မာတိကာဆီ ကျော်သွား

ခြောက်နှစ်အရွယ် မယ်လိုဒီ အုချူကူက အတန်းဖော် သုံးယောက်ကို Zoom နဲ့ ကျမ်းစာသင်ပေးနေ

ဒီဇင်ဘာ ၇၊ ၂၀၂၀
အမေရိကန်

ကပ်ရောဂါကာလမှာ လူငယ်လေးတွေ တိုးချဲ့အမှုဆောင်နေကြ

ကပ်ရောဂါကာလမှာ လူငယ်လေးတွေ တိုးချဲ့အမှုဆောင်နေကြ

အွန်လိုင်းကျောင်း နေ့ခင်း ထမင်းစားနားချိန်ဆိုရင် သမီးလေး မယ်လိုဒီ လှေကားကနေ ပြေးဆင်းလာသံကို မိုက် အုချူကူ နားယဉ်နေပါပြီ။ တက်ကြွဖျတ်လတ်တဲ့ ခြောက်နှစ်သမီးလေး အသားညှပ်ပေါင်မုန့် စားနေမယ် ဒါမှမဟုတ် အရုပ်တွေနဲ့ ဆော့နေမယ်လို့ ထင်ပြီး သွားကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ အံ့သြသွားတယ်။

“သမီးလေးက လက်ပတော့ရှေ့မှာ ထိုင်နေတယ်။ လက်ထဲမှာလည်း ကျမ်းစာကနေ သင်ယူနိုင်ရာများ စာအုပ်နဲ့။ သူပြောတာကို အတန်းဖော် သုံးယောက် နားထောင်နေတယ်။ ‘ပါပါး၊ သမီး ကျမ်းစာသင်ပေးနေတာ’ တဲ့” လို့ မိုက် ပြောတယ်။

တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ ကိုရိုနာကပ်ရောဂါကြောင့် ကျောင်းစာတွေကို အွန်လိုင်းနဲ့ သင်ပေးတဲ့ ၂၀၂၀၊ စက်တင်ဘာလကတည်းက မယ်လိုဒီဟာ ကျမ်းစာသင်အံမှု စဖို့ ကြိုးစားတယ်။ ယေဟောဝါဆီ ဆုတောင်းပြီး အခွင့်အရေး ရှာနေခဲ့တယ်။

မိုက်နဲ့ ဇနီး အော်တေးဗီယာတို့ သမီးလေးအတွက် အလွန် ဂုဏ်ယူနေကြတယ်။ “မယ်လိုဒီဟာ အတန်းဖော်တွေကို ယေဟောဝါအကြောင်း ပြောပြနေကျ။ အခုလို ကျမ်းစာသင်ပေးနေတာကို မြင်ရတော့ ကျွန်တော်တို့ ပီတိဖြစ်မိတယ်” လို့ မိုက် ပြောတယ်။

မယ်လိုဒီဟာ အတန်းဖော်တွေကို ပုံမှန် ကျမ်းစာ ဆက်သင်နေပါတယ်။ “သူငယ်ချင်းတွေကို ပရဒိသုနဲ့ ယေရှုအကြောင်း သင်ပေးပြီးပြီ။ သူတို့ကို ယေဟောဝါသက်သေတွေ ဖြစ်လာစေချင်တာ” လို့ မယ်လိုဒီ ပြောတယ်။

အီလီနွိုင်းပြည်နယ်၊ အင်ဂလီဆိုဒ်မြို့မှာနေတဲ့ ကိုးနှစ်သား ဆယ်မြူယယ် မိုနာလည်း မိမိရဲ့ ယုံကြည်ခြင်းအကြောင်း ဝေမျှနေပါတယ်။

ဘေးခြံက အိမ်နီးချင်းကို သက်သေခံတဲ့ ညီအစ်ကိုတစ်ယောက်ရဲ့ တွေ့ကြုံမှုကို ကြားပြီး ဆယ်မြူယယ်လည်း စမ်းကြည့်ချင်တယ်။ အိမ်နီးချင်းရဲ့ မြေးလေး ခြံနောက်ဖေးမှာ ဆော့နေတာ တွေ့တော့ ပရဒိသုအကြောင်း ပြောပြမယ်၊ နားထောင်မလားလို့ မေးလိုက်တယ်။ ကောင်လေးက နားထောင်မယ်တဲ့။ ဆယ်မြူယယ်လည်း အိမ်ထဲ အပြေး ဝင်ပြီး ကျမ်းစာပုံပြင် စာအုပ် ယူလာတယ်။

ကျမ်းစာပုံပြင် စာအုပ် ကိုင်ထားတဲ့ ကိုးနှစ်အရွယ် ဆယ်မြူယယ် မိုနာ

“နောက်ဆိုရင် တိရစ္ဆာန်တွေနဲ့ ဆော့ကစားရမယ်၊ ကြောက်စရာ မလိုတော့ဘူးလို့ ပြောပြတယ်။ ပြီးတော့ ခြင်္သေ့တွင်းထဲ ကျသွားတဲ့ ဒံယေလအကြောင်း ဖတ်ပြတယ်” လို့ ဆယ်မြူယယ် ပြောတယ်။

ဒီလောက်နဲ့ ဆယ်မြူယယ် မကျေနပ်ဘူး။ jw.org မှာပါတဲ့ လုပ်ဆောင်စရာများနဲ့ ဗီဒီယိုတွေအကြောင်း စာရေးပို့တယ်။ နောက်တစ်ခါ ဆုံရင် ကျမ်းစာပုံပြင် ဖတ်ပြဦးမယ်တဲ့။

အခုလို ပြောပြခွင့်ရလို့ ဆယ်မြူယယ် သိပ်ပျော်နေသလို ထပ်ကြိုးစားဖို့လည်း ပန်းတိုင်ထားနေပါတယ်။ “သွန်သင်ခြင်းကိရိယာထဲက ဝေစာအားလုံးကို ကောင်းကောင်း ဖတ်မယ်။ ပြီးရင် တခြားသူတွေကို ပြန်ပြောပြမယ်” လို့ သူပြောတယ်။

ဟူစတန်မြို့က ညီအစ်မငယ်သုံးယောက်ကတော့ နွေရာသီအားလပ်ချိန်မှာ အရန်ရှေ့ဆောင် လုပ်နေကြတယ်။

သြဂုတ်လတုန်းက ယိုစလင်း ဟော်တာ (အသက် ၁၃ နှစ်)၊ မယ်လနီ အလ်ဗရက်ဇ် (အသက် ၁၂ နှစ်)၊ ခလိုရီ ရိုဒရီးဂတ်ဇ် (အသက် ၁၀ နှစ်) တို့ စာရေးသက်သေခံဖို့ ဗီဒီယိုချိတ်ဆက် တွေ့ဆုံကြတယ်။ တစ်ပတ်ကို ငါးကြိမ်၊ မနက် ၇ နာရီ မတိုင်ခင် ဆက်သွယ်ကြတယ်။

ညီအစ်မ ခလိုရီ ရိုဒရီးဂတ်ဇ် (ဝဲအောက်)၊ ညီအစ်မ မယ်လနီ အလ်ဗရက်ဇ်၊ (ဝဲအပေါ်)၊ ညီအစ်မ ယိုစလင်း ဟော်တာ (ယာ)

“စကားတွေ ပြောကြတယ်။ မနက်စာ စားကြတယ်။ ၇ နာရီထိုးတာနဲ့ စာရေးသက်သေခံတယ်” လို့ ယိုစလင်း ပြောတယ်။ တစ်ယောက် အိပ်ရာထနောက်ကျနေရင် ကျန်နှစ်ယောက်က “မင်္ဂလာနံနက်ခင်းပါ။ ထတော့။ အမှုဆောင်ထွက်ချိန် ရောက်ပြီ” ဆိုတဲ့ မက်ဆေ့ချ် ပို့လေ့ရှိတယ်။

ညီအစ်မငယ်တွေရဲ့ ထက်သန်မှုက အချင်းချင်းကိုသာမက မိတ်ဆွေ၊ မိသားစုဝင်တွေကိုလည်း အားရှိစေတယ်။ ယိုစလင်းရဲ့ မိခင် အလက်စီယာက “တစ်ခါတလေ ကျွန်မ အမှုဆောင်ထွက်ချင်စိတ် မရှိဘူး။ ဒါပေမဲ့ ယိုစလင်း ဟောနေတာကို မြင်တော့ ‘ငါလည်း ဟောရမယ်’ ဆိုတဲ့စိတ် ဝင်လာတယ်” လို့ ပြောတယ်။

ကပ်ရောဂါကာလအတွင်း အမှုဆောင်မှာ အတတ်နိုင်ဆုံး ပါဝင်နေတဲ့ လူငယ်လေးတွေကို ကြည့်ပြီး ယေဟောဝါ သိပ်ပျော်ရွှင်နေပါတယ်။—ပညာအလိမ္မာ ၂၇:၁၁