မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၂၄၊ ၂၀၂၀
အဇာဘိုင်ဂျန်

လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့ ဆုံးဖြတ်ချက်က အဇာဘိုင်ဂျန်မှာ လွတ်လပ်စွာ ဝတ်ပြုခွင့်ကို ထောက်ခံ

လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့ ဆုံးဖြတ်ချက်က အဇာဘိုင်ဂျန်မှာ လွတ်လပ်စွာ ဝတ်ပြုခွင့်ကို ထောက်ခံ

၂၀၂၀ အောက်တိုဘာနဲ့ နိုဝင်ဘာလမှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) ဟာ အဇာဘိုင်ဂျန်က ယေဟောဝါသက်သေတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့တယ်။ ကရီနေဗာနဲ့ အဇာဘိုင်ဂျန်။ ရှာဗယ်လီ၊ ရှန်ဂလိုင်ယာနဲ့ အဇာဘိုင်ဂျန်။ ဂျာဖရပ်နဲ့ အဇာဘိုင်ဂျန်။ တာဂျီရာဖ်နဲ့ အဇာဘိုင်ဂျန် အမှုတွေ ဖြစ်တယ်။ ECHR ရဲ့ ဆုံးဖြတ်ချက်တွေက ယေဟောဝါသက်သေတွေရဲ့ ဟောပြောခွင့်၊ စုဝေး ဝတ်ပြုခွင့်နဲ့ စာပေတွေ တင်သွင်းခွင့်ကို တရားဥပဒေအရ အကာအကွယ် ရစေတယ်။

၂၀၁၁ နဲ့ ၂၀၁၂ မှာ ဒီအမှုတွေကို တရားရုံး တင်ခဲ့တာ ဖြစ်တယ်။ ကရီနေဗာနဲ့ အဇာဘိုင်ဂျန်။ ရှာဗယ်လီ၊ ရှန်ဂလိုင်ယာနဲ့ အဇာဘိုင်ဂျန် အမှုမှာ အစိုးရ အရာရှိတွေက အသင်းတော် အစည်းအဝေးတွေ လုပ်တာကို ဝင်ရောက်စီးနင်းတာ၊ ဟောပြောခြင်း လုပ်ငန်းကို တားဆီးတာတွေ လုပ်ခဲ့ကြလို့ ဖြစ်တယ်။ ဂျာဖရပ်နဲ့ အဇာဘိုင်ဂျန်။ တာဂျီရာဖ်နဲ့ အဇာဘိုင်ဂျန် အမှုမှာတော့ အစိုးရက ကျွန်တော်တို့ရဲ့ စာပေတွေကို သွင်းခွင့်မပြုတာ၊ ကန့်သတ်တာတွေ လုပ်ခဲ့ကြလို့ ဖြစ်တယ်။

အမှုလေးခုထဲက သုံးခုမှာ အဇာဘိုင်ဂျန်က ညီအစ်ကိုတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ခဲ့ကြောင်း ဝန်ခံပြီး နစ်နာကြေး စုစုပေါင်း ဒေါ်လာ ၁၂,၈၈၀ ပေးဖို့ သဘောတူခဲ့တယ်။

ရှာဗယ်လီ၊ ရှန်ဂလိုင်ယာနဲ့ အဇာဘိုင်ဂျန် အမှုမှာ တိုက်နယ်လုပ်ငန်း လုပ်ဆောင်နေတဲ့ သူတို့ကို မတရားဖမ်းဆီးပြီး ပြည်နှင်ဒဏ် ပေးခဲ့ကြတာ။ သူတို့ ဇနီးမောင်နှံအတွက် နစ်နာကြေး ဒေါ်လာ ၃,၆၈၀ ပေးဖို့ အဇာဘိုင်ဂျန်ကို ECHR က အမိန့်ချခဲ့တယ်။

ဒီဆုံးဖြတ်ချက်တွေအတွက် ECHR ရဲ့ ရှင်းပြချက်မှာ “ဆုတောင်းတာ၊ သူတို့ရဲ့ ယုံကြည်ချက်အတိုင်း လုပ်ဆောင်တာကို တားမြစ်ခြင်းဟာ (ဥရောပ လူ့အခွင့်အရေး) ပဋိညာဉ်နဲ့ မကိုက်ညီဘူး။ ဒီမောင်နှံကို အပြစ်ပေးတာက အစိုးရဆီမှာ မှတ်ပုံမတင်ထားတဲ့ ဘာသာရေးအဖွဲ့ငယ်လေးတွေဆိုရင် ခွင့်မပြုဘူး၊ သူတို့ရဲ့ ယုံကြည်ချက်ကို အစိုးရက ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့သဘော သက်ရောက်တယ်” လို့ ဆိုတယ်။

မကြာသေးခင် နှစ်တွေမှာ အဇာဘိုင်ဂျန် အာဏာပိုင်တွေဟာ ယေဟောဝါသက်သေတွေနဲ့၊ သူတို့ရဲ့ အခွင့်အရေးတွေကို ပိုပြီး လေးစားလာကြတယ်။ ညီအစ်ကိုတွေရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ထပ်ဆင့်ထောက်ခံပေးတဲ့ ECHR ရဲ့ ဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ အဓိက ကတော့ ကျွန်တော်တို့ရဲ့ ‘ခိုလှုံရာ၊ အစွမ်းခွန်အား’ ဖြစ်တဲ့ ယေဟောဝါ ဘုရားကို ကျေးဇူးတင်ကြပါတယ်။—ဆာလံ ၄၆:၁