စက်တင်ဘာ ၁၈၊ ၂၀၁၉
အမေရိကန်
ဒိုရီယန်မုန်တိုင်း မွှေနှောက်ဖျက်ဆီး
အဆင့် ၅ ရှိတဲ့ ဒိုရီယန်မုန်တိုင်းဟာ ဗဟားမားကျွန်းတွေကို ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းကို ဆက်ဝင်ရောက်ခဲ့တယ်။ ၂၀၁၉၊ စက်တင်ဘာ ၆ ရက်၊ သောကြာနေ့မနက်မှာ မြောက်ကယ်ရိုလိုင်းနား၊ ကိပ် ဟာတာရာ့စ်ကမ်းရိုးတန်းကို အဆင့် ၁ မုန်တိုင်းအဖြစ် တိုက်ခတ်ခဲ့လို့ ရေကြီးပြီး နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်။ ၂၀၁၉၊ စက်တင်ဘာ ၇ ရက်နေ့မှာ မုန်တိုင်းကြောင့် ကနေဒါနိုင်ငံ၊ နိုဗာစကိုးရှားပြည်နယ်မှာ ဟာရီကိန်း လေပြင်းတွေ တိုက်ခတ်ခဲ့တယ်။
ဗဟားမားမှာရှိတဲ့ ကြေညာသူ ၁,၇၄၂ ယောက်မှာ ညီအစ်မတစ်ယောက်ပဲ ဒဏ်ရာ အနည်းငယ် ရခဲ့တယ်လို့ အမေရိကန်ဌာနခွဲက သတင်းပေးပို့တယ်။ အဲဒီသတင်းအရ သက်သေခံတွေရဲ့ အိမ် ၄၈ လုံး အနည်းငယ် ထိခိုက်ပျက်စီးပြီး အိမ် ၈ လုံးကတော့ လုံးလုံးပျက်စီးသွားတယ်လို့ သိရတယ်။
ဂရိတ်အဘာကိုကျွန်းမှာ နေထိုင်တဲ့ ကြေညာသူများစွာဟာ ဗဟားမားရဲ့မြို့တော် နာဆောကို ပြောင်းရွှေ့ခဲ့ကြတယ်။ သူတို့ကို ဒေသခံညီအစ်ကို၊ ညီအစ်မတွေက လေဆိပ်မှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။
သဘာဝဘေး ကယ်ဆယ်ရေးကော်မတီနဲ့ ဒေသခံ တိုက်နယ်ကြီးကြပ်မှူးဟာ ကယ်ဆယ်ရေးပစ္စည်းတွေ စီစဉ်ပေးတယ်။ မုန်တိုင်းဘေးသင့်တဲ့ ကြေညာသူတွေဆီ လည်ပတ်အားပေးခဲ့တယ်။ အမေရိကန်ဌာနခွဲက ညီအစ်ကိုတွေလည်း အဲဒီဒေသကို သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီပေးတယ်။ အသင်းတော်တွေကို ကျမ်းစာနဲ့ အားပေးခဲ့တယ်။
အမေရိကန်မှာ အဓိက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာတွေက မြောက်နဲ့ တောင် ကယ်ရိုလိုင်းနားဖြစ်တယ်။ မုန်တိုင်းကြောင့် ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူး။ ဒါပေမဲ့ ညီအစ်ကို ၇၃၇ ယောက်ဟာ တခြားနေရာကို ယာယီ ပြောင်းရွှေ့ခဲ့ရတယ်။ နေအိမ် အလုံး ၅၀ နဲ့ ဝတ်ပြုရာခန်းမ ၁၂ လုံးလည်း ပျက်စီးသွားတယ်။
ကနေဒါက ညီအစ်ကို၊ ညီအစ်မတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သတင်းရတယ်။ မုန်တိုင်းကြောင့် ညီအစ်ကိုတချို့ရဲ့အိမ် အနည်းအကျဉ်း ပျက်စီးသွားပြီး လျှပ်စစ်မီးတွေ ပြတ်တောက်သွားတယ်။ ဒေသခံအသင်းတော်တွေက ညီအစ်ကို၊ ညီအစ်မတွေက မုန်တိုင်းဒဏ်ခံရသူတွေကို ကူညီပေးကြတယ်။
ဒီလိုခက်ခဲချိန်တွေမှာ ဘုရားကို ယုံကြည်အားကိုးကြတဲ့ ညီအစ်ကိုတွေ “အသနားခံတာကို” ယေဟောဝါ ကြားလို့ ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။—ဆာလံ ၂၈:၆။