မာတိကာဆီ ကျော်သွား

ဘယ်။ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့မှာ ကိုးရက်တိုင် ကျင်းပခဲ့တဲ့ သမိုင်းဝင် အစည်းအဝေးကြီးမှာ ဘုရင်နဲ့ နိုင်ငံတော်ကို ကြေညာကြ ဆိုတဲ့ ဖိတ်ခေါ်ချက်ကို လူထောင်ပေါင်းများစွာ ကြားခဲ့ကြ။ ညာ။ ညီအစ်ကို ရပ်သဖော့က ခန်းမအပြင်က ပရိသတ်တွေပါ ကြားနိုင်ဖို့ မိုက်ကရိုဖုန်းကို အသုံးပြုခဲ့

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်
အမေရိကန်

လွန်ခဲ့တဲ့ အနှစ် ၁၀၀ က ကျင်းပခဲ့တဲ့ စီဒါပွိုင့် အစည်းအဝေးကြီး

သမိုင်းဝင် အဖြစ်အပျက်ကို ထင်ဟပ်တဲ့ ပြခန်းသစ်

လွန်ခဲ့တဲ့ အနှစ် ၁၀၀ က ကျင်းပခဲ့တဲ့ စီဒါပွိုင့် အစည်းအဝေးကြီး

ကျွန်တော်တို့ခေတ်ရဲ့ သမိုင်းဝင်အဖြစ်အပျက်တစ်ခုဟာ လွန်ခဲ့တဲ့အနှစ်တစ်ရာ၊ ၁၉၂၂ ခုနှစ်၊ စက်တင်ဘာ ၅-၁၃ အတွင်း အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့မှာ ကျင်းပခဲ့တဲ့ ကိုးရက်ကြာ အစည်းအဝေးကြီးအတွင်း ဖြစ်ပျက်ခဲ့တယ်။ အမေရိကန်၊ ကနေဒါနဲ့ ဥရောပက ကိုယ်စားလှယ်တွေ လာတက်ရောက်ကြတယ်။ နေ့စဉ်တက်ရောက်သူ ပျမ်းမျှအရေအတွက် ၁၀,၀၀၀ ရှိပြီး ဟောပြောချက်တွေကို ဘာသာစကား ၁၁ မျိုးနဲ့ တစ်ပြိုင်တည်း တင်ဆက်ခဲ့တယ်။

အဲဒီသမိုင်းဝင် အစည်းအဝေးကြီးရဲ့ ဟောပြောခြင်းလုပ်ငန်းအပေါ် အကျိုးသက်ရောက်ခဲ့ပုံကို ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်က ပြခန်းသစ်မှာ ပြသတင်ဆက်ထားပါတယ်။ လောလောဆယ်တော့ ဗေသလမိသားစုဝင်တွေပဲ လည်ပတ်ခွင့်ရပြီး နောက်ပိုင်း လည်ပတ်ကြည့်ရှုမှုတွေ ပြန်စတဲ့အခါ အားလုံး လာရောက်လည်ပတ်နိုင်ပါတယ်။

စက်တင်ဘာ ၈ ရက်ကတော့ စီဒါပွိုင့် အစည်းအဝေးကြီးရဲ့ အရေးပါဆုံး အခိုက်အတန့်ပါပဲ။ အဲဒီနေ့မှာ လူ ၈,၀၀၀ လောက်က လှပတဲ့အီရီရေကန်နားက ခန်းမထဲမှာ နေရာယူပြီး ညီအစ်ကို ရပ်သဖော့ရဲ့ “နိုင်ငံတော်” ဆိုတဲ့ ဟောပြောချက်ကို လာရောက်နားထောင်ကြတယ်။

မိနစ် ၉၀ ကြာ ဟောပြီးတဲ့အခါ ညီအစ်ကို ရပ်သဖော့က ပရိသတ်ကို ခရစ်တော် အုပ်စိုးနေပြီဆိုတာ ယုံပါသလားလို့ အသံကျယ်ကျယ်နဲ့ မေးလိုက်တယ်။ လူအုပ်ကလည်း ချက်ချင်းပဲ “ယုံပါတယ်” လို့ တစ်ခဲနက် ပြန်ဖြေကြတယ်။ အဲဒီအခါ ညီအစ်ကို ရပ်သဖော့က “ခင်ဗျားတို့က ကြေညာရေး ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒါကြောင့် ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” လို့ အားမာန်ပါပါ ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ “ဘုရင်နဲ့ နိုင်ငံတော်ကို ကြေညာကြ” ဆိုတဲ့ စာတန်းလိပ်ကြီး ကျလာတယ်။

တက်ရောက်သူတွေဟာ သတင်းကောင်းဟောကြဆိုတဲ့ စကားကိုကြားတော့ အမှုဆောင်ဖို့ အားမာန်တက်လာတယ်။ ပရိသတ်ထဲက လူအတော်များများဟာ ဟောပြောနေကြပြီ ဖြစ်ပေမယ့် ညီအစ်ကိုရပ်သဖော့ရဲ့ ဟောပြောချက်ကြောင့် ဟောပြောချင်စိတ် ပိုများလာတယ်။ အဲဒီအချိန်မှာ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းလည်း ပိုစနစ်ကျလာပြီ။ ဟောပြောချက်ကို ကြားပြီးတဲ့နောက် ကျမ်းစာကျောင်းသားတွေဟာ “အရင်ကထက် စိတ်ထက်သန်မှုနဲ့ မေတ္တာ တိုးပွား” လာတယ်လို့ အသက် ၃၀ နီးပါးအရွယ် ညီအစ်မ အီသဲလ် ဘင်နေခေါ့ ပြောပြတယ်။ ၁၉၂၂ ခုနှစ်တုန်းက အသက် ၁၈ နှစ်အရွယ်ဖြစ်တဲ့ ညီအစ်မ အိုဒက်ဆာတာ့ခ်လည်း “‘ကျွန်တော် ရှိပါတယ်၊ ကျွန်တော့်ကို စေလွှတ်ပါ’ လို့ ပြောခဲ့တဲ့ ဟေရှာယနဲ့ တူချင်တယ်” လို့ ပြောပြတယ်။

၁၉၂၂ ခုနှစ်၊ စီဒါပွိုင့် အစည်းအဝေးကြီးအတွင်း နှစ်ခြင်းအစီအစဉ်

ညီအစ်ကိုရပ်သဖော့ ဟောပြောပြီး နှစ်ရက်အကြာမှာ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားအဖွဲ့က ဆုံးဖြတ်ချက်တစ်ရပ် ချခဲ့တယ်။ ဆုံးဖြတ်ချက်ပါ စာသားတချို့ကို အခုလိုဖတ်ရတယ်– “ကျွန်တော်တို့ရဲ့သခင်၊ ကယ်တင်ရှင်ဖြစ်တဲ့ ယေရှုခရစ် နောက်ကိုလိုက်ဖို့၊ သူ့စကားကိုနာခံဖို့ စိတ်ဆုံးဖြတ်ထားတဲ့ ခရစ်ယာန်တစ်စုအနေနဲ့ ကျွန်တော်တို့ စစ်မှုထမ်းမှာ မဟုတ်ဘူး။ တော်လှန်ရေးတွေမှာလည်း မပါဝင်နိုင်ဘူး။ ပရမ်းပတာဖြစ်မှု၊ အကြမ်းဖက်မှု ဘယ်ပုံစံမျိုးမှာမဆို မပါဝင်နိုင်ဘူး။ ကျမ်းစာကို အသုံးပြုပြီး လူတွေကို လှည့်စားတဲ့ လိမ်လည်ဖြားယောင်းမှုတွေကို ဆန့်ကျင်တယ်။ ငြိမ်သက်အေးချမ်းမှုကိုပဲ လိုလားတယ်။” ကျမ်းစာကျောင်းသားတွေဟာ ပထမကမ္ဘာစစ်အတွင်း ရန်လိုမုန်းထားမှုတွေကို ထောက်ခံအားပေးခဲ့တဲ့ တခြားဘာသာရေးအဖွဲ့တွေနဲ့ လုံးလုံးမတူတာကို အဲဒီဆုံးဖြတ်ချက်က သိသာထင်ရှားစေတယ်။ အဲဒီဆုံးဖြတ်ချက်က ဒုတိယကမ္ဘာစစ်မှာလည်း ကျမ်းစာကျောင်းသားတွေကို တခြားဘာသာရေးအဖွဲ့တွေနဲ့ ကွဲပြားစေမှာဖြစ်တယ်။

၁၉၂၂ ခုနှစ်၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင်က ဒီလိုဆိုတယ်– “၁၉၂၂ ခုနှစ် အစည်းအဝေးကြီးကို ကျင်းပခဲ့သမျှ အစည်းအဝေးကြီးတွေထဲမှာ အကောင်းဆုံးဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်။ . . . တက်ရောက်လာသူ မိတ်ဆွေအားလုံးအတွက် အမှတ်တရ ဖြစ်စေချင်တယ်။”

အဲဒီရည်ရွယ်ချက်အတိုင်း ဖြစ်ခဲ့ပါတယ်။ အနှစ်တစ်ရာကျော်တိုင်တဲ့အထိ ယေဟောဝါဘုရားဟာ နိုင်ငံတော်နဲ့ နိုင်ငံတော်ဘုရင်အကြောင်း ကြေညာနေကြတဲ့ လုပ်ငန်းကို ကောင်းချီးပေးနေဆဲပါပဲ။—မဿဲ ၂၄:၁၄