မာတိကာဆီ ကျော်သွား

စက်တင်ဘာ၂၉၊ ၂၀၂၀
အဇာဘိုင်ဂျန်

လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက အဇာဘိုင်ဂျန်မှာရှိတဲ့ ယေဟောဝါသက်သေတွေဘက်က ရပ်တည်ပြီး ဆုံးဖြတ်ချက်နှစ်ခု ချမှတ်

လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက အဇာဘိုင်ဂျန်မှာရှိတဲ့ ယေဟောဝါသက်သေတွေဘက်က ရပ်တည်ပြီး ဆုံးဖြတ်ချက်နှစ်ခု ချမှတ်

၂၀၂၀၊ စက်တင်ဘာ ၂၄ ရက်မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက (ECHR) က အဇာဘိုင်ဂျန်မှာရှိတဲ့ ယေဟောဝါသက်သေတွေဘက်က ရပ်တည်ပြီး အရေးကြီး ဆုံးဖြတ်ချက်နှစ်ခု ချမှတ်လိုက်ပါတယ်။ ပထမဆုံးဖြတ်ချက်က ဗာလီယေ့ဗ်၊ တခြားသူများနဲ့ အဇာဘိုင်ဂျန်အမှု၊ ဒုတိယဆုံးဖြတ်ချက်က ယေဟောဝါသက်သေ ဘာသာရေးအဖွဲ့နဲ့ အဇာဘိုင်ဂျန်အမှုတို့နဲ့ ပတ်သက်နေတယ်။ ဒီဆုံးဖြတ်ချက်တွေက ဘာသာရေးလုပ်ဆောင်မှုတွေမှာ ညီအစ်ကို/မတွေ လွတ်လပ်စွာ ပါဝင်မှုကို တရားဥပဒေအရ ကာကွယ်ခွင့်ရစေတယ်။

အမှုနှစ်ခုစလုံးမှာ ညီအစ်ကိုတွေရဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရကြောင်း အဇာဘိုင်ဂျန်က ဝန်ခံထားတယ်။ အစိုးရက ညီအစ်ကိုတွေကို ယူရို ၁၉,၀၀၀ (ယူအက်ဒေါ်လာ ၂၂,၁၄၆) လျော်ကြေးပြန်ပေးဖို့ သဘောတူတယ်။ တရားရုံးကြေညာချက်ကို ECHR လက်ခံကြောင်း ဒီဆုံးဖြတ်ချက်တွေက ဖော်ပြတယ်။

နေအိမ်မှာ ညီအစ်ကို ဗာလီယေ့ဗ် အစည်းအဝေးပြုလုပ်နေစဉ်

ဂန်ဂျာမြို့က ညီအစ်ကိုတွေ ပါဝင်တဲ့ ဗာလီယေ့ဗ်၊ တခြားသူများနဲ့ အဇာဘိုင်ဂျန်အမှုကို ECHR ဆီ ၂၀၁၁ ခုနှစ်မှာ တင်သွင်းခဲ့တာပါ။ ဂန်ဂျာအာဏာပိုင်တွေက ကျွန်တော်တို့အဖွဲ့အစည်း မှတ်ပုံတင်ခွင့်ကို နှစ်အတော်ကြာ ပိတ်ပင်ထားတယ်။ ဒါကြောင့် ငြိမ်သက်အေးချမ်းစွာ ပြုလုပ်နေတဲ့ အစည်းအဝေးတွေကို ရဲတွေ ဝင်ရောက်နှောင့်ယှက်တယ်။ တက်ရောက်သူတွေကို ဖမ်းဆီးတယ်။ တချို့ကို ဒဏ်ငွေအများကြီး ပေးဆောင်စေတယ်။ ညီအစ်ကိုတစ်ဦးကို အကြိမ်ကြိမ် ပြစ်ဒဏ်စီရင်တယ်၊ ဒဏ်ငွေတပ်တယ်၊ အဇာဘိုင်ဂျန် ငွေ ၉,၄၅၀ (အဲဒီခေတ်က ယူအက်ဒေါ်လာ ၁၁,၃၇၅) အထိ ပေးဆောင်စေတယ်။ ညီအစ်ကို/မတချို့ ဒဏ်ငွေ မပေးနိုင်လို့ အဖမ်းခံခဲ့ရတယ်။

အဇာဘိုင်ဂျန်က ကျွန်တော်တို့ရဲ့ စာပေတွေ တင်သွင်းခွင့်ကို ကန့်သတ်ထားတဲ့အတွက် ညီအစ်ကိုတွေက ၂၀၁၃ ခုနှစ်မှာ ဒုတိယအမှုဖြစ်တဲ့ ယေဟောဝါသက်သေ ဘာသာရေးအဖွဲ့နဲ့ အဇာဘိုင်ဂျန်အမှုကို ECHR ဆီ တင်သွင်းတယ်။

အစိုးရက ဂန်ဂျာမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေကို မှတ်ပုံတင်ခွင့် မပေးသေးပေမဲ့ အခြေအနေတွေ တိုးတက်လာပါတယ်။ မကြာသေးခင်နှစ်တွေတုန်းက ညီအစ်ကိုတွေဟာ ရဲတွေရဲ့ အနှောင့်အယှက် မရှိဘဲ ကိုယ့်နေအိမ်မှာ လူနည်းနည်းနဲ့ စုဝေးနိုင်ခဲ့ကြတယ်။ ဒါ့အပြင် စာအုပ်စာစောင်တွေကို မတင်သွင်းခင် အာဏာပိုင်တွေ စစ်ဆေးကြပေမဲ့ စာပေတွေကို အကန့်အသတ်နဲ့ပဲ တင်သွင်းခွင့် ရှိလာတယ်။

အဇာဘိုင်ဂျန်ရဲ့ လူထုသတင်းအချက်အလက်ဌာနမှာ ကြီးကြပ်ပေးတဲ့ ညီအစ်ကို ကီရီလ် စတက်ပနို့ဗ်က “ECHR ရဲ့ ဒီအရေးကြီး ဆုံးဖြတ်ချက်ကြောင့် အဇာဘိုင်ဂျန်မှာရှိတဲ့ ဂန်ဂျာနဲ့ တခြားမြို့တွေမှာ မှတ်ပုံတင်ခွင့်ရအောင် ဆက်လုပ်ဆောင်ဖို့ အရှိန်ရလာမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရက ကျွန်တော်တို့ရဲ့ စာပေတွေ မတင်သွင်းခင် စစ်ဆေးခြင်းကိုလည်း ရပ်လိုက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောတယ်။

ဒီအတွက် ယေဟောဝါကို ကျွန်တော်တို့ သိပ်ကျေးဇူးတင်ကြပါတယ်။ ဒီဆုံးဖြတ်ချက်တွေက ‘ဘုရားလူမျိုးကို တိုက်ခိုက်ဖို့လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး’ ဆိုတဲ့ အထောက်အထားပါပဲ။—ဟေရှာယ ၅၄:၁၇