မာတိကာဆီ ကျော်သွား

၂၀၂၂၊ ဖေဖော်ဝါရီ ၄
အဇာဘိုင်ဂျန်

အဇာဘိုင်ဂျန်မှာ ဟောပြောလို့ ဖမ်းဆီးခံရတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အခွင့်အရေးကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ထောက်ခံ

အဇာဘိုင်ဂျန်မှာ ဟောပြောလို့ ဖမ်းဆီးခံရတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အခွင့်အရေးကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ထောက်ခံ

ယေဟောဝါသက်သေတွေဟာ မိမိတို့ရဲ့ ယုံကြည်ချက်ကို ဟောပြောခွင့် ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက (CCPR) ၂၀၂၁၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလက ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ကြိမ်စလုံးမှာ ကျမ်းစာအမှန်တရား ဟောပြောတဲ့အတွက် အဇာဘိုင်ဂျန် အာဏာပိုင်တွေ ဖမ်းဆီးခဲ့တဲ့ ညီအစ်မနှစ်ယောက်နဲ့ ပတ်သက်တယ်။

ညီအစ်မ မာတာနတ် ဂူရဘာနိုဗာနဲ့ စာဒတ် မူရာဒါစီလိုဗာတို့မှာ ဟောပြောခွင့် ရှိကြောင်း လူ့အခွင့်အရေး ကော်မတီက ၂၀၂၁၊ နိုဝင်ဘာ ၅ ရက်မှာ အတည်ပြုလိုက်တယ်။ ၂၀၁၄၊ နိုဝင်ဘာလက အမည်မဖော် တိုင်ကြားချက်တစ်ခုကို အာဏာပိုင်တွေ ရလို့ ဒီညီအစ်မနှစ်ယောက် ဖမ်းဆီးခံရတာပါ။ ညီအစ်မတွေကို အဇာဘိုင်ဂျန်ငွေ မာနတ် ၁,၅၀၀ (ယူအက်စ်ဒေါ်လာ ၈၈၀) စီ ဒဏ်ငွေ တပ်တယ်။ အဲဒီလို ဖမ်းဆီးခြင်းဟာ ဥပဒေနဲ့ မညီအတွက် နောက်နောင် ဒီလိုမဖြစ်စေဖို့ အဇာဘိုင်ဂျန် အစိုးရကို CCPR က တောင်းဆိုထားတယ်။

ညီအစ်မအရင်းတွေ ဖြစ်တဲ့ မာတာနတ်နဲ့ စာဒတ်တို့က “ရဲတွေနဲ့ တရားသူကြီးက ကျွန်မတို့ကို ခြိမ်းခြောက်ပေမဲ့ ကျွန်မတို့ရဲ့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။ ယေဟောဝါရဲ့ လက်တော် မတိုကြောင်း၊ ဘုရားကျေးကျွန်တွေကို ဘယ်အချိန်မှာ ဘယ်လို ကာကွယ်ရမှန်း သိကြောင်း ထင်ရှားတယ်” လို့ ပြောတယ်။

၂၀၂၁၊ ဒီဇင်ဘာ ၂၁ ရက်က ထပ်တူ စီရင်ချက်နဲ့ပတ်သက်ပြီး အဇာဘိုင်ဂျန် အာဏာပိုင်တွေ ဥပဒေ ချိုးဖောက်တယ်လို့ CCPR က ဆုံးဖြတ်တယ်။ ညီအစ်မ ဂျေရန် အဇီဇိုဗာနဲ့ ဂူလနာဇ် အစ္စရာဗီလိုဗာဟာ “သူတို့အိမ်ရှေ့မှာ ဘာသာရေးလုပ်ငန်းကို လုပ်လို့” ဖမ်းဆီးခံရတယ်။ မိမိတို့ခံယူချက်ကို ပြောပြခြင်းဟာ ဥပဒေ ချိုးဖောက်ခြင်း မဟုတ်ကြောင်း CCPR က ထောက်ခံတယ်။

အဇာဘိုင်ဂျန်၊ ဂိုရန်ဘဝိုင်ဒေသမှာ နေတဲ့ မိတ်ဆွေတွေဆီ အလည်သွားချိန်မှာ ဂျေရန်နဲ့ ဂူလနာဇ်တို့က ကျမ်းစာအမှန်တရားကို ဟောပြောခဲ့တယ်။ ဒေသခံ အရာရှိတစ်ဦးက ရဲကို တိုင်ကြားတဲ့အတွက် ညီအစ်မတွေ အဖမ်းခံရတယ်။ အမှုစစ်ချိန်မှာ တရားသူကြီးက ညီအစ်မတွေကို သူလျှိုတွေလို့ စွပ်စွဲပြီး အဇာဘိုင်ဂျန်ငွေ မာနတ် ၂,၀၀၀ (ယူအက်စ်ဒေါ်လာ ၁,၁၇၆) ဒဏ်ငွေ တပ်တယ်။ အယူခံဝင်တာကို တရားရုံးက လက်ခံတဲ့အတွက် ညီအစ်မတွေက CCPR ကို အယူခံဝင်ကြတယ်။

ကျွန်တော်တို့ရဲ့ အရေးကြီးဆုံး လုပ်ငန်းကို ထမ်းဆောင်နိုင်ဖို့ တရားရေး ဆုံးဖြတ်ချက်ကောင်းတွေ ရလို့ ကျေးဇူးတင်စရာပါ။ ပုံသက်သေကောင်း ပြပြီး သတင်းကောင်းကို သတ္တိရှိရှိ ဟောပြောကြတဲ့ ညီအစ်မတွေနဲ့အတူ ကျွန်တော်တို့ ဝမ်းမြောက်ပါတယ်။—မဿဲ ၁၀:၁၈