မာတိကာဆီ ကျော်သွား

ဘယ်– အင်ဂိုလာနိုင်ငံ၊ လူအန်ဒါမြို့ အပြည်ပြည်ဆိုင်ရာ ပြပွဲမှာ ညီအစ်ကို/မတွေ ပါဝင်နေကြစဉ်။ ညာ– ညီအစ်ကိုတစ်ယောက်က (အလယ်မှ) ပြခန်းကို လာကြည့်တဲ့ ဧည့်သည်တွေကို ကျမ်းစာလေ့လာနိုင်ပုံကို သရုပ်ပြပေးနေစဉ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်
အင်ဂိုလာ

အင်ဂိုလာနိုင်ငံ အပြည်ပြည်ဆိုင်ရာပြပွဲမှာ လူအယောက် ၂၀၀ ကျော်ကို ကျမ်းစာလေ့လာသင်ယူနိုင်ပုံ ပြပေးနိုင်ခဲ့

အင်ဂိုလာနိုင်ငံ အပြည်ပြည်ဆိုင်ရာပြပွဲမှာ လူအယောက် ၂၀၀ ကျော်ကို ကျမ်းစာလေ့လာသင်ယူနိုင်ပုံ ပြပေးနိုင်ခဲ့

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃ ကနေ ၂၈ ရက်အထိ အင်ဂိုလာနိုင်ငံ၊ လူအန်ဒါမြို့မှာ ၃၉ ကြိမ်မြောက် လူအန်ဒါ အပြည်ပြည်ဆိုင်ရာ ပြပွဲ ကျင်းပခဲ့တယ်။ နှစ်စဉ်ကျင်းပတဲ့ ပြပွဲဖြစ်ပြီး ပြခန်း ၁,၈၀၀ ခန့် ခင်းကျင်းပြသထားတယ်။ ဧည့်သည် ၁၀၀,၀၀၀ ခန့် လာရောက်ကြည့်ရှုပါတယ်။ ယေဟောဝါသက်သေတွေလည်း ကျမ်းစာအခြေပြု အကြောင်းအရာတွေကို ဘာသာစကား ကိုးမျိုးနဲ့ ပြသခဲ့တယ်။ ဧည့်သည်တွေ ကျမ်းစာလေ့လာသင်ယူနိုင်ပုံကို ထိုင်လေ့လာနိုင်တဲ့ နေရာတစ်ခု ပြခန်းမှာ စီစဉ်ပေးထားတယ်။ ကျမ်းစာလေ့လာသင်ယူနိုင်ပုံကို ပြပွဲကာလအတွင်း ၂၂၇ ကြိမ် ပြသပေးခဲ့ပြီး အယောက် ၁၀၀ ကျော်က သူတို့အိမ်ကို လာလည်ပတ်ဖို့ တောင်းဆိုတယ်။

အမျိုးသမီးတစ်ယောက် ပြခန်းဆီ ရောက်လာပြီး ကျမ်းစာအကြောင်း စိတ်ဝင်စားတယ်လို့ ပြောတဲ့အခါ ညီအစ်မက ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတယ်။ အပြန်အလှန် စကားပြောချိန်မှာ အမျိုးသမီးက မေးခွန်းအများကြီးမေးတယ်။ အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိကို သူအထူးစိတ်ဝင်စားတယ်။ အခု ညီအစ်မတစ်ယောက်နဲ့ ပုံမှန် ကျမ်းစာလေ့လာနေပါပြီ။

ညီအစ်မတစ်ယောက်က လက်နဲ့တို့ထိ အသုံးပြုနိုင်တဲ့ မျက်နှာပြင်ကို သုံးပြီး jw.org ကိုပြပေးနေစဉ်

ကျွန်တော်တို့ရဲ့ ကျမ်းစာပညာပေးလုပ်ငန်းကို အခကြေးငွေမယူဘဲ လုပ်ဆောင်နေတာကို အမျိုးသမီးတစ်ယောက် သိသွားတဲ့အခါ သိပ်အံ့ဩသွားတယ်။ လူများနိုင်သမျှများများ ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းကို သိစေချင်လို့ ဒီလိုလုပ်ဆောင်နေတဲ့အကြောင်း ညီအစ်မတစ်ယောက် သူ့ကို ရှင်းပြတယ်။ အမျိုးသမီးက အရင်တုန်းက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာဖူးကြောင်း သိရတဲ့အခါ ညီအစ်မက နိုင်ငံတော်ခန်းမမှာ ဘာတွေလုပ်ဆောင်ကြသလဲ ဗီဒီယို ပြပေးတယ်။ အစည်းအဝေးတွေကို ဘယ်သူမဆိုတက်ရောက်နိုင်ကြောင်း သိသွားတဲ့အခါ ထပ်လေ့လာလိုတဲ့အကြောင်း ပြောသွားတယ်။

ပြပွဲမှာ ယေဟောဝါသက်သေတွေကို တွေ့လိုက်ရလို့ ပေါ်တူဂီက အမျိုးသမီးတစ်ဦး အံ့အားသင့်သွားတယ်။ ယေဟောဝါသက်သေ အိမ်နီးချင်းနဲ့ စကားပြောနေကျလို့ သူပြောပြတယ်။ “ရှင်တို့အဖွဲ့အစည်းကိုတော့ လေးစားသွားပြီ။ အဖွဲ့အစည်းအကြောင်း ပိုသိချင်လာပြီ” လို့ ပြောတယ်။ အိမ်ပြန်ရောက်တဲ့အခါ အိမ်နီးချင်းနဲ့ ကျမ်းစာလေ့လာတော့မယ်လို့ ကတိပေးသွားတယ်။

အင်ဂိုလာက လူများစွာဟာ ကျမ်းစာလေ့လာဖို့ ဆန္ဒရှိတာ၊ “အသက်ရေကို အခမဲ့ ယူကြပါ” ဆိုတဲ့ ယေဟောဝါရဲ့ ဖိတ်ခေါ်ချက်ကို အားတက်သရော လက်ခံနေတာ တွေ့ရလို့ ကျွန်တော်တို့ ဝမ်းမြောက်ပါတယ်။—ဗျာဒိတ် ၂၂:၁၇