မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၅၊ ၂ဝ၂၁
အဇာဘိုင်ဂျန်

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက အဇာဘိုင်ဂျန်မှာ ရှိတဲ့ ယေဟောဝါသက်သေတွေဘက် ရပ်တည်

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက အဇာဘိုင်ဂျန်မှာ ရှိတဲ့ ယေဟောဝါသက်သေတွေဘက် ရပ်တည်

၂ဝ၂ဝ၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက အဇာဘိုင်ဂျန်မှာ ရှိတဲ့ ယေဟောဝါသက်သေတွေဘက် ရပ်တည်ပြီး အရေးကြီးဆုံးဖြတ်ချက် နှစ်ခု ချမှတ်ခဲ့တယ်။ အမှုတွေက ရာဟီးမား ဟိုဆာနိုဗာ နဲ့ အဇာဘိုင်ဂျန်၊ ဆာလာဒင် မာမယ်ဒို၊ ရစ်ရှက် နာတာလီရပ်၊ ဆာဒီဂတ် အဘာဆိုဗာ နဲ့ အဇာဘိုင်ဂျန် တို့ဖြစ်တယ်။ အမှုနှစ်ခုစလုံးမှာ ဒီနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ခဲ့တယ်လို့ ကော်မတီက ဆုံးဖြတ်ပြီး အနာဂတ်မှာ ဒီလိုချိုးဖောက်မှုတွေ မဖြစ်အောင် ဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့တယ်။

ရာဟီးမား ဟိုဆာနိုဗာ နဲ့ အဇာဘိုင်ဂျန် အမှုမှာတော့ ဘာကူမြို့မှာရှိတဲ့ ဥပဒေထိန်းသိမ်းရေး အရာရှိတွေက ညီအစ်မ ရာဟီးမား ဟိုဆာနိုဗာကို မိမိယုံကြည်ချက်အကြောင်း တခြားသူတွေကို ဝေမျှလို့ဆိုပြီး ၂ဝ၁၄၊ ဒီဇင်ဘာမှာ ဖမ်းဆီးထောင်ချခဲ့တယ်။ အဲဒီတုန်းက ဘာကူမြို့မှာ ယေဟောဝါ သက်သေတွေဟာ တရားဝင် မှတ်ပုံတင်ထားတဲ့ ဘာသာရေးအဖွဲ့အစည်း မဟုတ်လို့ဆိုပြီး ခရိုင်တရားရုံးက အဇာဘိုင်ဂျန် ငွေ ၁၅ဝဝ (ယူအက်စ်ဒေါ်လာ ၈၈၂) ဒဏ်ငွေ ချမှတ်ခဲ့တယ်။ a ညီအစ်မ ဟိုဆာနိုဗာ အယူခံဝင်တဲ့အခါ ဘာကူ အယူခံ တရားရုံးက ဆုံးဖြတ်ချက်ကို ပြင်ဖို့ ငြင်းဆန်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးအထိ တက်ဖို့ ညီအစ်မ ဆုံးဖြတ်ခဲ့တယ်။

အဇာဘိုင်ဂျန်နိုင်ငံဟာ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CCPR)၊ အပိုဒ် ၁၈ (၁) ကို ချိုးဖောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ ဆုံးဖြတ်ပြီး ညီအစ်မ ဟိုဆာနိုဗာကို လျော်ကြေး ပြန်ပေးဖို့ အမိန့်ချမှတ်လိုက်တယ်။ စိတ်ဝင်စားစရာက ကော်မတီက ဆုံးဖြတ်ချက် ထုတ်ပြန်ချိန်မှာ “အဇာဘိုင်ဂျန်အနေနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်တဲ့ ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့၊ (ICCPR) အပိုဒ် ၁၈ မှာပါတဲ့ အခွင့်ရေးတွေကို ပြည်သူတွေ အပြည့်အဝ ခံစားရအောင် ပြည်တွင်း ဥပဒေ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့ လိုတယ်” လို့ ပြောခဲ့တယ်။

ဆာလာဒင် မာမယ်ဒို၊ ရစ်ရှက် နာတာလီရပ်၊ ဆာဒီဂတ် အဘာဆိုဗာ နဲ့ အဇာဘိုင်ဂျန် အမှုကတော့ ဂန်ဂျာမြို့မှာ ရှိတဲ့ ညီအစ်ကို ဆာလာဒင် မာမယ်ဒိုရဲ့ အိမ်မှာ အတူစုပြီး ကျမ်းစာလေ့လာတဲ့ ညီအစ်ကိုညီအစ်မအုပ်စု ပါဝင်ပတ်သက်တယ်။ အဲဒီလို စုဝေးလေ့လာနေတဲ့ အိမ်ကို ၂ဝ၁၄၊ အောက်တိုဘာမှာ ရဲအရာရှိတွေ ဝင်ရောက်စီးနင်း ရှာဖွေပြီး ကျမ်းစာနဲ့ တခြားပစ္စည်းတွေကို သိမ်းယူသွားတယ်။ ညီအစ်ကို ဆာလာဒင် မာမယ်ဒို၊ ညီအစ်ကို ရစ်ရှက် နာတာလီရပ်နဲ့ ညီအစ်မ ဆာဒီဂတ် အဘာဆိုဗာ တို့ကိုလည်း ရဲစခန်းကို ဖမ်းခေါ်သွားပြီး ခြောက်နာရီကျော် ထိန်းသိမ်းထားတယ်။ နှစ်ရက်ကြာပြီးနောက် ဂန်ဂျာမြို့၊ နီဇာမီ ခရိုင်တရားရုံးက သူတို့ကို ဆင့်ခေါ်တယ်။ ဂန်ဂျာမြို့မှာ တရားဝင် မှတ်ပုံမတင်ထားတဲ့ ဘာသာ ဖြစ်လို့ ဒီစုဝေးမှု တရားမဝင်ဘူးဆိုပြီး တရားရုံးက အမိန့်ချတယ်။ တစ်ယောက်ကို အဇာဘိုင်ဂျန်ငွေ ၂ဝဝဝ (ယူအက်စ်ဒေါ်လာ ၁၁၇၆) ဒဏ်ငွေ ချမှတ်တယ်။ ညီအစ်ကိုတွေနဲ့ ညီအစ်မဟာ ဂန်ဂျာ အယူခံ တရားရုံးမှာ အယူခံဝင်ပေမဲ့ ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံ တရားရုံးက မပြင်ဆင်ပေးဘူး။ ဒါကြောင့် ဒီအမှုကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီမှာ အယူခံဝင်ခဲ့တယ်။

(ICCPR) မှာပါတဲ့ အပိုဒ် တော်တော်များများကို အဇာဘိုင်ဂျန် ချိုးဖောက်ခဲ့ကြောင်း၊ သက်သေခံ သုံးယောက်ကို လျော်ကြေး ပြန်ပေးသင့်ကြောင်း ကော်မတီ တွေ့ရှိခဲ့တယ်။ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ “ညီအစ်ကိုတွေ ကိုယ်ပိုင်အိမ်တွေမှာ ဘာသာရေး စုဝေးမှုတွေ မလုပ်ခင် အစိုးရဆီ အရင်မှတ်ပုံတင်ဖို့ ဘာကြောင့် လိုအပ်တယ်ဆိုတာ ခရိုင်တရားရုံးက မရှင်းပြဘူး” ဆိုပြီး ဖော်ပြထားတယ်။ ဒီဖော်ပြချက်အရ အဇာဘိုင်ဂျန်မှာရှိတဲ့ ညီအစ်ကိုတွေဟာ တရားဝင် မှတ်ပုံမတင်ထားရင်တောင် အတူတကွ ဝတ်ပြုစည်းဝေးပိုင်ခွင့် ရှိတယ်ဆိုတာကို အတည်ပြုပေးတယ်။

ညီအစ်မ ရာဟီးမား ဟိုဆာနိုဗာ အမှုတုန်းကလိုပဲ ကော်မတီက (ICCPR) မှာ အာမခံထားတဲ့ အခွင့်ရေးတွေနဲ့ ကိုက်ညီမှု ရှိအောင် နိုင်ငံရဲ့ “ဥပဒေတွေ၊ စည်းမျည်းတွေ” ကို ပြန်လည်သုံးသပ်ဖို့ အဇာဘိုင်ဂျန်ကို တောင်းဆိုခဲ့တယ်။

အဇာဘိုင်ဂျန်မှာ အခြေအနေတွေ တိုးတက်လာပြီး မကြာသေးခင် နှစ်တွေတစ်လျှောက်မှာလည်း ညီအစ်ကိုတွေရဲ့ လွတ်လပ်စွာ ဝတ်ပြုခွင့်ကို အာဏာပိုင်တွေ ဝင်ရောက် မစွက်ဖက်တော့တာ ကျေးဇူးတင်စရာပါပဲ။ ဒီဆုံးဖြတ်ချက်နှစ်ခုက အဇာဘိုင်ဂျန်မှာ သတင်းကောင်း ဟောပြောခွင့်ကို တရားဥပဒေအရ အတည်ဖြစ်စေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။—ဖိလိပ္ပိ ၁:၇

a ၂ဝ၁၈၊ နိုဝင်ဘာလမှာ အဇာဘိုင်ဂျန်က ဘာကူမြို့မှာ ရှိတဲ့ ယေဟောဝါသက်သေတွေကို တရားဝင် မှတ်ပုံတင်ခွင့် ပေးခဲ့တယ်။