၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်
အာဂျင်တီးနား
ယေဟောဝါသက်သေတွေကို နာဇီနှိပ်စက်ညှဉ်းပန်းခဲ့တဲ့ဖြစ်ရပ် အထူးပြခန်း အာဂျင်တီးနားမှာ ပြသ
၂၀၂၄ ခုနှစ်၊ ဧပြီ ၃ ရက်မှာ “ခရမ်းရောင်တြိဂံများ– ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံမှု ဖြစ်ရပ်” လို့ခေါင်းစဉ်တပ်ထားတဲ့ ပြခန်းကို အာဂျင်တီးနား၊ ဗျူးနို့အေရီမြို့က နာဇီခေတ် မီးလောင်တိုက်သွင်းခြင်း ပြတိုက်မှာ ယာယီဖွင့်လှစ်လိုက်တယ်။ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၄ ရက်အထိ ပြသထားပါမယ်။
ယေဟောဝါသက်သေ ၁၆,၀၀၀ ကျော်ဟာ ကြားနေမှုကြောင့် နာဇီတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှု ခံခဲ့ရတယ်။ ညီအစ်ကို/မ ၄,၅၀၀ လောက်က ချွေးတပ်စခန်း အပို့ခံရပြီး ၁,၇၅၀ လောက် အသက်ဆုံးရှုံးခဲ့တယ်။ စခန်းထဲမှာ ယေဟောဝါသက်သေတွေက ခရမ်းရောင်တြိဂံပုံ ကပ်ချုပ်ထားတဲ့ဝတ်စုံ ဝတ်ကြရတယ်။
နာဇီအုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေက ယေဟောဝါသက်သေတွေ သမာဓိစောင့်သိခဲ့ကြပုံ၊ ကြံ့ကြံ့ခံရပ်တည်ခဲ့ပုံတွေအကြောင်း သိထားသူတွေဆီကနေ ရရှိတဲ့ သမိုင်းအချက်အလက်တွေ၊ ကိုယ်ရေးမှတ်တမ်းတွေကို အပိုင်းသုံးပိုင်းပါတဲ့ ပြခန်းမှာ ဖော်ပြထားတယ်။ အသံလမ်းညွှန်မှုတွေ၊ တို့ထိသုံးနိုင်တဲ့ ဖန်သားပြင်တွေ၊ ဗီဒီယိုတွေကို အာဂျင်တီးနား လက်သင်္ကေတပြစကား၊ အင်္ဂလိပ်၊ စပိန်ဘာသာစကားတွေနဲ့ ပြင်ဆင်ပေးထားတယ်။ ပြခန်းတစ်လျှောက်မှာ ဧည့်သည်တွေကို လမ်းညွှန်ပေးဖို့ ဧည့်လမ်းညွှန်တွေလည်း ရှိတယ်။
ယေဟောဝါသက်သေတွေရဲ့ သမာဓိကို ချိုးဖျက်ဖို့ နာဇီတွေ ကြိုးပမ်းရာမှာ အသုံးပြုခဲ့တဲ့ စာရွက်စာတမ်း မိတ္တူတွေကိုလည်း ပြသထားတယ်။ ညီအစ်ကို/မတွေဟာ ယေဟောဝါကို မကိုးကွယ်တော့ဘူး၊ ယေဟောဝါသက်သေ မလုပ်တော့ဘူးလို့ ဖော်ပြထားတဲ့ စာရွက်မှာ လက်မှတ်ထိုးဖို့ အကြိမ်ကြိမ် ဖိအားပေးခံရတယ်။ လက်မှတ်ထိုးရုံနဲ့ လွတ်မြောက်သွားနိုင်တယ်။ ဒါပေမဲ့ လက်မှတ်ထိုးတဲ့သူ သိပ်နည်းပါတယ်။ ပြခန်းရဲ့ စိတ်ဝင်စားဖွယ် အပိုင်းတစ်ခုကတော့ ဧည့်သည်တွေကို အဲဒီအခြေအနေကို မြင်ယောင်စေဖို့ ယေဟောဝါသက်သေတွေနေရာကနေ ပြန်သရုပ်ဆောင်စေတာပါ။ ဧည့်သည်တွေကို စာရွက်ပေးပြီး ယေဟောဝါသက်သေတွေ လက်မှတ်မထိုးဖို့ဆိုရင် ဘယ်လောက်အထိ ရဲစွမ်းသတ္တိရှိဖို့လိုမယ်၊ စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုမယ်ဆိုတာကို စဉ်းစားကြည့်ဖို့ အားပေးခဲ့တယ်။
နာဇီခေတ် မီးလောင်တိုက်သွင်းခြင်းအကြောင်းကို အထူးပြုလေ့လာသူ ပါမောက္ခ အစ္စဘဲလ် ဘန်းစတိုင်းက ပြခန်းကို လှည့်လည်ကြည့်ပြီးနောက် ဒီလိုပြောခဲ့တယ်။ “ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့ယုံကြည်ချက်နဲ့ ဆန့်ကျင်တဲ့အရာကို ငြင်းပယ်တယ်၊ မှန်တယ်လို့ သူတို့သုံးသပ်ထားတဲ့လမ်းကို ရွေးချယ်ကြတယ်ဆိုတာ ပြခန်းကနေ သိစေတယ်။ ဘယ်အရာ မှန်သလဲဆိုတာကို ဂရုမစိုက်ကြတော့တဲ့ ဒီလောကမှာ ကောင်းမွန်တဲ့၊ လိုက်လျှောက်ထိုက်တဲ့ စံနှုန်းတွေဘက် ရပ်တည်ဖို့ ယေဟောဝါသက်သေတွေရဲ့ ဒီဖြစ်ရပ်က စေ့ဆော်ပေးပါတယ်။”
ပြခန်းဖွင့်ချိန်ကစပြီး အခုအချိန်အထိ ဧည့်သည် ၈,၄၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြပြီ။ အာဂျင်တီးနားမှာရှိတဲ့ ယေဟောဝါသက်တွေအတွက် ပြောရေးဆိုခွင့်ရှိသူ ညီအစ်ကို မာကို ဒနေဒီရို ကဒီလိုပြောခဲ့တယ်– “ယေဟောဝါသက်သေတွေအကြောင်း သိပ်မသိသူတွေအတွက် ဒီပြပွဲက ကျွန်တော်တို့ရဲ့ယုံကြည်ချက်နဲ့ သမိုင်းကြောင်းကို ပိုနားလည်စေပါလိမ့်မယ်။ ကျွန်တော်တို့ သိပ်စိတ်လှုပ်ရှားနေကြပြီး လူများနိုင်သလောက်များများ လာကြည့်ကြဖို့ မျှော်လင့်နေပါတယ်။”
ရဲစွမ်းသတ္တိနဲ့ သမာဓိရှိတဲ့ ဒီမှတ်တမ်းအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒီသစ္စာရှိ ညီအစ်ကို/မတွေရဲ့ ပုံသက်သေက ကျွန်တော်တို့ “အဆုံးအထိ ခိုင်ခံ့မြဲမြံ” အောင် အတတ်နိုင်ဆုံးကြိုးစားဖို့ လှုံ့ဆော်ပေးပါစေ။—၁ ကောရိန္သု ၁:၈။