မာတိကာဆီ ကျော်သွား

အဇာဘိုင်ဂျန်နိုင်ငံက ညီအစ်ကို ရွိုင်ရယ် ကာရီမို့နဲ့ ညီအစ်ကို ဆေမာ မာမယ်ဒို

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်
အဇာဘိုင်ဂျန်

ညီအစ်ကို ရွိုင်ရယ် ကာရီမို့နဲ့ ညီအစ်ကို ဆေမာ မာမယ်ဒိုတို့ အဇာဘိုင်ဂျန် အကျဉ်းထောင်ကနေ လွတ်လာပြီ

ညီအစ်ကို ရွိုင်ရယ် ကာရီမို့နဲ့ ညီအစ်ကို ဆေမာ မာမယ်ဒိုတို့ အဇာဘိုင်ဂျန် အကျဉ်းထောင်ကနေ လွတ်လာပြီ

ညီအစ်ကို ရွိုင်ရယ် ကာရီမို့နဲ့ ညီအစ်ကို ဆေမာ မာမယ်ဒိုတို့ အဇာဘိုင်ဂျန် အကျဉ်းထောင်ကနေ လွတ်လာပါပြီ။ ညီအစ်ကို နှစ်ယောက်စလုံးက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့ကြတယ်။

ယခင်သတင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း အရပ်ဘက်လုပ်ငန်း တစ်ခုခုပေးဖို့ ဆေမာ တောင်းဆိုတာကို အဇာဘိုင်ဂျန် ခရိုင်တရားရုံးက ငြင်းဆိုတယ်။ ၂၀၂၂၊ စက်တင်ဘာ ၂၂ ရက်နေ့မှာ သူ့ကို ပြစ်ဒဏ်စီရင်ပြီး ထောင်ဒဏ် ကိုးလ ချတယ်။ ဒါက အဇာဘိုင်ဂျန်အစိုးရအပေါ် လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး ချမှတ်ထားတဲ့ စီရင်ချက်နှစ်ခုကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်ကို ဆေမာရဲ့ ရှေ့နေတွေက အယူခံဝင်ကြတယ်။ ၂၀၂၂၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဂန်ဂျာ အယူခံတရားရုံးက ထောင်ဒဏ်ကို ဆိုင်းငံ့ထောင်ဒဏ်အဖြစ် ချမှတ်လိုက်တယ်။ အခုအချိန်မှာ အကျဉ်းထောင်က လွတ်လာပြီဖြစ်ပေမဲ့ တရားမျှတမှုမရှိတဲ့ အဲဒီပြစ်ဒဏ်စီရင်ချက်ကို ပြောင်းလဲပေးဖို့ အဇာဘိုင်ဂျန် တရားရုံးချုပ်ဆီ ညီအစ်ကို ဆေမာ အယူခံဝင်ထားပါတယ်။

ညီအစ်ကို ဆေမာဟာ အကျဉ်းထောင်ကျတုန်းက ကျမ်းစာဖတ်ခွင့်၊ စာလက်ခံခွင့် မရခဲ့ဘူး။ ဒါပေမဲ့ သူ့ကို ယေဟောဝါ ထောက်မပေးခဲ့ကြောင်း အခုလို ပြောပြတယ်– “ကျွန်တော့်အမှုကို နောက်ဆုံးအကြိမ် မကြားနာခင် တစ်ရက်အလိုမှာ ယောရှု ၁:၅၊ ၆ မှာပါတဲ့ ‘ငါက မောရှေနဲ့အတူ ရှိခဲ့သလို မင်းနဲ့လည်း အတူရှိနေမယ်။ မင်းကို ပစ်ထားမှာ မဟုတ်ဘူး။ စွန့်ခွာမှာ မဟုတ်ဘူး’ ဆိုတဲ့ စကားတွေကို စာရွက်တစ်ရွက်ပေါ် ကျွန်တော်ချရေးခဲ့တယ်။” အဲဒီစကားတွေက ဖမ်းဆီးချုပ်နှောင်ခံရချိန်မှာ ဆေမာ့ကို ခွန်အားရှိစေခဲ့တယ်။ “ကျွန်တော့်အတွက် နေ့စဉ်ကျမ်းချက်ပဲ” လို့ သူပြောပြတယ်။

အာဏာပိုင်တွေက ရွိုင်ရယ်ကို ဂါဒါဘေခရိုင် စစ်သားစုဆောင်းရေးနှင့် စစ်မှုထမ်းစာရင်းရုံးကို ၂၀၂၂၊ မေ ၃၀ ရက်နေ့ အရောက်လာဖို့ ဆင့်ခေါ်တယ်။ ရွိုင်ရယ်က ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပြီး အရပ်ဘက်လုပ်ငန်း တစ်ခုခုပေးဖို့ တောင်းဆိုတယ်။ သူ့တောင်ဆိုချက် ငြင်းပယ်ခံရတယ်။ ၂၀၂၂၊ ဇူလိုင် ၂၅ ရက်နေ့မှာ စစ်အာဏာပိုင်တွေက သူ့ကို ဖမ်းချုပ်ပြီး ၂၀၂၂၊ နိုဝင်ဘာ ၁ ရက်နေ့အထိ စစ်အကျဉ်းထောင်မှာ အချုပ်ချခဲ့တယ်။ ဂါဒါဘေခရိုင် စစ်သားစုဆောင်းရေးနှင့် စစ်မှုထမ်းစာရင်းရုံးရဲ့ အဲဒီလုပ်ရပ်ကို စုံစမ်းစစ်ဆေးပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ရွိုင်ရယ် တောင်းဆိုထားတယ်။

“စစ်အကျဉ်းထောင်ကနေ ပြန်မလွှတ်ပေးဘူးလို့ သူတို့ ပြောတော့ ကျွန်တော် တော်တော် စိုးရိမ်သွားတယ်။ ဒါ ငါ့ယုံကြည်ခြင်းကို စမ်းသပ်နေတာပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရတယ်” ဆိုပြီး ရွိုင်ရယ် ပြောပြတယ်။

ရွိုင်ရယ် အချုပ်ကျချိန်အတွင်း သူ့ရဲ့အစ်မ လာလည်ပတ်ခွင့်ရပြီး ကျမ်းစာယူလာပေးတယ်။ ကျမ်းစာဖတ်ခွင့်ရလို့ သူ့ယုံကြည်ခြင်း ဆက်ခိုင်မာနေခဲ့တယ်။ “ကျွန်တော် စိတ်ဓာတ်ကျချိန်တွေ ရှိတယ်။ အဲဒီအချိန်တွေမှာ ယေဟောဝါက ကျွန်တော့်ကို ခွန်အားဖြည့်ပေးတယ်။ ကျမ်းစာဖတ်ပြီး ယေဟောဝါဆီ ဆုတောင်းတိုင်း စိတ်ငြိမ်သက်မှု ခံစားရတယ်။”

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုကြတဲ့ ညီအစ်ကိုတွေကို အဇာဘိုင်ဂျန်က အာဏာပိုင်တွေ ထောင်မချတော့ဖို့၊ တခြားနိုင်ငံ အတော်များများမှာလို သူတို့ကို စစ်မှန်တဲ့ အရပ်ဘက်လုပ်ငန်း လုပ်ခွင့်ပေးဖို့ ကျွန်တော်တို့ ဆက်ဆုတောင်းနေပါတယ်။—၁တိမောသေ ၂:၁၊ ၂။