မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၇၊ ၂၀၁၈
အဇာဘိုင်ဂျန်

အဇာဘိုင်ဂျန်နိုင်ငံမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူ တရားရုံးချုပ်ဆီ အယူခံဝင်

အဇာဘိုင်ဂျန်နိုင်ငံမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူ တရားရုံးချုပ်ဆီ အယူခံဝင်

အသက် ၁၉ နှစ်အရွယ် ညီအစ်ကို ဗာဟစ် အဘီလို့ဗ်ကို စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ပြစ်ဒဏ်ချမှတ်ဖို့ အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အဇာဘိုင်ဂျန်နိုင်ငံ ဂန်ဂျာ အယူခံတရားရုံးက ၂၀၁၈၊ အောက်တိုဘာ ၃၁ ရက်နေ့မှာ အတည်ပြုလိုက်တယ်။ ထောင်မကျပေမဲ့ စည်းကမ်းချက်နဲ့ ပြစ်ဒဏ်တစ်နှစ် ချမှတ်ခံရလို့ လိုက်နာရမယ့် စည်းကမ်းတွေ အများကြီးရှိတယ်။ ကြီးကြပ်ရေးမှူးဆီ တစ်ပတ်တစ်ခါ အစီရင်ခံရတယ်။ အဇာဘိုင်ဂျန်နိုင်ငံကနေ ထွက်ခွာခွင့်လည်း မရှိဘူး။ ညီအစ်ကို ဗာဟစ်အနေနဲ့ အဇာဘိုင်ဂျန် တရားရေးစနစ်မှာ တရားမျှတမှုရဖို့ နောက်ဆုံး အခွင့်အရေးဖြစ် တရားရုံးချုပ်ဆီ အယူခံဝင်ပါလိမ့်မယ်။

ညီအစ်ကို ဗာဟစ်ရဲ့ ကြားနေမှုကိစ္စဟာ ၂၀၁၇၊ မေလမှာ အစပြုခဲ့တယ်။ အက်ခ်ဒမ်ခရိုင် Department of the State Service စစ်သားစုဆောင်းရေးနှင့် စစ်မှုထမ်းစာရင်းရုံးက ညီအစ်ကို အသက် ၁၈ နှစ် ပြည့်သွားတဲ့အခါ ဆင့်ခေါ်တယ်။ ဒါနဲ့ စစ်မှုမထမ်းနိုင်တဲ့ အကြောင်းရင်းကို စာရေးတင်ပြတယ်- “ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ ကျွန်တော့်သိစိတ်က စစ်မှုထမ်းဖို့ ခွင့်မပြုပါဘူး။ အရပ်သားတာဝန်တွေကိုတော့ ကျွန်တော် မလွှဲရှောင်ပါဘူး။ လွှဲရှောင်ဖို့လည်း မစဉ်းစားဖူးပါဘူး။ စစ်မှုမထမ်းဘဲ အရပ်ဘက်လုပ်ငန်း စီစဉ်ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်။” အာဏာပိုင်တွေက ဗာဟစ်ရဲ့ မေတ္တာရပ်ခံချက်ကို လက်မခံဘဲ ၂၀၁၈၊ ဇူလိုင် ၉ ရက်နေ့မှာ စစ်မှုထမ်းဖို့ လွှဲရှောင်မှုနဲ့ စွဲချက်တင်လိုက်ကြတယ်။

ဂန်ဂျာ အယူခံတရားရုံးမှာ အမှုကြားနာတဲ့အခါ ညီအစ်ကို အဘီလို့ဗ်က စစ်မှုထမ်းဖို့ ငြင်းဆန်ရတဲ့အကြောင်းရင်းကို ထပ်မံ ရှင်းပြခဲ့တယ်။ ဟေရှာယ ၂:၄ ကို ဖတ်ပြပြီး ဒီကျမ်းချက်အရ “တိုက်ခိုက်နည်းကိုတောင် မသင်ယူသင့်ဘူး” လို့ မိမိခံယူထားကြောင်း ရှင်းပြတယ်။ ဒါပေမဲ့ တရားရုံးက သူ့ကို ပြစ်ဒဏ်ချမှတ်လိုက်တယ်။ တရားရုံးချုပ်က ဗာဟစ်ရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံမလားဆိုတာ စောင့်ကြည့်ဖို့ပဲ ရှိတယ်။

ဥရောပကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ချိန် ၂၀၀၁ ခုနှစ်မှာ အစားထိုး အရပ်ဘက်လုပ်ငန်း ဥပဒေကို လိုက်နာပါမယ်လို့ အဇာဘိုင်ဂျန်နိုင်ငံ ကတိပြုခဲ့တယ်။ အဲဒီဥပဒေကို အစိုးရ လိုက်နာဖို့ ပျက်ကွက်နေတုန်းပဲ။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်ခြင်း ကြားနေကိစ္စကို ညီအစ်ကိုတွေ မကြာခဏ ရင်ဆိုင်နေရတယ်။ ဒီနှစ်အစောပိုင်းတုန်းကလည်း အဇာဘိုင်ဂျန် ခရိုင်တရားရုံးက စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ညီအစ်ကို အဲမီလ် မေဒိုင်ယေ့ကို စည်းကမ်းချက်နဲ့ ပြစ်ဒဏ်တစ်နှစ် ချမှတ်ခဲ့တယ်။ သူလည်း တရားရုံးချုပ်ဆီ အယူခံဝင်ထားပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်ခြင်းနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးဆီ တင်ထားတဲ့ ဆိုင်းငံ့အမှု လေးခု ရှိပါတယ်။ ဒီလိုအခက်အခဲတွေ ရှိပေမဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေဟာ ယေဟောဝါကို အားကိုးရင်း ကြားနေမှုကို ဆက်ထိန်းသိမ်းနေကြပါတယ်။—ယောဟန် ၁၅:၁၉