၂၀၂၂၊ မတ် ၇
ရုရှား
ယေဟောဝါသက်သေတွေရဲ့ အခြေခံ အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ရုရှား ချိုးဖောက်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးက ဆုံးဖြတ်
လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) က ၂၀၂၂၊ ဖေဖော်ဝါရီ ၂၂ မှာ ယေဟောဝါသက်သေ ၁၅ ဦးကို အနိုင်ပေးတဲ့ ဆုံးဖြတ်ချက် ၂ ခု ချခဲ့တယ်။ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အတွင်း ညီအစ်ကိုတွေရဲ့ အိမ်တွေကို ရဲအရာရှိတွေ ဝင်ရောက်စီးနင်းပြီး နှိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ အမှုတွေ ဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်တွေက ညီအစ်ကို/မတွေရဲ့ အခြေခံ အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ရုရှား ချိုးဖောက်ကြောင်း အတည်ပြုခဲ့တယ်။ နစ်နာကြေးအနေနဲ့ ယူရို ၉၉,၀၀၀ ကျော် (ယူအက်စ် ဒေါ်လာ ၁၁၂,၃၂၃) ပေးဆောင်ဖို့ ရုရှားကို အမိန့်ချလိုက်တယ်။ ဒီအပြီးသတ် ဆုံးဖြတ်ချက်တွေကို အယူခံဝင်ခွင့် မရှိပါ။
ဥရောပ တရားရုံးရဲ့ ဆုံးဖြတ်ချက် နှစ်ခုဟာ ရုရှား ကျူးလွန်တဲ့ ပြစ်မှု ခြောက်ခု a နဲ့ပတ်သက်တယ်။ ရုရှားအာဏာပိုင်တွေက လူနေအိမ်တွေ၊ ဝတ်ပြုရာခန်းမထဲ ရှာဖွေဝရမ်းတွေနဲ့ ဝင်ရောက်စီးနင်းတယ်။ ဟောပြောတဲ့အတွက် ဖမ်းဆီးခံရတဲ့ ညီအစ်မနှစ်ယောက်ကို အဝတ်တွေ ချွတ်ပြီး ရှာဖွေတယ်။ ကိုယ်ပိုင်ပစ္စည်းတွေကို သိမ်းယူတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်တဲ့ အမှုတွေ ဖြစ်တယ်။ ဝင်ရောက်ရှာဖွေချိန်မှာ FSB ရဲအရာရှိတွေက မျက်နှာဖုံးစွပ်၊ လက်နက်အပြည့် ကိုင်ဆောင်ထားပြီး ညီအစ်ကို/မတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြတယ်။
ဒီဆုံးဖြတ်ချက်တွေရဲ့ အရေးပါမှုအကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ရှေ့နေ၊ ကျွန်တော်တို့ တရားရေးအဖွဲ့ရဲ့ အတိုင်ပင်ခံ အန်ဒရေ ကာဘွန်နော်က ဒီလိုရှင်းပြတယ်။ ဒီဆုံးဖြတ်ချက်တွေကြောင့် “၂၀၁၇ ခုနှစ်ကတည်းက ယေဟောဝါသက်သေတွေရဲ့ အိမ် ၁,၇၀၀ ကို မတရား ဝင်ရောက်ရှာဖွေမှု အပါအဝင် နောက်နောင် ယေဟောဝါသက်သေ ဖြစ်ရုံနဲ့ အဲဒီလို ဝင်ရောက်ရှာဖွေခဲ့ရင် ရုရှားဟာ ဥရောပ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်တာပဲ။” အဲဒီအပြင် “ယေဟောဝါသက်သေတွေရဲ့ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းကို ရုရှား ပိတ်ပင်မှုအတွက် ပြစ်တင်ရှုတ်ချပါတယ်။ သက်သေခံတွေရဲ့ အမှုဆောင်လုပ်ငန်းဟာ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် အာဏာပိုင်တွေ တားမြစ်လို့ မရဘူးဆိုတာကို ဥရောပ တရားရုံးက လက်ခံကြောင်း ထင်ရှားပါတယ်။”
ဥရောပ တရားရုံးရဲ့ ဒီဆုံးဖြတ်ချက် နှစ်ခုမှာ ရုရှားက ယေဟောဝါသက်သေတွေကို ညှဉ်းပန်းနှိပ်စက်မှုအတွက် ပြစ်တင်ရှုတ်ချထားခြင်း မရှိပေမဲ့ ကျွန်တော်တို့ အဖွဲ့အစည်းကို ပိတ်ပင်ခြင်းနဲ့ပတ်သက်တဲ့ နောက်ပိုင်း ဆုံးဖြတ်ချက်တွေမှာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။ ရုရှားက ယေဟောဝါသက်သေတွေရဲ့ အမှုပေါင်း ၆၀ ကျော်ကို ဥရောပတရားရုံး ဆုံးဖြတ်ပေးဖို့ လိုပါသေးတယ်။ အဲဒီအမှုတွေကို ဆုံးဖြတ်ချက် ချပေးတဲ့အခါ အနိုင်ပေးထားတဲ့ ဒီဆုံးဖြတ်ချက် နှစ်ခုက အကျိုးသက်ရောက်မယ်လို့ မျှော်လင့်ပါတယ်။
ရုရှားက ညီအစ်ကို/မတွေရဲ့ ခိုင်မြဲတဲ့ သစ္စာတည်ကြည်မှုကို လူ့အခွင့်အရေးဆိုင်ရာ အာဏာပိုင်တွေ ထောက်ခံပေးတဲ့အတွက် အထူးဝမ်းသာကြရပါတယ်။ ယေဟောဝါရဲ့ နာမတော်ကို ကျွန်တော်တို့ ခုခံကာကွယ်နေတာ၊ ဘုရားရဲ့ အချုပ်အခြာအာဏာဘက် ကျွန်တော်တို့ ရပ်တည်နေတာကို ဘုရား ကောင်းချီးပေးနေကြောင်း ဒီဆုံးဖြတ်ချက်နှစ်ခုက သက်သေသာဓကပါပဲ။—ဆာလံ ၂၆:၁၁။
a အမှု ခြောက်ခုက- Chavychalova v. Russia; Cheprunovy and Others v. Russia; Novakovskaya v. Russia; Ogorodnikov and Others v. Russia; Pekshuyev and Others v. Russia; and Zharinova v. Russia တို့ ဖြစ်တယ်။