မာတိကာဆီ ကျော်သွား

မေ ၂၈၊ ၂၀၂၁
အဇာဘိုင်ဂျန်

ယူအဲန် လူ့အခွင့်အရေး ကော်မတီက ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးအစည်းအဝေးများ လွတ်လပ်စွာ ကျင်းပခွင့်ကို ကာကွယ်ပေး

ယူအဲန် လူ့အခွင့်အရေး ကော်မတီက ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးအစည်းအဝေးများ လွတ်လပ်စွာ ကျင်းပခွင့်ကို ကာကွယ်ပေး

၂၀၂၁၊ ဧပြီ ၂၆ မှာ ယူအဲန် လူ့အခွင့်အရေး ကော်မတီက အဇစ် အလီယေ့နဲ့ အဇာဘိုင်ဂျန်အမှုအတွက် အရေးကြီး ဆုံးဖြတ်ချက်တစ်ရပ် ချလိုက်ပါတယ်။ ဒါဟာ အဇာဘိုင်ဂျန်ရှိ ယေဟောဝါသက်သေတွေ ငြိမ်းချမ်းစွာ ဝတ်ပြုကိုးကွယ်ခွင့်ကို ကော်မတီ ထောက်ခံတဲ့ တတိယမြောက် ဆုံးဖြတ်ချက်ပါ။

အဲဒီအမှုက ဇာဂါတလာဒေသ၊ အလီအာဘက်ကျေးရွာကို ရဲတွေ မတရား ဝင်ရောက်စီးနင်းခြင်းနဲ့ ဆက်စပ်နေတယ်။ ၂၀၁၃၊ စက်တင်ဘာ ၂၁ မှာ ညီအစ်ကို အဇစ် အလီယေ့ရဲ့ အိမ်ကို ရဲတွေ ဝင်ရောက်စီးနင်းတယ်။ အဲဒီအိမ်မှာ သက်သေခံတွေ စုဝေးဝတ်ပြုနေကြတယ်။ ရဲတွေက အိမ်ကို မွှေနှောက်ရှာဖွေပြီး ညီအစ်ကို/မတွေကို ခြိမ်းခြောက်တယ်။ စာအုပ်စာစောင်၊ စာချုပ်၊ ဆေးမှတ်တမ်း၊ ငွေတွေကို သိမ်းယူကြတယ်။ ပြီးတဲ့နောက် အားလုံးကို ရဲစခန်း ခေါ်သွားတယ်။ လမ်းခုလတ်မှာ ညီအစ်မ ဟာဗာ အလီယေ့ဗာ အတက်ရောဂါကြောင့် တက်ပြီး သတိလစ်သွားတယ်။ ဒါနဲ့ ရဲတွေက ဆေးရုံကို အရင် ပို့ပေးကြတယ်။ သတိပြန်လည်လာတာနဲ့ ရဲစခန်းကို ခေါ်လာပြီး စစ်ဆေးမေးမြန်းကြတယ်။

နောက်ပိုင်း၊ ဇာဂါတလာ ခရိုင်တရားရုံးက ညီအစ်ကို/မတွေကို အဇာဘိုင်ဂျန်ငွေ ၁,၅၀၀ (ယူအက်စ်ဒေါ်လာ ၁,၇၁၆) ဒဏ်ငွေ တပ်တယ်။ ရှီကီ အယူခံ တရားရုံးကလည်း ခရိုင်တရားရုံးရဲ့ ဥပဒေမဲ့ စီရင်ချက်ကို ထောက်ခံတယ်။ ညီအစ်ကို/မတွေဟာ အယူခံဝင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပြီးတဲ့နောက် ယူအဲန် လူ့အခွင့်အရေး ကော်မတီကိုလည်း အယူခံဝင်ခဲ့တယ်။

အဇာဘိုင်ဂျန်အနေနဲ့ ညီအစ်ကိုတွေရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ကြောင်း၊ မတရား ဖမ်းဆီးအပြစ်ပေးခြင်း ဖြစ်ကြောင်း ကော်မတီက ဆုံးဖြတ်တယ်။ အဲဒီဆုံးဖြတ်ချက်မှာ အာဏာပိုင်နဲ့ ရဲတွေရဲ့ ဖိနှိပ်နှောင့်ယှက်မှုကို ညီအစ်ကိုတွေ ခံနေရခြင်း၊ “ထောင်ချမယ်လို့ ခြိမ်းခြောက်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ဘာသာရေးကို ကဲ့ရဲ့ခြင်း၊ ညီအစ်ကိုများရဲ့ ဘာသာရေး လုပ်ဆောင်မှုနဲ့ ကျမ်းစာစာပေတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်မှု တစ်စုံတစ်ရာကို မဖော်ပြနိုင်ခြင်း” စတဲ့ အချက်တွေကို ကော်မတီက ထည့်သွင်းဖော်ထားတယ်။ အဇာဘိုင်ဂျန်အနေနဲ့ ညီအစ်ကိုတွေကို လျော်ကြေးပေးဖို့၊ “နောက်နောင် ယခုကဲ့သို့ ချိုးဖောက်ကျူးလွန်မှုများ မပေါ်ပေါက်ရန် အတတ်နိုင်ဆုံး တားဆီးလုပ်ဆောင်သွားဖို့၊ ၄င်းတို့ရဲ့ စည်းမျဉ်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြန်သုံးသပ်ဖို့” လည်း တိုက်တွန်းထားတယ်။

လောလောဆယ်၊ အဇာဘိုင်ဂျန်က ညီအစ်ကိုတွေ လွတ်လပ်စွာ ဝတ်ပြုစုဝေးခွင့် ရနေကြတာ ဝမ်းသာစရာပါ။ လက်ရှိအချိန်အထိ တရားရုံးမှာ အမှန်တရားကို တရားဥပဒေအရ အတည် ဖြစ်အောင် လုပ်နိုင်တဲ့အတွက် ယေဟောဝါကို အလွန် ကျေးဇူးတင်ကြတယ်။—ဖိလိပ္ပိ ၁:၇