မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၀၊ ၂၀၁၉
အယ်လ်ဘေးနီးယား

အယ်လ်ဘေးနီးယားမှာ ငလျင်ကြီး လှုပ်ခတ်

အယ်လ်ဘေးနီးယားမှာ ငလျင်ကြီး လှုပ်ခတ်

အယ်လ်ဘေးနီးယားမှာ အနှစ် ၄၀ အတွင်း အပြင်းထန်ဆုံးလို့ ပြောကြတဲ့ ငလျင်ကြောင့် ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ဘူး။ ဒါပေမဲ့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ် ၃၅ လုံး၊ ဝတ်ပြုရာခန်းမအဖြစ် အသုံးပြုနေတဲ့ အဆောက်အအုံ ၃ လုံးကတော့ နေထိုင်ဖို့ မသင့်တော်တော့ဘူး။

အယ်လ်ဘေးနီးယားနိုင်ငံမှာ ၂၀၁၉၊ နိုဝင်ဘာ ၂၆ ရက်နေ့တုန်းက ပြင်းအား ၆.၄ ရှိတဲ့ ငလျင် လှုပ်ခတ်သွားတယ်။ ငလျင်ကြောင့် ၅၁ ယောက် သေဆုံးပြီး ၃,၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ထောင်နဲ့ချီတဲ့သူတွေဟာ နေအိမ်တွေကနေ ရွှေ့ပြောင်းကြရတယ်။ ငလျင်ဘေးသင့်ဒေသက ယေဟောဝါသက်သေတွေလည်း ဆွေမျိုးတွေရဲ့အိမ် ဒါမှမဟုတ် တခြားအသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ်ကို ရွှေ့ပြောင်းကြရတယ်။ ငလျင်ကြောင့် ဝတ်ပြုရာခန်းမတွေ ပျက်စီးသွားတဲ့ အသင်းတော်တွေဟာ ဘေးကင်းတဲ့ဒေသက ဝတ်ပြုရာခန်းမတွေမှာ စည်းဝေးကြတယ်။

သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားလို့ မိသားစုအတွက် အကူအညီဖြစ်ခဲ့တဲ့အကြောင်း အကြီးအကဲတစ်ယောက် ဒီလို ပြောပြတယ်– “ငလျင်လည်းလှုပ်ရော ချက်ချင်းပဲ ‘အရေးပေါ်အိတ်တွေ’ ကိုဆွဲပြီး အိမ်ထဲကနေ ထွက်ပြေးခဲ့ကြတယ်။ အိတ်တွေထဲမှာ စောင်၊ သောက်ရေ၊ ဆေး၊ အစားအစာတွေနဲ့ အရေးကြီးတဲ့ အသုံးအဆောင်တွေ ထည့်ထားတယ်။ ကျွန်တော်တို့ကို ချစ်ပြီး ဂရုစိုက်တဲ့ ယေဟောဝါဘုရားနဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ကျေးဇူးတင်ပါတယ်။”

တိုက်နယ်ကြီးကြပ်မှူးတွေဟာ ငလျင်ဘေးသင့် ဒေသတွေဆီ ချက်ချင်းသွားပြီး ညီအစ်ကို၊ ညီအစ်မတွေကို နှစ်သိမ့် အားပေးကြတယ်။ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်နဲ့ ဇနီး နေထိုင်တဲ့ တိုက်ခန်း ပျက်စီးသွားလို့ ရွှေ့ပြောင်းကြရတယ်။ ကိုယ်တိုင်က အခက်အခဲတွေရှိပေမဲ့ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးဟာ တခြားသူတွေကို အားပေးနှစ်သိမ့်မှုမှာ ပါဝင်ခဲ့တယ်။

ဌာနခွဲကော်မတီဝင် ညီအစ်ကိုတွေလည်း ငလျင်ဘေးသင့်ဒေသတွေကို သွားရောက် အားပေးခဲ့ကြတယ်။ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး အကူအညီပေးနေကြပါတယ်။

အယ်လ်ဘေးနီးယားက ညီအစ်ကို၊ ညီအစ်မတွေ ခံနိုင်ရည်ရှိစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ သဘာဝဘေးတွေ မရှိတော့မယ့် အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—ရောမ ၈:၂၅