲ့ ခင်ပွန်း ဗလန်တင်အတွက် မထင်မှတ်ဘဲ အကျိုးရှိခဲ့တယ်။ ဗလန်တင်က ကလေးတွေကို အန်နာ ကျမ်းစာသင်ပေးတာ မကန့်ကွက်ပေမဲ့ ကိုယ်တိုင်တော့ မလိုက်နာဘူး။ ဒီလိုအခက်အခဲ ကြုံရချိန်မှာ ညီအစ်ကို/မတွေက အန်နာကို ကူညီပေးနေတာကို မြင်တော့ သူလည်း ကျမ်းစာလေ့လာပြီး ယေဟောဝါသက်သေ ဖြစ်လာတယ်။

ညီအစ်ကို  ဗလာဒီမာ ယာမိုလေယက်(စီနီယာ)နဲ့ ဇနီး လုဘို့ဗ်

အန်နာနဲ့ ဗလန်တင်ဟာ သားဗလာဒီမာကို ကျမ်းစာ သင်ပေးတယ်။ သားဗလာဒီမာ(စီနီယာ) အရွယ်ရောက်တော့ လုဘို့ဗ်ဆိုတဲ့ သစ္စာရှိ ညီအစ်မနဲ့ အိမ်ထောင်ကျတယ်။ သူတို့က သားဗလာဒီမာ(ဂျူနီယာ)ကိုလည်း ဘုရားကို ချစ်တတ်ဖို့၊ ကျမ်းစာမူတွေ လိုက်နာတတ်ဖို့ သင်ပေးကြတယ်။

၂၀၂၀၊ ဖေဖော်ဝါရီမှာ ဗလာဒီမာ(ဂျူနီယာ)နဲ့ ဇနီး ဗလာရီယာရဲ့ အိမ်ကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းကြတယ်။ ဗလာဒီမာ(ဂျူနီယာ)ကို ဖမ်းဆီးထိန်းသိမ်းပြီး နှစ်လနီးပါး နေအိမ်အကျယ်ချုပ် ချလိုက်တယ်။ အခု၊ ပိတ်ပင်ထားတဲ့ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို စီစဉ်တယ်ဆိုတဲ့ စွဲချက်အတွက် ပြစ်ဒဏ်ကို စောင့်နေတယ်။ ပြစ်မှုထင်ရှားရင် ၁၅ နှစ်အထိ ထောင်ဒဏ် ကျခံရနိုင်တယ်။ ပြစ်ဒဏ်ခံရမှာကို စိုးရိမ်နေမယ့်အစား မိဘ၊ အဖိုးအဖွားတွေရဲ့ ပုံသက်သေကို သူ တွေးတောဆင်ခြင်တယ်။

“အဖဘုရားရဲ့ နာမည်အတွက် ဒုက္ခခံရတာ အခွင့်ထူးပါပဲ။ မိဘ၊ အဖိုးအဖွားတွေက အခက်အခဲ အမျိုးမျိုး ကြုံခဲ့ပေမဲ့ သစ္စာရှိတယ်။ ကျွန်တော်လည်း ဆက်သစ္စာရှိနိုင်မှာပါ” လို့ ဗလာဒီမာ(ဂျူနီယာ) ပြောတယ်။

အိုလက်နဲ့ ဗလာဒီမာ(ဂျူနီယာ)တို့လိုပဲ ရုရှားက သက်သေခံတွေဟာ မိမိတို့ရဲ့ သစ္စာရှိ ဆွေမျိုးတွေရဲ့ ပုံသက်သေကောင်းကို တန်ဖိုးထားကြတယ်။ အရင်တုန်းက ခံနိုင်ရည် ရှိခဲ့သူတွေ၊ လက်ရှိ ခံနိုင်ရည် ရှိနေသူတွေရဲ့ ပုံသက်သေကို ပြန်သုံးသပ်ပြီး “သူတို့ရဲ့ ယုံကြည်ခြင်းကို အတုယူ” ကြပါစို့။—ဟီဘရူး ၁၃:၇