၂၀၂၃ ခုနှစ်၊ ဇွန် ၂၉ ရက်
အာဂျင်တီးနား
အာဂျင်တီးနားနဲ့ ဥရူဂွေးနိုင်ငံက ဝေးလံခေါင်သီတဲ့နယ်မြေတွေမှာ သတင်းကောင်း ဟောပြောခြင်း
အာဂျင်တီးနားဌာနခွဲက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအထိ အာဂျင်တီးနားနဲ့ ဥရူဂွေးနိုင်ငံထဲက ဝေးလံခေါင်သီတဲ့နယ်မြေတွေမှာ အထူးဟောပြောခြင်းကင်ပိန်း စီစဉ်ခဲ့တယ်။ ပါဝင်ခဲ့တဲ့ ကြေညာသူ ၉,၅၀၀ ကျော်ကို အုပ်စု ၇၀၀ နီးပါးဖွဲ့စည်းခဲ့တယ်။ သူတို့က ဌာနခွဲနယ်မြေထဲက ဒီဝေးလံခေါင်သီတဲ့နေရာမှာရှိကြတဲ့ ယေဟောဝါသက်သေ အသင်းတော်ပေါင်း ၁၄၆ ခုကို ကူညီပေးခဲ့ကြတယ်။
လူတစ်သန်းကျော်ဟာ အာဂျင်တီးနားနဲ့ ဥရူဂွေးနိုင်ငံထဲက မြို့ငယ်လေးတွေ၊ တိုင်းရင်းသားလူမျိုးစုဒေသတွေနဲ့ ကျေးလက်တွေမှာ နေထိုင်ကြတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဒီနယ်မြေတွေဆီ ကြေညာသူတွေ မရောက်ဖြစ်ခဲ့ဘူး။ ဒါကြောင့် ဒီဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ကျမ်းစာသတင်းတရားကို ပြန်လည်ဟောပြောဖို့ ညီအစ်ကို/မတွေ စိတ်ထက်သန်ခဲ့ကြတယ်။
ညီအစ်ကို အာဒရီယန် ဒိုနာဒီရိုနဲ့ ဇနီးဖြစ်သူ ကရီးနာဟာ သူတို့တာဝန်ကျရာ အာဂျင်တီးနားမှာရှိတဲ့ တာတဂါးလ်မြို့ကိုရောက်ဖို့ မိုင် ၁,၀၀၀ နီးပါး သွားခဲ့တယ်။ အာဒရီယန်က “ဘုရားအကြောင်း လူတွေသိဖို့လိုနေတာကို မြင်ရတော့ သူတို့ကို လန်းဆန်းစေတဲ့သတင်းကောင်း ပြောပြရလို့ သိပ်ဝမ်းသာတာပဲ” လို့ပြောတယ်။
ကပ်ရောဂါမတိုင်မီက ကြေညာသူနှစ်ယောက်ဟာ အာဂျင်တီးနား၊ ဘာရန်းခါမြို့က အသက် ၉၀ ကျော် သက်ကြီးမောင်နှံဆီ လည်ပတ်ပြီး ကျမ်းစာ သင်ပေးခဲ့တယ်။ သက်ကြီးမောင်နှံနေတဲ့နေရာက ဝေးလံပြီး အင်တာနက် မကောင်းတော့ အသင်းတော်နဲ့ သူတို့ သုံးနှစ် အဆက်ပြတ်သွားတယ်။ ဒါပေမဲ့ ကျမ်းစာကို သူတို့ နေ့တိုင်း ပုံမှန်ဖတ်သွားပြီး တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ပြန်ရဖို့ ယေဟောဝါဆီ ဆုတောင်းကြတယ်။ ကင်ပိန်းအတွင်းမှာ ညီအစ်ကိုတွေ ပြန်ရောက်လာတော့ သူတို့ တအားပျော်သွားတယ်။ သူတို့ရဲ့ဆုတောင်းသံကို ယေဟောဝါ နားညောင်းတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ကြတယ်။ ကျမ်းစာဆက်သင်ဖို့လည်း အစီအစဉ်တွေ လုပ်ခဲ့ကြတယ်။
ဥရူဂွေးနိုင်ငံ၊ မွန်တီဗီဒီယိုမြို့မှာနေတဲ့ မှန်မှန်ရှေ့ဆောင်မောင်နှံ ညီအစ်ကို အီဒွါရ် ဖရေးရာနဲ့ ဇနီး အလေဂျန်းဒရာဟာ နိုင်ငံအတွင်း ဝေးလံခေါင်သီတဲ့နေရာတွေမှာ ဟောပြောတဲ့ ကင်ပိန်းမှာပါဝင်ဖို့ ၂၄၈ မိုင် ခရီးနှင်ခဲ့ကြတယ်။ သူတို့နဲ့အတူ အသက် ၁၇၊ ၁၅ နဲ့ ၁၁ နှစ်အရွယ် ကလေးသုံးယောက်လည်း ပါသွားကြတယ်။ အီဒွါရ် ဒီလိုပြောတယ်–“ကျွန်တော်တို့ရဲ့ကလေးတွေ ဟောပြောခြင်းလုပ်ငန်းမှာ သိပ်ပျော်နေတာတွေ့ရလို့ ဝမ်းသာလိုက်တာ။ ကျွန်တော်တို့အားလုံး နောက်ထပ်ကင်ပိန်းသွားဖို့ အဆင်သင့်ပါပဲလို့ မိသားစုလိုက် ပြောနိုင်ကြပါတယ်။”
ဒီလို ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ “စေ့စေ့စပ်စပ် သက်သေခံဖို့” ညီအစ်ကို/မတွေ ကြိုးစားနေတာကို ယေဟောဝါ ကောင်းချီးပေးတာ တွေ့ရလို့ ကျွန်တော်တို့ ဝမ်းသာတယ်။—တမန်တော် ၁၀:၄၂။