၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်
အမေရိကန်
ပထမအကြိမ်မြောက် ဂိလဒ်သင်တန်း တက်ရောက်ခဲ့သူတွေထဲက နောက်ဆုံးအသက်ရှင်ကျန်ရစ်သူ အသက် ၁၀၃ နှစ်မှာ ကွယ်လွန်
ပထမအကြိမ်မြောက် ဂိလဒ် ကင်းမျှော်စင် ကျမ်းစာကောလိပ်ကျောင်း တက်ရောက်ခဲ့သူတွေထဲမှာ မေရီ အမ် လာရီမာဟာ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူပါ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ သူ ကွယ်လွန်သွားတယ်။ a ၁၉၂၀ ပြည့်နှစ်၊ ဇွန် ၄ ရက်မှာ မွေးဖွားပြီး ဇာတိကတော့ အမေရိကန်ပြည်ထောင်စု၊ ပင်စီဗေးနီးယားပြည်နယ်၊ စီနာရီ ဟီးလ်မြို့ပါ။ ၁၉၃၅ ခုနှစ်၊ အသက် ၁၅ နှစ်အရွယ်ရောက်တော့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီ အစည်းအဝေးကြီးမှာ နှစ်ခြင်းခံတယ်။ လေးနှစ်အကြာမှာ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ အချိန်တိုအတွင်းမှာပဲ ဟောပြောခြင်းလုပ်ငန်းမှာ ဇွဲထက်သန်တယ်ဆိုတဲ့ နာမည်ကောင်း ရလာတယ်။
၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလမှာ အဖွဲ့အစည်းရဲ့ ဦးဆောင်သူ ညီအစ်ကို နေသန် နောရ်ဆီက ဖိတ်ခေါ်စာ ရတယ်။ အသစ်ဖွင့်မယ့် ဂိလဒ် ကင်းမျှော်စင် ကျမ်းစာကောလိပ်ကို တက်ရောက်ဖို့ပါ။ စာထဲမှာ အခုလို ရေးထားတယ်– “ကောလိပ်ကျောင်းရဲ့ ရည်ရွယ်ချက်ဟာ ညီအစ်ကို၊ ညီအစ်မတွေကို ကမ္ဘာတစ်ဝန်း ဘယ်နေရာဒေသမှာမဆို သာသနာပြုနိုင်အောင် လေ့ကျင့်ပေးဖို့ပါ။ . . . သင်တန်းကာလဟာ ငါးလ ကြာရှည်ပါမယ်။ . . . အချိန်တိုအတွင်း သင်တန်းပြီးစီးဖို့ ဝီရိယရှိရမယ်၊ နှံ့နှံ့စပ်စပ် လေ့လာရမယ်။” လျှောက်လွှာကို မေရီ ချက်ချင်း ဖြည့်လိုက်တယ်။
၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်၊ တောင်လန်ဆင်းက ကျောင်းအဆောက်အအုံသစ်မှာ မေရီနဲ့ အတန်းဖော် ၉၉ ယောက် သင်တန်း စတက်ခဲ့ကြတယ်။ မေရီဟာ ထူးချွန်တဲ့ ကျောင်းသူတစ်ယောက် ဖြစ်ပြီး ငါးလတာ သင်တန်းကာလအတွင်း ကျမ်းစာကို ကြိုးကြိုးစားစား လေ့လာတယ်။ ၁၉၄၃ ခုနှစ်၊ ဇွန် ၂၃ ရက်မှာ ကျောင်းဆင်းတယ်။
ကျောင်းဆင်းပြီးနောက် သာသနာပြုအဖြစ် ကျူးဘားနိုင်ငံမှာ အမှုဆောင်ဖို့ တာဝန်ရတယ်။ တာဝန်သစ်ရဲ့ အခက်အခဲတွေအကြောင်း အခုလို ပြောပြတယ်– “လူတွေဟာ ဆင်းရဲကြတယ်။ လမ်းလျှောက်ပြီး အမှုဆောင်ထွက်ရတာ . . . ကျွန်မတို့မှာ ကားမရှိကြဘူး။” မေရီဟာ ၁၉၄၈ ခုနှစ်အထိ တာဝန်ကျတဲ့နေရာမှာ နေတယ်။ အဲဒီနောက် ဒဏ်ရာအပြင်းထန်ရတဲ့ အမေ့ကို ပြုစုဖို့ ပင်စီဗေးနီးယားပြည်နယ်ကို ပြန်သွားတယ်။ တစ်ကိုယ်ရေဘဝနဲ့နေပြီး ဘုရားအမှုတော်မှာ ထက်ထက်သန်သန် ဆက်လက်ပါဝင်ခဲ့တယ်။ မကွယ်လွန်ခင် နောက်ဆုံးအမှုဆောင်ခဲ့တဲ့ အသင်းတော်ကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဂလင်ဒယ်မြို့က အသင်းတော်တစ်ခုမှာပါ။
လက်ရှိ ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်းကျောင်းဟာ နယူးယောက်ပြည်နယ်၊ ပက်တာစင်မှာ တည်ရှိပြီး လောလောဆယ် ၁၅၅ ကြိမ်မြောက် သင်တန်း ကျင်းပနေပါတယ်။ မေရီ ကွယ်လွန်သွားတဲ့အကြောင်း ဂိလဒ် သင်တန်းပို့ချသူ ညီအစ်ကို မာ့ခ် နူမာ ကြားတဲ့အခါ အခုလို ပြောတယ်– “တစ်ချိန်တစ်ခါတုန်းက မေရီ လာရီမာဟာ မြို့ငယ်လေးတစ်မြို့က မိန်းမငယ်လေးတစ်ယောက်ပေါ့။ ယေဟောဝါအကြောင်း လူတွေကို ပြောပြဖို့ ဘယ်နေရာကိုမဆို သွားဖို့ အသင့်ပဲ။ ဘယ်ကိုများ ပို့မလဲ၊ အိမ်ကိုလည်း ပြန်လာနိုင်ပါ့မလားဆိုတာ မသိခဲ့ဘူး။ မေရီလိုမျိုး ဂိလဒ် သာသနာပြုတွေဟာ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်း တိုးတက်ဖို့ အုတ်မြစ်ကောင်း ချပေးခဲ့သူတွေပါ။”—ဟေရှာယ ၆:၈။
a ၁၉၄၆ ခုနှစ်မှာ ဂိလဒ် ကင်းမျှော်စင် ကျမ်းစာကောလိပ်ဆိုတဲ့ နာမည်အစား ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်းကျောင်းဆိုပြီး ပြောင်းလဲခေါ်ဝေါ်တယ်။