မာတိကာဆီ ကျော်သွား

လူသားဝါဒ ပညာရေးစင်တာမှာရှိတဲ့ “Wedontdothat” ပြခန်း မြေညီထပ်

ဧပြီ ၂၈၊ ၂၀၂၂
အစ္စရေး

ယေဟောဝါသက်သေတွေအပေါ် နာဇီတွေရဲ့ နှိပ်စက်ညှဉ်းဆဲမှုအကြောင်း ပြခန်းကို အစ္စရေးမှာ ဖွင့်လှစ်

ယေဟောဝါသက်သေတွေအပေါ် နာဇီတွေရဲ့ နှိပ်စက်ညှဉ်းဆဲမှုအကြောင်း ပြခန်းကို အစ္စရေးမှာ ဖွင့်လှစ်

နာဇီတွေရဲ့ နှိပ်စက်ညှဉ်းဆဲမှုကို ယေဟောဝါသက်သေတွေ ရဲစွမ်းသတ္တိရှိရှိ ခံရပ်ခဲ့ပုံအကြောင်း ပြခန်းအသစ်တစ်ခုကို ၂၀၂၂၊ မတ်လ ၇ ရက်တုန်းက အစ္စရေးမှာ ဖွင့်လှစ်လိုက်ပါတယ်။ ပြခန်းကို ဂါလိလဲအနောက်ပိုင်းမှာရှိတဲ့ ပြတိုက် (Ghetto Fighters’ House) ထဲက လူသားဝါဒ ပညာရေးစင်တာမှာ အာရဗီ၊ အင်္ဂလိပ်၊ ဟီဘရူးဘာသာစကားနဲ့ ပြသထားတယ်။ ၂၀၂၃၊ မတ်လအထိ ဆက်ပြသထားပါမယ်။ ပြခန်းကို ပြင်ဆင်ရာမှာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို ညီအစ်မ ၅၀ ကျော်က ပြတိုက်ဝန်ထမ်းတွေနဲ့အတူ လုပ်ဆောင်ခဲ့ကြတယ်။ အဲဒီ ညီအစ်ကို၊ ညီအစ်မတွေဟာ ပြခန်းနဲ့ပတ်သက်ပြီး သမိုင်း သုတေသန၊ ဂရပ်ဖစ် ဒီဇိုင်း၊ ဘာသာပြန်ခြင်း အလုပ်တွေကို ကူညီပေးခဲ့ကြတယ်။

ပြခန်းကို “Wedontdothat” (ကျွန်တော်တို့ အဲဒါတွေကို မလုပ်ဘူး) လို့ ခေါင်းစဉ် ပေးထားပါတယ်။ အဲဒီနာမည်က နာဇီတွေရဲ့နှိပ်စက်မှုခံခဲ့တဲ့ ယေဟောဝါသက်သေ ညီအစ်ကို ယိုအာကင်မ် အယ်လ်ဖာမန်ကို ဂျာမန် ပြည်သူ့ကာကွယ်ရေး တပ်သားတစ်ယောက် ပေးခဲ့တဲ့ နာမည်ပြောင် ဖြစ်ပါတယ်။ a နာဇီတွေက ယိုအာကင်မ်ကို အပြင်းအထန် ဖိအားပေး၊ ရိုက်နှက်ပြီး တိုက်ပိတ်ခဲ့ပေမဲ့ “ကျွန်တော်တို့ အဲဒါတွေကိုမလုပ်ဘူး” (“We don’t do that”) လို့ ပြောပြီး စစ်တပ်မှာ ပါဝင်ဖို့ အမြဲငြင်းခဲ့လို့ အဲဒီနာမည် ရခဲ့တာဖြစ်တယ်။ လက်နက်ကိုင်ဖို့ ငြင်းဆန်လို့ နောက်ပိုင်းမှာ ချွေးတပ်စခန်းဆီ အပို့ခံရတယ်။ ပြခန်းတာဝန်ခံ မစ္စစ် ယော်ရာ ဂေါ်လာ ဒီလို ပြောတယ်– “အကြောင်းအမျိုးမျိုးကြောင့် ဂျူးတွေ အသတ်ခံရတယ်လို့ သိထားတာ။ ဒါပေမဲ့ တခြားသူ သန်းနဲ့ချီလည်း အသတ်ခံခဲ့ရတယ်။ . . . သူတို့တွေမှာလည်း ထူးခြားတဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေ ရှိကြတယ်။”

လူသားဝါဒ ပညာရေးစင်တာ ဝင်ပေါက်

မီးလောင်တိုက်သွင်းခြင်းနဲ့ အော့ဇ်ဝစ်ချွေးတပ်စခန်းကို အထူးပြုလေ့လာတဲ့ သမိုင်းပညာရှင် ဒေါက်တာ ဂီဒီယံ ဂရိဖ်က ယေဟောဝါသက်သေတွေဟာ ယုံကြည်ချက်ကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့တဲ့အကြောင်း ပြခန်းဖွင့်ပွဲအစီအစဉ်မှာ ပြောပြခဲ့တယ်။ သူဒီလိုပြောတယ်– “[ယေဟောဝါသက်သေတွေဟာ] မိနစ်ပိုင်းလောက်ကြာတဲ့ လက်မှတ်လေးထိုးရုံနဲ့ အလွယ်တကူ လွတ်နိုင်တယ်။ အဲဒါက လူ့သမိုင်းရဲ့ အမှောင်မိုက်ဆုံးအချိန်မှာ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်း၊ စိတ်နှလုံး သန့်ရှင်းဖြူစင်မှု၊ အပြောအဆို စင်ကြယ်မှုကို ထိန်းသိမ်းခဲ့ကြတဲ့ အုပ်စုတွေ ရှိတယ်ဆိုတာ ဖော်ပြတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေအကြောင်း ပြောဆိုထိုက်တယ်၊ သူတို့ကို သတိရထိုက်တယ်၊ သူတို့အကြောင်း လေ့လာထိုက်၊ သွန်သင်ပို့ချထိုက်ပါတယ်။”

အစ္စရေးဌာနခွဲမှာ အမှုဆောင်နေပြီး ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သူ ညီအစ်မတစ်ဦး ဒီလိုပြောတယ်- “အစ္စရေးနိုင်ငံရဲ့ အများပြည်သူလာလည်ပတ်တဲ့ပြတိုက်မှာ ဒီလိုပြခန်းမျိုး ဖွင့်ခွင့်ရတာကို စဉ်းစားမိရင် မျက်ရည်ကျလာတယ်။ . . . ပြတိုက်တာဝန်ခံတွေက စင်မြင့်ပေါ်ကနေ ဟီဘရူးလို ‘ယေဟောဝါသက်သေတွေ’ လို့ ပြောနေတာကို ကြားရတာ မမေ့နိုင်ဘူး။ ဒီဖြစ်ရပ်က ယေဟောဝါရဲ့ နာမတော်ကို ဂုဏ်တင်ခဲ့တယ် ဆိုတာ သေချာပါတယ်။”

အစ္စရေး ဌာနခွဲရုံးက ညီအစ်ကို ဒေးဗစ် စမိုဇရဂ် ဖွင့်ပွဲမှာ စကားပြောနေစဉ်

ပြခန်းကို လာရောက်ကြည့်ရှုသူတွေဟာ နာဇီဂျာမနီခေတ်က ညီအစ်ကို၊ ညီအစ်မတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ယုံကြည်ခြင်းအကြောင်း သိသွားကြမယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။ သူတို့ရဲ့ သစ္စာရှိပုံနမူနာက ယေဟောဝါရဲ့ မျက်မှောက်ခေတ် ကျေးကျွန်တွေကိုလည်း “ရှေ့မှာရှိတဲ့ ပြေးပွဲကို ခံနိုင်ရည်ရှိရှိ” ဆက်ပြေးကြဖို့ လှုံ့ဆော်မှု ဖြစ်စေပါတယ်။—ဟီဘရူး ၁၂:၁