အောက်တိုဘာ ၃၀၊ ၂၀၁၉
အင်ဒိုနီးရှား
ကျောင်းသားသူငယ်တွေမှာ ဘာသာရေးလွတ်လပ်ခွင့် ရှိကြောင်း အင်ဒိုနီးရှားတရားရုံး စီရင်ချက်ချ
၂၀၁၉၊ ဩဂုတ် ၈ ရက်နေ့မှာ ဆာမာရင်းဒါ စီမံအုပ်ချုပ်ရေးတရားရုံးက အလံအလေးမပြုမှု၊ နိုင်ငံတော်သီချင်း မသီဆိုမှုနဲ့ ကျောင်းထုတ်ခံခဲ့ရတဲ့ ကလေးသုံးယောက်ဘက်ကနေ အနိုင်ပေး ဆုံးဖြတ်လိုက်ပါတယ်။ ကလေးသုံးယောက်ကို ကျောင်းမထုတ်ဖို့၊ ကျောင်းပြန်တက်ခွင့်ပေးဖို့ စီရင်ချက်ချလိုက်တယ်။ ဒီဆုံးဖြတ်ချက်ကြောင့် အင်ဒိုနီးရှားက ယေဟောဝါသက်သေ မိဘတွေဟာ ကလေးတွေကို ဘာသာရေး ယုံကြည်ချက်တွေ သင်ပေးခွင့် ရှိကြောင်း၊ မိဘရဲ့ ဘာသာရေး ယုံကြည်ချက်ကို လိုက်နာတဲ့အတွက် ကလေးတွေကို အပြစ်မပေးနိုင်ကြောင်း တရားဝင် အတည်ပြုလိုက်ခြင်း ဖြစ်တယ်။
အသက် ၇ နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ် အသီးသီးရှိတဲ့ ယောနသန်၊ ယောရှဝါ၊ မာရီးယာ တန်းဘနတ်ဟာ ၂၀၁၈၊ ဒီဇင်ဘာလမှာ ကျောင်းထုတ်ခံရတယ်။ ဒါပေမဲ့ ကလေးတွေ အလံအလေးမပြုတာ၊ နိုင်ငံတော်သီချင်း မဆိုတာဟာ ဖွဲစည်းပုံ အခြေခံဥပဒေ အပါအဝင် ဘယ်ဥပဒေကိုမှ ချိုးဖောက်ရာ မရောက်ကြောင်း၊ နိုင်ငံတော်ရဲ့ ဓလေ့ထုံးစံတွေ၊ အထိမ်းအမှတ်တွေကို မလေးစားရာ မရောက်ကြောင်း စီမံအုပ်ချုပ်ရေးတရားရုံးက အသိအမှတ်ပြုခဲ့တယ်။
ကလေးတွေရဲ့ ဘာသာရေး ယုံကြည်ချက်ကို လေးစားဖို့၊ သူတို့ကို ကျောင်းပြန်တက်ခွင့် ပေးဖို့ တရားရုံးက ဆုံးဖြတ်ပေးတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ ကျောင်းမှာ အလားတူ စိန်ခေါ်ချက်တွေ ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှားက ယေဟောဝါသက်သေ တခြားကလေးတွေအတွက်လည်း ဒီဆုံးဖြတ်ချက်က အကျိုးပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။