မာတိကာဆီ ကျော်သွား

ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ညီအစ်ကို ဆေမာ မာမယ်ဒို ထောင်ချခံရ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်
အဇာဘိုင်ဂျန်

ဥရောပတရားရုံးရဲ့ စီရင်ချက်တွေကို အဇာဘိုင်ဂျန်အစိုးရ လိုက်နာခြင်းမရှိ၊ စစ်မှုထမ်းဖို့ငြင်းဆန်တဲ့ ဆေမာ မာမယ်ဒို ထောင်ချခံရ

ဥရောပတရားရုံးရဲ့ စီရင်ချက်တွေကို အဇာဘိုင်ဂျန်အစိုးရ လိုက်နာခြင်းမရှိ၊ စစ်မှုထမ်းဖို့ငြင်းဆန်တဲ့ ဆေမာ မာမယ်ဒို ထောင်ချခံရ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်မှာ အဇာဘိုင်ဂျန်နိုင်ငံ၊ ဂိုရန်ဘဝိုင် ခရိုင်တရားရုံးက အသက် ၂၂ နှစ်အရွယ် ညီအစ်ကို ဆေမာ မာမယ်ဒိုကို ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ထောင်ဒဏ်ကိုးလ ချမှတ်ခဲ့တယ်။ အပြစ်ရှိကြောင်းကြေညာချက်အပြီးမှာ တရားရုံးကနေ သူ့ကို ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဇာဘိုင်ဂျန်အစိုးရအပေါ် လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး ချမှတ်ထားတဲ့ စီရင်ချက်နှစ်ခုကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်တယ်။

၂၀၁၉ ခုနှစ်ကစလို့ ဥရောပတရားရုံးက အဇာဘိုင်ဂျန်အစိုးရကို နှစ်ကြိမ်တိုင် အရှုံးပေးစီရင်ခဲ့တယ်။ မဲမဒို့ဗ်နှင့်အခြား နှင့် အဇာဘိုင်ဂျန်အမှု၊ မိတိယေ့ဗ်နှင့်အဘီလို့ဗ် နှင့် အဇာဘိုင်ဂျန် အမှုတို့မှာ ဖြစ်တယ်။ ဥရောပတရားရုံးက နှစ်မှုစလုံးမှာ ဘာသာရေးကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ယေဟောဝါသက်သေတွေရဲ့အခွင့်အရေးကို ဥရောပပဋိညာဉ်စာတမ်း၊ ပုဒ်မ ၉ အရ ကာကွယ်ပေးခဲ့တယ်။

အဇာဘိုင်ဂျန်အစိုးရက မိမိတို့ဟာ ညီအစ်ကိုတွေရဲ့အခွင့်အရေးကို ချိုးဖောက်ခဲ့ကြောင်း၊ နစ်နာမှုအားလုံးအတွက် လျော်ကြေးပေးမှာဖြစ်ကြောင်း ဥရောပတရားရုံးမှာ ဝန်ခံခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကို ဆေမာရဲ့ အခွင့်အရေးကို ချိုးဖောက်ပြီး ဥရောပတရားရုံးရဲ့စီရင်ချက်တွေကို ဥပေက္ခာပြုတယ်။

၂၀၂၂ ခုနှစ်၊ မေ ၄ ရက်မှာ ဂိုရန်ဘဝိုင်ဒေသရဲ့ စစ်အစည်းအရုံးနဲ့ စစ်မှုထမ်းရုံးဆီ ဆေမာ မာမယ်ဒို ဦးဆုံး ဆင့်ခေါ်ခံရတယ်။ ဆေမာက ကျမ်းစာအခြေပြုရပ်တည်ချက်အကြောင်း အာဏာပိုင်တွေကို ရှင်းပြပြီး အစားထိုးအရပ်ဘက်လုပ်ငန်းတွေမှာ အမှုထမ်းခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ သင့်တင့်မျှတတဲ့ အဲဒီတောင်းဆိုချက်ကို အာဏာပိုင်တွေ ပယ်ချခဲ့ပေမဲ့ ယုံကြည်ချက်အတိုင်း ဆေမာ သတ္တိရှိရှိရပ်တည်နေပါတယ်။

လောလောဆယ် ဂန်ဂျာမြို့မှာ သူ အချုပ်ကျနေတယ်။ အခက်အခဲတွေကြား အပြုသဘောထား ဆက်ရှိနေတယ်။ အကျဉ်းဖော် အယောက် ၃၀ လောက်ကို သူ့ရဲ့ယုံကြည်ချက် ဝေမျှနိုင်ခဲ့ပြီး တချို့ဆို ကျမ်းစာကို စိတ်ဝင်စားလာကြတယ်လို့ ပြောပြတယ်။

ဆေမာရဲ့ရှေ့နေက ခရိုင်တရားရုံးရဲ့အဆုံးအဖြတ်အပေါ် အယူခံ တင်သွင်းခဲ့တယ်။ ဂန်ဂျာအယူခံတရားရုံးက အမှုကို မျှမျှတတ စီရင်ဆုံးဖြတ်ပေးပြီး ညီအစ်ကိုဆေမာကို ထောင်ကနေ လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။

ယေဟောဝါဘုရားက ဆေမာကို အခုလိုခက်ခဲချိန်တစ်လျှောက် ဆက်လက်အားပေးထောက်မနေမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။​—⁠ဟေရှာယ ၄၃:⁠၂