မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၃၁၊ ၂၀၁၇
အမေရိကန်

ယေဟောဝါသက်သေတွေရဲ့ ဗီဒီယို (အနိုင်ကျင့်ခြင်း​အကြောင်း) က မိဘတွေ​အတွက် အကူအညီ​ဖြစ်ကြောင်း အမျိုးသား​ကျန်းမာရေး​အဖွဲ့က ဖော်ပြ

ယေဟောဝါသက်သေတွေရဲ့ ဗီဒီယို (အနိုင်ကျင့်ခြင်း​အကြောင်း) က မိဘတွေ​အတွက် အကူအညီ​ဖြစ်ကြောင်း အမျိုးသား​ကျန်းမာရေး​အဖွဲ့က ဖော်ပြ

နယူးယောက်။ မစ်ရှီဂန်​တက္ကသိုလ်က ဦးစီး​ပြုလုပ်တဲ့ C.S. Mott ကလေး​ဆေးရုံ၊ ၂၀၁၇ ကလေး​ကျန်းမာရေး​စစ်တမ်း​အရ အမေရိကန်​ပြည်ထောင်စု​က မိဘတွေဟာ အနိုင်ကျင့်ခြင်း​ကို ကလေးတွေရဲ့ နံပါတ်​တစ် ကျန်းမာရေး​အန္တရာယ်​အဖြစ် သတ်မှတ်ကြတယ်။

အမေရိကန် ကျန်းမာရေး​နှင့် လူထု​အကျိုးဆောင်​ဌာန​ရဲ့ stopbullying.gov ဝက်ဘ်ဆိုက်​မှာ မိဘတွေ စိုးရိမ်​ရတဲ့ အကြောင်းရင်းကို ဖော်ပြ​ထားတယ်– ယုံကြည်​စိတ်ချ​ရတဲ့ သုတေသန​ပြုချက်​အရ အမေရိကန်​ကျောင်းသား ၃၀ ရာခိုင်နှုန်း​လောက်​ဟာ ကျောင်းမှာ အနိုင်ကျင့်​ခံ​နေရ​ကြတယ်။

ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့​ဌာနချုပ်​က ပြောရေးဆိုခွင့်​ရှိသူ ဒေးဗစ် အေ. ဆီ​မို​နီ​ယန် ဒီလို​ပြောပါ​တယ်– “အနိုင်ကျင့်ခြင်း​ဟာ ကလေးတွေ​အတွက် အဓိက​အန္တရာယ် ဖြစ်နေတာကို ကျွန်တော်တို့ အသိအမှတ်​ပြုပါ​တယ်။ ကျွန်တော်တို့ရဲ့ ကျမ်းစာ​ပညာပေး​လုပ်ငန်း အစီအစဉ်တွေ​ထဲမှာ အနိုင်ကျင့်ခြင်း​အကြောင်း၊ မိသားစု​တွေ ကြုံနေ​ရတဲ့ တခြား​စိန်ခေါ်ချက်တွေ​အကြောင်း ဖော်ပြ​ထားပါ​တယ်။ အနိုင်ကျင့်​သူကို လက်သီး မ​သုံး​ဘဲ ရင်ဆိုင်​နည်း ကာတွန်း​သရုပ်ဖော် ဗီဒီယို​ဟာ ကမ္ဘာ​တစ်ဝန်း​က သန်းနဲ့ချီတဲ့ မိသားစု​တွေကို အလွန်​အထောက်အကူ ပြု​နေတာ ငါးနှစ်လောက် ရှိပါ​ပြီ။”

အနိုင်ကျင့်​သူကို လက်သီး မ​သုံး​ဘဲ ရင်ဆိုင်​နည်း ဗီဒီယိုမှာ​ပါတဲ့​ပုံ​က အနိုင်ကျင့်​ခံ​နေရတဲ့ လူငယ်တွေဟာ မိဘ၊ ဆရာ/မ၊ ယုံကြည်​ရတဲ့ လူကြီး​တစ်ဦးဦး​ကို ပြောပြဖို့ အားပေးထား​ပါတယ်။

လေး​မိနစ်​စာ​လောက်​ပဲ​ရှိတဲ့ ဗီဒီယိုကို ယေဟောဝါသက်သေများရဲ့ တရားဝင်​ဝက်ဘ်ဆိုက် jw.org မှာ လက်သင်္ကေတပြ​စကား ၃၀ ကျော်​အပါအဝင် ဘာသာစကား ၂၈၀ ကျော်နဲ့ ရရှိ​နိုင်ပါတယ်။

CES ကိုလံဘီယာ တက္ကသိုလ်က စီစဉ်​တဲ့ ကလေးသူငယ်​နှင့် မြီး​ကောင်​ပေါက်​များ​ရဲ့ စိတ်​ကျန်းမာရေး အစီအစဉ် ညှိနှိုင်းရေးမှူး နတ်​တ​လီ​ယာ ကာ​ဒီ​နတ်​စ် ဇူလွာ​ဂါ​က ဒီလို​ပြောတယ်– “အနိုင်ကျင့်​သူကို လက်သီး မ​သုံး​ဘဲ ရင်ဆိုင်​နည်း ဗီဒီယို တင်ဆက်​ထား​ပုံကို တကယ် သဘောကျ​တယ်။ ကျွန်မတို့​နိုင်ငံမှာ တစ်ခါတလေ မိဘတွေ ကလေးတွေကို သင်ပေးတဲ့ ပြဿနာ​ဖြေရှင်းနည်း​ကနေ အကြမ်းဖက်မှု ဖြစ်တတ်လို့​ပဲ။ ဗီဒီယိုမှာ​ပါတဲ့ အကြံပြုချက်တွေက အနိုင်ကျင့်​ခံ​နေရတဲ့ ကလေးတွေ​အတွက် တကယ် လက်တွေ့ကျတယ်။ မတူညီ​တာ​တွေ​ကြောင့် အနိုင်ကျင့်​ခံရ​နိုင်တယ်​ဆိုတဲ့ အရေးကြီးတဲ့ အချက်ကို​လည်း ဗီဒီယိုမှာ ဖော်ပြ​ထား​ပေးတယ်။ ဒီ​အချက်ကို ကလေး နားလည်​ထားမယ်​ဆိုရင် စိတ်တည်ငြိမ်​မယ်။ ကိုယ့်ရဲ့​ထူးခြားတဲ့​စရိုက်၊ အသွင်အပြင်အပေါ် ယုံကြည်​စိတ်ချမှု ရှိမယ်။”

တောင်​ကိုရီးယား ဆောင်​ကောင်း​ကွန် တက္ကသိုလ် တွဲဖက် လက်ထောက်​ပါမောက္ခ ဒေါက်တာ ဂျွန်​ဆောင်​ဟွန် ဒီလို​ပြောပါ​တယ်– “ဗီဒီယိုကို ကာတွန်း​သရုပ်ဖော် ပုံစံ​နဲ့ တင်ဆက်​ထားတဲ့​အတွက် အနိုင်ကျင့်​ခံ​နေရတဲ့ ကလေးတွေ ကြိုက်​နှစ်သက်​ရုံ​မ​က အကူအညီလည်း ဖြစ်စေ​ပါတယ်။ ကာတွန်း​ပုံ​နဲ့ ဖော်ပြ​ထားတဲ့​အတွက် ပို​မှတ်မိ​နိုင်မယ်လို့ ယုံကြည်တယ်။”

ဒါ့အပြင် အနိုင်ကျင့်ခြင်း​ဆိုင်ရာ နိုင်ငံတကာ သုတေသန ကွန်ရက်ကို ပူးတွဲ​တည်ထောင်သူ ဒေါက်တာ ရှယ်​လီ ဟို​င်​မယ် ဒီလို​ပြောတယ်– “ဗီဒီယိုက ကလေးတွေ​အတွက် တကယ်​ကောင်းတဲ့ အချက်အလက်​တွေကို သိစေတယ်။ ကျွန်မ သိထားတဲ့ သုတေသန​ပြုချက်​တွေ​နဲ့​လည်း ကိုက်ညီတယ်။ ကလေးတွေ၊ လူငယ်တွေ​နဲ့ အလုပ်လုပ်​နေရတဲ့ လူကြီးတွေ၊ ဆရာ/မ​တွေ၊ မိဘတွေ​အတွက် အစပြု​ဆွေးနွေး​လို့​ကောင်းတဲ့ ဗီဒီယို​ပါပဲ။”

မစ္စတာ ဆီ​မို​နီ​ယန်​က ဒီလို ကောက်ချက်ချ​ပါတယ်– “အနိုင်ကျင့်​ခံ​နေရတဲ့ ကလေးတွေ​အတွက် ကျွန်တော်တို့ စိုးရိမ်တယ်။ ကျွန်တော်တို့ရဲ့ ဗီဒီယိုက​နေ အထောက်အကူ​ဖြစ်မယ့် အကြံပြုချက်​တွေ ရမယ်လို့ မျှော်လင့်​ပါတယ်။ ဗီဒီယိုမှာ အကြံပေး​ထားတဲ့​အတိုင်း အနိုင်ကျင့်​ခံရတဲ့ လူငယ်တွေဟာ ကိုယ့်ကို လမ်းညွှန်​ပေးနိုင်တဲ့၊ လိုအပ်တဲ့​ထောက်မမှု ပေးနိုင်တဲ့ ယုံကြည်​စိတ်ချ​သူ တစ်ယောက်ယောက်၊ အထူးသဖြင့် မိဘ ဒါမှမဟုတ် ဆရာ/မ ပြောပြ​သင့်တယ်။ အနိုင်ကျင့်​ခံ​နေရတာ​ကို တစ်ယောက်တည်း ကြိတ်​ပြီး မဖြေရှင်း​သင့်​ဘူး။”

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000