၂၀၂၁၊ မတ် ၁၁
အမေရိကန်
စာရေးသက်သေခံခြင်းကနေ ရလဒ်ကောင်းတွေ ဆက်ရရှိနေ
စာရေးသက်သေခံတာကို ယေဟောဝါသက်သေများစွာ နှစ်သက်ကြတယ်။ တခြားသူတွေကို ကျမ်းစာထဲက နှစ်သိမ့်စကားတွေနဲ့ စာရေးသက်သေခံတာ ထိရောက်မှု ရှိကြောင်း အမေရိကန်နိုင်ငံက တွေ့ကြုံမှုတွေကနေ သိရတယ်။
စာရေးသက်သေခံတာ ဘယ်လောက် အစွမ်းရှိကြောင်း မိမိ ရေးလိုက်တဲ့ စာတစ်စောင်ကို တုံ့ပြန်ပုံကနေ အိုဟိုင်အိုပြည်နယ်၊ ဘလူးအက်ရှ်မှာ နေတဲ့ အသက် ၁၃ နှစ်အရွယ် ညီအစ်မ ကာလီ ရာ့ဂါလ် မမျှော်လင့်ဘဲ သိလိုက်ရတယ်။
နေ့လယ်ချိန် အိမ်အပြင်ဘက်မှာ ကာလီ ရှိနေတုန်း လမ်းထဲ ဆိုင်ကယ် ဝင်လာသံ ကြားလိုက်ရတယ်။ ဆိုင်ကယ်စီးသူဟာ ဆိုင်ကယ်ပေါ်က ဆင်းလာတယ်။ လက်ထဲမှာ စာအိတ်တစ်အိတ် ကိုင်ထားပြီး “ဒီစာကို ဘယ်သူ ပို့တာလဲ” ဆိုပြီး အော်မေးတယ်။ အဲဒီစာဟာ အမှုဆောင်လုပ်ငန်းမှာ မိမိ ရေးခဲ့တဲ့ စာ ဖြစ်မှန်း ကာလီ မှတ်မိတယ်။
အဲဒီအချိန်မှာ မိဘတွေ ကာလီအနား ရောက်လာကြတယ်။ ကာလီက “ကျွန်မ ရေးတာပါ” လို့ ပြန်ပြောလိုက်တယ်။
“မင်းရဲ့ စာဟာ ငါ့အတွက် ကွက်တိပဲ” လို့ ဆိုင်ကယ်သမား ပြောလို့ ကာလီနဲ့ မိဘတွေ အံ့ဩသွားတယ်။ ကပ်ရောဂါကြောင့် အထီးကျန်နေချိန်မှာ စာထဲမှာ ပါတဲ့ အကြောင်းအရာတွေက စိတ်သက်သာစေတယ်လို့ သူ ပြောတယ်။ မကြာသေးခင်က ညီဖြစ်သူ ဆုံးသွားလို့ ဝမ်းနည်းနေတာ ကာလီရဲ့ စာကြောင့် နှစ်သိမ့်မှု ရတယ်လို့လည်း ရှင်းပြတယ်။
“တုံ့ပြန်မှု ရှိရှိ၊ မရှိရှိ စာရေးတာကို မရပ်လိုက်နဲ့။ အဲဒီစာက လူတွေရဲ့ နှလုံးကို ထိမိစေတယ်” လို့လည်း ပြောသွားတယ်။
အိမ်နီးချင်းတွေကို ဆက်ပြီး စာရေးပို့မယ်ဆိုတဲ့ ကာလီရဲ့ ဆုံးဖြတ်ချက် အခု ပိုခိုင်မာသွားပြီ။ “တစ်ယောက်ယောက်ကို အားပေးဖို့ ကျွန်မကို ယေဟောဝါ သုံးနေမှန်း သိလိုက်ရလို့ စိတ်လှုပ်ရှားမိတယ်။ ကျွန်မတို့ ရေးလိုက်တဲ့ စာက တစ်ယောက်ယောက်ရဲ့ နှလုံးကို ထိမိစေမှာပဲ” လို့ ကာလီ ပြောတယ်။
ကိုယ်ရေးလိုက်တဲ့ စာဟာ ရတဲ့သူအတွက် အကူအညီ ဖြစ်စေပါ့မလားလို့ တက္ကဆက်ပြည်နယ်၊ စင်တာမြို့က ညီအစ်မ မာနာ လို့ဇ် စဉ်းစားမိတယ်။ အဲဒီအချိန်မှာပဲ ဆွေမျိုးတစ်ယောက်အကြောင်း သိလိုက်ရတယ်။ တူဖြစ်သူ ထောင်ကျနေတယ်။ ကလေးဘဝတုန်းက အသင်းတော် အစည်းအဝေးတွေ တက်ဖူးတဲ့ သူ့ကို ယေဟောဝါ မမေ့တဲ့အကြောင်း စာရေးဖို့ ဆုံးဖြတ်လိုက်တယ်။
မာနာရဲ့ စာကို တူဖြစ်သူ အကြောင်းပြန်တယ်။ အဖမ်းခံရတော့ စိုးရိမ်ပူပန်မိကြောင်း၊ အားလုံး ဆုံးရှုံးသွားပြီလို့ ခံစားရကြောင်း ပြောတယ်။ ငယ်ဘဝကို ပြန်သတိရပြီး ကျမ်းစာ စဖတ်တယ်။ ယေဟောဝါဆီ ဆုတောင်းတယ်။ မာနာရဲ့ စာက သူ့ဆုတောင်းချက်ရဲ့ အဖြေပဲ၊ ယေဟောဝါ သူ့ကို ဂရုစိုက်နေတယ်ဆိုတဲ့ အထောက်အထားပဲလို့ သူ ပြောတယ်။
ဂျော်ဂျီယာပြည်နယ်၊ နော်ခရော့စ်မှာ နေတဲ့ ညီအစ်မ နာတာလီ ဘက်စ်ဟာ အမျိုးသမီးတစ်ယောက်ဆီက စာတိုလေး ရတယ်။ အဲဒီအမျိုးသမီးဟာ အပြေးလေ့ကျင့်ခန်း လုပ်နေရင်း ညီအစ်မရဲ့ စာကို တွေ့တာ။ လမ်းဘေးမှာ ခေါက်ထားတဲ့ စာကို အမျိုးသမီး တွေ့လိုက်ပြီး အစမှာတော့ ကျော်သွားလိုက်တယ်။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိ ပြန်သွားပြီး စာကို ကောက်ယူဖို့ ဆုံးဖြတ်လိုက်တယ်။
အမျိုးသမီးက နာတာလီကို ဒီလို စာရေးတယ်- “ဒီရက်ပိုင်းမှာ ကျွန်မ တကယ့်ကို အခက်ကြုံနေရတာ။ ကောင်းတာလေး တစ်ခုခုကို တောင့်တနေတာ။ ဒီစာက ‘ကျွန်မ တောင့်တနေတဲ့ အရာပဲ။’”
“ဒီလို တုံ့ပြန်မှု ရတာက ဟောပြောခြင်းလုပ်ငန်းကို ဘယ်လို နည်းလမ်းနဲ့ လုပ်လုပ် ယေဟောဝါ ကျွန်မတို့ကို ကူညီပေးနေမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်” လို့ နာတာလီ ပြောတယ်။
တက္ကဆက်ပြည်နယ်၊ အက်သင်မှာ နေတဲ့ ညီအစ်မ လော်ရာ မာတီနစ်ဟာ သူ့ကားဆီကို စားသောက်ကုန်တွေ လာပို့ပေးတဲ့ ကုန်စုံစတိုးက အလုပ်သမားတွေကို စာတွေ ပေးလိုက်တယ်။ အလုပ်သမားတစ်ယောက်က အဲဒီစာဟာ သိပ်အားပေးမှု ဖြစ်စေတယ်လို့ ပြောတယ်။ လော်ရာက အဲဒီအမျိုးသမီးဆီ နောက်ထပ် စာပြန်ရေးတယ်။ အခု အဲဒီအမျိုးသမီးနဲ့ ကျမ်းစာသင်နေပြီ။
ဒီတွေ့ကြုံမှုတွေအရ ကြဲလိုက်တဲ့ အမှန်တရား မျိုးစေ့တွေ “အပင်ပေါက်မလား” ဆိုတာ ကျွန်တော်တို့ မသိဘူး။ အမှုဆောင်မှာ ဘယ်နည်းလမ်းကို သုံးနေပါစေ ယေဟောဝါက ကျွန်တော်တို့ကို သုံးပြီး စိတ်ရိုးဖြောင့်သူတွေကို နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ပေးနိုင်တယ်။—ဒေသနာ ၁၁:၆။