နိုဝင်ဘာ ၁၅၊ ၂၀၁၈
အမေရိကန်
အဖျက်စွမ်းအားကြီးတဲ့ ကယ်လီဖိုးနီးယား တောမီး
နောက်ဆုံးရသတင်း။ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း၊ ပါရာဒိုက်စ်မြို့က စခန်းမြေတောမီးကြောင့် အသက် ၇၀ အရွယ် ညီအစ်ကိုတစ်ဦး သေဆုံးသွားကြောင်း အမေရိကန်ဌာနခွဲရုံးက အတည်ပြုလိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်မှုကြီး သုံးခုကြောင့် အပျက်အစီး များပြားခဲ့ပြီး ၄၈ ဦးထက်မနည်း သေဆုံးသွားပါတယ်။ မီးလောင်မှု သုံးခုထဲမှာ အကြီးမားဆုံးဖြစ်တဲ့ စခန်းမြေတောမီး (Camp Fire) ကြောင့် ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ မြေဧကပေါင်း ၁၁၇,၀၀၀ (ဟက်တာ ၄၇,၀၀၀) နဲ့ လူနေအိမ်အများစုဖြစ်တဲ့ အဆောက်အအုံ ၇,၁၀၀ နီးပါး ပြာကျခဲ့ပြီး ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။ တောင်ကုန်းမီး (Hill Fire) နဲ့ ဝူးဆေးမီး (Woolsey Fire) နှစ်ခုက ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ မြေဧက ၉၄,၅၀၀ (ဟက်တာ ၃၈,၀၀၀) နဲ့ အိမ်ခြေ ၄၃၅ လုံးကို ဝါးမျိုဖျက်ဆီးခဲ့တယ်။ သတင်းဌာနတစ်ခုအရ ဒီနှစ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ မီးလောင်ပြင်ဖြစ်သွားတဲ့ မြေအကျယ်အဝန်းကို ပေါင်းလိုက်ရင် “ဘယ်လ်ဂျီယံနဲ့ လူဇင်ဘတ်နိုင်ငံထက် ပိုကြီးတယ်” လို့ဆိုတယ်။
အမေရိကန်ဌာနခွဲရုံးရဲ့ ကနဦးသတင်းအရ စခန်းမြေတောမီးကြောင့် ကြေညာသူ ၄၂၇ ယောက်ဟာ ချီခိုနဲ့ ပါရာဒိုက်စ်မြို့ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတယ်။ တောမီးကြောင့် ပွန်ဒါရိုစာအသင်းတော်က သက်ကြီးရွယ်အို ညီအစ်မတစ်ဦး သေဆုံးသွားကြောင်း သိရလို့ စိတ်မကောင်းပါဘူး။ ညီအစ်ကို/မတွေရဲ့ အိမ် ၉၄ လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သတင်းရပါတယ်။ ပါရာဒိုက်စ်မြို့က ဝတ်ပြုရာခန်းမတစ်လုံးလည်း ပျက်စီးသွားပါတယ်။
တောင်ကုန်းမီးနဲ့ ဝူးဆေးတောမီးကြောင့် အော့နတ်၊ ဆီမီဗယ်လီနဲ့ သောင်စင်အုတ်ခ်မြို့က ကြေညာသူ ၄၂၀ နီးပါးလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ရတယ်။ ဝမ်းနည်းစရာကတော့ ညီအစ်ကိုတစ်ဦးနဲ့ သက်သေခံ မဟုတ်တဲ့ မိခင်တို့ဟာ မီးလွတ်ရာကို ထွက်ပြေးရင်း သေဆုံးသွားကြပါတယ်။ ကနဦးသတင်းအရ ညီအစ်ကို/မတွေရဲ့ အိမ် ၂၁ လုံးနဲ့ ဝတ်ပြုရာခန်းမတစ်လုံး မီးထဲ ပါသွားတယ်။
ဌာနခွဲရုံးက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီနှစ်ခု ဖွဲ့စည်းပြီး ညီအစ်ကို/မတွေရဲ့ လိုအပ်ရာတွေကို ကူညီပေးနေပါတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေရဲ့ လမ်းညွှန်မှုအောက်မှာ ဒေသခံအကြီးအကဲတွေက မီးဘေးသင့် ကြေညာသူတွေဆီ သွားရောက်အားပေးပြီး လိုအပ်သလို ကူညီပေးနေကြပါတယ်။ နိုဝင်ဘာ ၁၀ ရက်၊ စနေနေ့၊ ချီခိုမြို့မှာ ပြုလုပ်တဲ့ အထူးစုဆုံမှုကို ညီအစ်ကို/မ ၂၇၀ ကျော် လာရောက်ကြတယ်။ အမေရိကန်ဌာနခွဲ ကော်မတီဝင်တစ်ဦးနဲ့ တိုက်နယ်ကြီးကြပ်မှူးတွေက အားပေးမှုဖြစ်စေတဲ့ ဟောပြောချက်တွေ ပေးကြတယ်။
မကြာခင် ယေဟောဝါက ကျွန်တော်တို့ရဲ့ မျက်ရည်ကို သုတ်ပေးတော့မယ်၊ သေမင်းကိုလည်း ထာဝစဉ် ဖယ်ရှားပေးတော့မယ်ဆိုတာကို ပြန်အမှတ်ရရင်း ယေဟောဝါဘုရားဆီက နှစ်သိမ့်မှုနဲ့ ခွန်အား ရစေဖို့ အခက်အခဲ ကြုံနေရတဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ဟေရှာယ ၂၅:၈။