မာတိကာဆီ ကျော်သွား

၁၉၅၅ အယ်ဆာဗေးဒေါ ဌာနခွဲရုံး။ (ပုံအသေး) ၁၉၇၂၊ ဧပြီ ၂၆၊ အစိုးရ သတင်းစာမှာ ယေဟောဝါသက်သေ အဖွဲ့အစည်းအကြောင်း သတင်း ပါလာ

၂၀၂၂၊ မတ် ၂၃
အယ်လ်ဆာဗေးဒေါ

အယ်ဆာဗေးဒေါနိုင်ငံက ယေဟောဝါသက်သေတွေ တရားဝင် အသိအမှတ်ပြုခံရတဲ့ နှစ် ၅၀ မြောက် နှစ်ပတ်လည်

အယ်ဆာဗေးဒေါနိုင်ငံက ယေဟောဝါသက်သေတွေ တရားဝင် အသိအမှတ်ပြုခံရတဲ့ နှစ် ၅၀ မြောက် နှစ်ပတ်လည်

၂၀၂၂၊ မတ်လဟာ အယ်ဆာဗေးဒေါနိုင်ငံမှာ ယေဟောဝါသက်သေတွေ တရားဝင် အသိအမှတ်ပြုခံရတဲ့ နှစ် ၅၀ မြောက် နှစ်ပတ်လည် ဖြစ်တယ်။ ၁၉၇၂၊ မတ် ၂၇ မှာ အစိုးရရဲ့ တရားဝင် အသိအမှတ်ပြုမှု ခံရပြီးနောက် ကြေညာသူ အရေအတွက်ဟာ ၁၉၇၂ မှာ ၂၅၂၄ ယောက်ကနေ ၁၉၇၆ မှာ ၅၆၃၂ ယောက်အထိ တစ်ဟုန်ထိုး တိုးတက်သွားတယ်။ ဒီနေ့၊ အသင်းတော် ၆၆၂ ခု မှာ ကြေညာသူ ၃၈၀၀၀ ကျော် ရှိတယ်။

အယ်ဆာဗေးဒေါကို ဦးဆုံး ရောက်လာတဲ့ သာသနာပြုတချို့၊ ဘယ်မှ ညာ– တေရာ မီးလ်၊ ဗီဗီယန် အူ၊ ဂျီန်း အန်ဝင်း၊ အီဗန်လီ ထရာဘတ်၊ မီးဒရက် အိုစန်

၁၉၄၅ မှာ အယ်ဆာဗေးဒေါကို သာသနာပြုတွေ ရောက်ရှိလာပြီးနောက် အမှုဆောင်လုပ်ငန်းကို အာရုံစိုက် လုပ်ဆောင်ကြတယ်။ အဲဒီတုန်းက တရားဝင် နေထိုင်ခွင့် ရဖို့ လွယ်တယ်။ အသင်းတော်တွေ စဖွင့်တယ်။ ၁၉၄၆၊ မေလမှာ ဌာနခွဲရုံး စဖွဲ့စည်းတယ်။

၁၉၆၈ မှာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေသစ်ကြောင့် နိုင်ငံထဲမှာ သာသနာပြုတွေ ငါးနှစ်ထက် ပိုနေထိုင်လို့ မရတော့ဘူး။ သာသနာပြုတွေ မရှိတော့ရင် ဟောပြောခြင်းလုပ်ငန်း ထိခိုက်မှာကို ညီအစ်ကိုတွေ သိတဲ့အတွက် တရားဝင် အသိအမှတ်ပြုခံရအောင် အစိုးရဆီ လျှောက်ဖို့ စီစဉ်ကြတယ်။

အဲဒီကိစ္စ ဆွေးနွေးဖို့ ၁၉၇၁ နှစ်ကုန်ပိုင်းလောက်မှာ အယ်ဆာဗေးဒေါက အကြီးအကဲ ၃၀ လောက်ကို ဌာနခွဲရုံးဆီ ဖိတ်ခေါ်တယ်။ နောက်ပိုင်းမှာ ဌာနခွဲ ကော်မတီဝင် ဖြစ်လာတဲ့ ညီအစ်ကို ဘာတာဆာ ပါလာက အစည်းအဝေးအတွင်း အားလုံးကို အစိုးရ ပေးထားတဲ့ မှတ်ပုံတင် ပြခိုင်းပြီး အစိုးရရဲ့ တရားဝင် အသိအမှတ်ပြုခံရဖို့ လျှောက်လွှာတင်တဲ့အခါ အဲဒီအကြီးအကဲတွေရဲ့နာမည်၊ လိပ်စာတွေကို ထည့်မယ်လို့ အသိပေးတယ်။

အစည်းအဝေး တက်ခဲ့သူတွေထဲက တစ်ယောက် ဖြစ်တဲ့ ညီအစ်ကို ဂျူအန် အန်တိုနီယို ဖလော ဒီလိုပြောတယ်– “လျှောက်လွှာမှာ ကျွန်တော်တို့ရဲ့ နာမည်၊ လိပ်စာ ထည့်မှာဆိုတော့ အာဏာပိုင်တွေ လုပ်ငန်း ပိတ်ပင်ချင်ရင် အရင်ဆုံး ကျွန်တော်တို့ပဲ ဖမ်းခံရပြီး ထောင်ချခံရမယ်လို့ ညီအစ်ကို ပါလာ ရှင်းပြတယ်။” ပြီးနောက် ကြောက်တဲ့သူ ရှိရင် မှတ်ပုံတင် ပြန်လာယူပါလို့ ညီအစ်ကို ပါလာ ပြောတယ်။ ဘယ်သူမှ ပြန်မယူကြဘူး။ အစိုးရ တစ်ခါမှ မပိတ်ပင်လို့ ဘယ်သူမှ ထောင်ချ မခံရတာ ကျေးဇူးတင်ရမယ်။

အစီအစဉ် အောင်မြင်တယ်။ နောက်တစ်နှစ်မှာ ယေဟောဝါသက်သေ အဖွဲ့အစည်း တရားဝင် အသိအမှတ်ပြုခံရတယ်။ အဲဒီအချိန်ကစပြီး သာသနာပြုတွေ အမြဲတမ်း နေထိုင်ခွင့် ပြန်လျှောက်နိုင်ခဲ့တယ်။ အဲဒီအပြင် စာပေတွေ တင်သွင်းဖို့၊ ကြားနေခွင့်ကို ကျောင်းနဲ့ အစိုးရ အာဏာပိုင်တွေရှေ့ ခုခံကာကွယ်ဖို့ ညီအစ်ကိုတွေအတွက် ပိုလွယ်သွားတယ်။

တရားဝင် အဖွဲ့အစည်း ဖွဲ့စည်းရတဲ့ အဓိက ရည်ရွယ်ချက်ကို ၁၉၇၂၊ ဧပြီ ၂၆၊ အယ်ဆာဗေးဒေါ အစိုးရ သတင်းစာမှာ ဒီလို ဖော်ပြတယ်– “အနန္တတန်ခိုးရှင် ဘုရား ယေဟောဝါရဲ့ နာမည်၊ သတင်းစကား၊ မြင့်မြတ်မှုအတွက် သက်သေအနေနဲ့ ကျမ်းစာ သွန်သင်ချက်တွေအကြောင်း၊ ဘုရားနိုင်ငံတော် သတင်းကောင်းအကြောင်း ဟောပြောဖို့ ဖြစ်တယ်။”

အဲဒီလို ဖော်ပြချက် ပါလာပြီးကတည်းက အယ်ဆာဗေးဒေါက ယေဟောဝါသက်သေတွေ ယေဟောဝါအကြောင်း ဟောပြောလာတာ ဆယ်စုနှစ်ချီ ရှိနေပြီ။—ဟေရှာယ ၂၅:၉