မာတိကာဆီ ကျော်သွား

ဘာ​ကူ​မြို့မှာ အီရီနာ ဇာ​ကာ​ချန်​ကာ​နဲ့ ဗာလီ​ဒါ ဂျာ​ဘ​ရာ​ယီ​လို​ဗာ

ဒီဇင်ဘာ ၁၁၊ ၂၀၁၇
အဇာဘိုင်ဂျန်

အီရီနာ ဇာ​ကာ​ချန်​ကာ​နဲ့ ဗာလီ​ဒါ ဂျာ​ဘ​ရာ​ယီ​လို​ဗာ​ကို အဇာဘိုင်ဂျန် တရားရုံး​က နစ်နာကြေး​ပေး

အီရီနာ ဇာ​ကာ​ချန်​ကာ​နဲ့ ဗာလီ​ဒါ ဂျာ​ဘ​ရာ​ယီ​လို​ဗာ​ကို အဇာဘိုင်ဂျန် တရားရုံး​က နစ်နာကြေး​ပေး

ယေဟောဝါ​သက်သေ​နှစ်ယောက်​ဖြစ်တဲ့ အီရီနာ ဇာ​ကာ​ချန်​ကာ​နဲ့ ဗာလီ​ဒါ ဂျာ​ဘ​ရာ​ယီ​လို​ဗာ​ကို ၁၁ လ​ကြာ မတရား ထောင်ချ​မှု​အတွက် ၂၀၁၇၊ ဩဂုတ် ၄ ရက်​နေ့မှာ အဇာဘိုင်ဂျန်​နိုင်ငံ၊ ဘာ​ကူ ခရိုင်​တရားရုံး​က နစ်နာကြေး ပေးခဲ့တယ်။ ဒီ​နစ်နာကြေး​ဟာ မတရား​ဆက်ဆံမှု​နဲ့ နှိုင်းယှဉ်​ရင် ဘာမှ မပြော​ပ​လောက်​ဘူး။ ဒါပေမဲ့ အကြောင်းရင်း မခိုင်လုံ​ဘဲ သူတို့ကို အာဏာပိုင်တွေ ဖမ်းဆီး​ခဲ့​ကြောင်း၊ စိတ်ပိုင်းနဲ့ ကာယပိုင်း နာကျင်စေ​ခဲ့​ကြောင်း၊ ဂုဏ်​အသရေ ပျက်ပြား​စေခဲ့​ကြောင်း အသိအမှတ်ပြု​ရာ​ရောက်တယ်။

အပြစ်​မရှိကြောင်း တရားရုံးချုပ်ရဲ့ ကြေညာချက်​ကြောင့် နစ်နာကြေး တောင်းဆို​နိုင်​ခဲ့

မ​စ္စ ဇာ​ကာ​ချန်​ကာ​နဲ့ ဂျာ​ဘ​ရာ​ယီ​လို​ဗာ​ကို ခွင့်ပြုချက် မရှိဘဲ ဘာသာရေး​စာပေ ဝေငှ​မှု စွဲချက်​ကို အဇာဘိုင်ဂျန် တရားရုံးချုပ်​က ၂၀၁၇၊ ဖေဖော်ဝါရီ ၈ ရက်​နေ့မှာ တရားသေ လွှတ်​ပေးခဲ့တယ်။ ကလေးတွေကို သင်ပေးပါ စာစောင်​ကို တရားဝင် တင်သွင်း​ခွင့် ပြု​ထားကြောင်း၊ လူ့​အသိုင်းအဝိုင်း​ကို အန္တရာယ် မဖြစ်စေ​တဲ့ စာစောင်​ဖြစ်ကြောင်း တရားရုံး​က တွေ့ရှိခဲ့တယ်။ ဒီ​အမျိုးသမီးတွေမှာ မိမိတို့ရဲ့ ယုံကြည်ချက်​အကြောင်း ဝေမျှ​ပိုင်ခွင့် ရှိကြောင်းကိုလည်း တရားရုံး​က တွေ့ရှိခဲ့တယ်။ အဇာဘိုင်ဂျန်​နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ​ဥပဒေ​နဲ့ နိုင်ငံတကာ သဘောတူ​စာချုပ်​က အာမခံ​ထားတဲ့ လူ့​အခွင့်အရေးတွေ​ပေါ် အခြေခံပြီး တရားရုံး​က ဆုံးဖြတ်ချက် ချ​ခဲ့တာပါ။

တရားရုံးချုပ်​က နစ်နာကြေး ပေးတဲ့​ကိစ္စ​ကို အရပ်ဘက်​တရားရုံး​တွေ​လက်ထဲ အပ်​လိုက်တယ်။ ဒါကြောင့် မ​စ္စ ဇာ​ကာ​ချန်​ကာ​နဲ့ ဂျာ​ဘ​ရာ​ယီ​လို​ဗာ​တို့ဟာ နိုင်ငံတော် လုံခြုံရေး​ဌာန​ရဲ့ မတရား​ဆက်ဆံမှု​အတွက် ဘဏ္ဍာရေး​ဝန်ကြီးဌာန​ဆီက နစ်နာကြေး ရဖို့ ဘာ​ကူ​မြို့၊ နာ​ဆီ​မီ ခရိုင်​တရားရုံးမှာ တောင်းဆို​ခဲ့​ကြတယ်။ မ​စ္စ ဇာ​ကာ​ချန်​ကာ နေမကောင်းတဲ့​ကြား​ကနေ နှစ်ယောက်စလုံး တရားရုံး ဆင့်ခေါ်​ခံရတယ်။ တရားသူကြီး ရှာ​ဟ​င် အဘ်ဒူ​လာ​ယေ့ဗ်​က သူတို့ရဲ့ စိတ်​ဆင်းရဲ​စ​ရာ အတွေ့အကြုံ​တွေကို အတိုချုပ် ပြန်​ပြောပြ​စေခဲ့တယ်။

မတရား​ဆက်ဆံ​ခဲ့​ကြောင်း ခရိုင်​တရားရုံး​က ဝန်ခံ

အဇာဘိုင်ဂျန်​နိုင်ငံဟာ ပြည်သူတွေရဲ့ အခြေခံ​လူ့​အခွင့်အရေး​ကို လေးစားဖို့ သဘောတူ​ထားကြောင်း၊ ယေဟောဝါသက်သေတွေရဲ့ တောင်းဆိုချက်​တချို့ကို​သာ လိုက်လျော​ပေး​ကြောင်း ခရိုင်​တရားရုံး​က ထပ်မံ​အတည်ပြု ဆုံးဖြတ်​ပေးခဲ့တယ်။ ဆိုးရွား​တဲ့​အတွေ့အကြုံ​ကြောင့် ကျန်းမာရေး အလွန်​ထိခိုက်​ခဲ့​သူ မ​စ္စ ဇာ​ကာ​ချန်​ကာ​ကို နစ်နာကြေး မာ​နက် ၉,၇၄၄ (အမေရိကန် ဒေါ်လာ ၅,၇၃၇) ပေးပြီး မ​စ္စ ဂျာ​ဘ​ရာ​ယီ​လို​ဗာ​ကို မာ​နက် ၈,၂၀၀ (အမေရိကန် ဒေါ်လာ ၄,၈၂၈) ပေးခဲ့တယ်။ ဆုံးဖြတ်ချက်​မှာ ဒီလို​ပါရှိတယ်– “တရား​လို​တွေ​က မတရား ချုပ်နှောင်ခြင်း၊ အကြောင်းရင်း မခိုင်လုံ​ဘဲ တရားစွဲ​ခြင်း​ဟာ ကျင့်ဝတ် ချိုးဖောက်ရာ​ရောက်တယ်လို့ ရုံး​တော်​က ယူဆ​ပါတယ်။”

ယေဟောဝါ​သက်သေ​အမျိုးသမီး နှစ်ယောက်ကို နစ်နာကြေး ပေးဖို့ ဆုံးဖြတ်ချက်ကို ဘဏ္ဍာရေး​ဝန်ကြီးဌာန​က အယူခံဝင်​ခဲ့တယ်။ ၂၀၁၇၊ နိုဝင်ဘာ ၂၀ ရက်​နေ့မှာ ဘာ​ကူ အယူခံ​တရားရုံး​က ဝန်ကြီးဌာနရဲ့ အယူခံဝင်​မှု​ကို ပယ်ချ​ပြီး ခရိုင်​တရားရုံး​ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြု​ပေးခဲ့တယ်။

တရားရုံး​ဆုံးဖြတ်ချက်တွေက ကောင်းကျိုး သက်ရောက်​မလား

အဇာဘိုင်ဂျန်​နိုင်ငံက ယေဟောဝါ​သက်သေတွေဟာ အခြေခံ ဘာသာရေး လွတ်လပ်ခွင့် မရရှိ​ဘဲ လုံခြုံရေး​အတွက် စိုးရိမ်​နေရ​ပါတယ်။ ဝတ်ပြု​စည်းဝေးချိန်​တွေ၊ ဘာသာရေး​လုပ်ငန်းမှာ ငြိမ်သက်​အေးချမ်း​စွာ ပါဝင်​နေချိန်​တွေ​မှာ နှောင့်ယှက်​ခံ​နေ​ရတယ်။ ဒဏ်​ရိုက်ခံ​နေ​ရတယ်။ မတရား ဆက်ဆံ​ခံ​နေ​ရတယ်။ ဘာသာရေး ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူတွေအတွက် အစိုးရက အရပ်ဘက်​လုပ်ငန်း မ​စီစဉ်​ပေး​ဘူး။ အာဏာပိုင်တွေ​ဟာ ယေဟောဝါ​သက်သေတွေကို ဘာ​ကူ​မြို့တော်​ပြင်ပ​မှာ တရားဝင် မှတ်ပုံတင်ခွင့်​လည်း ပေး​မထားဘူး။ အဇာဘိုင်ဂျန်​ရှိ ယေဟောဝါ​သက်သေတွေကို အစိုးရက မတရား​ဆက်ဆံမှု​ကြောင့် ဥရောပ လူ့​အခွင့်အရေး တရားရုံး​ကို တင်ထားတဲ့​အမှု ၁၈ မှု ရှိပြီး ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီ​ကို တင်ထားတဲ့​အမှု ၁၁ မှု ရှိပါတယ်။

မကြာသေးခင်က တရားရုံး ဆုံးဖြတ်ချက်တွေ​ကြောင့် အဇာဘိုင်ဂျန်​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လူ့​အခွင့်အရေး​ကို အာဏာပိုင်တွေ လေးစား​လာမယ်လို့ ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါသက်သေတွေ မျှော်လင့်​နေကြပါတယ်။