ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
အာမေးနီးယား
ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေရဲ့ အခွင့်အရေးကို အာမေးနီးယား အသိအမှတ်ပြုလာပုံ
လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) မကြာသေးခင်က ချမှတ်တဲ့ စီရင်ချက်က ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ လူငယ်တွေရဲ့ လူ့အခွင့်အရေးအပေါ် ထပ်ဆင့် အကျိုးသက်ရောက်ခဲ့တယ်။ ၂၀၁၇၊ အောက်တိုဘာ ၁၂ ရက်နေ့မှာ အာဒီယန်၊ တခြားသူများနဲ့ အာမေးနီးယား အမှုကို စီရင်ချိန်မှာ ဒီလူငယ်တွေအတွက် အရပ်ဘက်လုပ်ငန်း စီစဉ်ပေးသင့်တယ်လို့ ECHR က ဆုံးဖြတ်ခဲ့တယ်။
နှစ်အတော်ကြာတဲ့အထိ ECHR ဥပဒေမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေရဲ့ အခွင့်အရေးကို အသိအမှတ်မပြုခဲ့တဲ့အတွက် အတော်များများဟာ နှိပ်စက်ညှဉ်းပန်းခံရပြီး ထောင်ကျခဲ့တယ်။ ဒါပေမဲ့ တရားရုံးက ၂၀၁၁ ခုနှစ်၊ ဘာရတ်ရန်နဲ့ အာမေးနီးယား အမှုမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတာကို အခြေခံ လူ့အခွင့်အရေးအဖြစ် အသိအမှတ်ပြုခဲ့တယ်။ အာဒီယန် အမှု စီရင်ချိန်မှာတော့ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို ပြစ်ဒဏ်ပေးတဲ့ သဘောမသက်ရောက်တဲ့ အရပ်ဘက်လုပ်ငန်းစစ်စစ်ကို အစားထိုး လုပ်ခွင့်ပေးဖို့ ECHR က ဆုံးဖြတ်ခဲ့တယ်။
ဘာရတ်ရန်၊ အာဒီယန် နဲ့ တခြားအမှုတွေကို ECHR အနိုင်ပေးလိုက်တဲ့အတွက် ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေအပေါ် အာမေးနီးယား အစိုးရရဲ့ ဆက်ဆံပုံ အတော် ပြောင်းလဲသွားတယ်။ ဒါကို ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေရဲ့ မှတ်တမ်းအကျဉ်းက ဖော်ပြတယ်။
ACS စီစဉ်ပေးမယ်လို့ အာမေးနီးယား ကတိပြုပေမဲ့ ပျက်ကွက်
အရပ်ဘက်လုပ်ငန်း မဟုတ်ဘဲ ပြစ်ဒဏ် ဖြစ်နေ။ ဥရောပကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ် အာမေးနီးယား ဝင်ရောက်ချိန် ၂၀၀၁ ခုနှစ်မှာ ဥရောပစံနှုန်း ဖြစ်တဲ့ အစားထိုး အရပ်ဘက်လုပ်ငန်း (ACS) ဥပဒေကို လိုက်နာမယ်လို့ ကတိပြုခဲ့တယ်။ စစ်တပ်ကွပ်ကဲမှုအောက်လည်း မဟုတ်၊ ပြစ်ဒဏ်ပေးတဲ့ အလုပ်မျိုးလည်း မဟုတ်တဲ့ အရပ်ဘက်လုပ်ငန်း စစ်စစ်ကို အကောင်အထည် ဖော်ပေးဖို့ ဖြစ်တယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူအားလုံးကို လွတ်ငြိမ်းချမ်းသာပေးဖို့လည်း သဘောတူခဲ့တယ်။ a ဒါပေမဲ့ ယေဟောဝါသက်သေတစ်ယောက် ဖြစ်ပြီး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ ဗာဟန် ဘာရတ်ရန်ရဲ့ အမှုကို စီရင်ချိန်အထိ အာမေးနီးယားဟာ အဲဒီကတိတည်ဖို့ ပျက်ကွက်နေတုန်းပဲ။ ဘာရတ်ရန်ဟာ စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက်၊ အာမေးနီးယားနိုင်ငံက ACS မစီစဉ်ပေးတဲ့အတွက် ၂၀၀၂ ခုနှစ်မှာ စီရင်ချက်ချပြီး ထောင်ချခံခဲ့ရတယ်။ ၂၀၀၃ ခုနှစ်မှာ ဘာရတ်ရန်က သူ့အမှုကို ECHR ဆီ တင်ခဲ့တယ်။ သူ့ကို အာမေးနီးယားအစိုးရ ထောင်ချလိုက်တာဟာ ယုံကြည်ချက်နဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်နေတာ ဖြစ်ကြောင်း ဖော်ပြခဲ့တယ်။
ချွတ်ယွင်းချက်ရှိတဲ့ အစားထိုးအလုပ် ဖြစ်လို့ ပြစ်ဒဏ်ခံခဲ့ရ။
၂၀၀၄ ခုနှစ်မှာ အာမေးနီးယားဟာ ACS ဥပဒေကို ပြင်ဆင်ပေးတဲ့အတွက် ယေဟောဝါသက်သေ လူငယ်များစွာဟာ စစ်မှုထမ်းခြင်းအစား အရပ်ဘက်လုပ်ငန်း အစီအစဉ်ကို ရွေးချယ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ စာရင်းသွင်းတဲ့အခါ အဲဒီအစီအစဉ်က အရပ်ဘက် အာဏာပိုင်တွေ ကွပ်ကဲမယ့်အစား စစ်တပ်ကွပ်ကဲမှုအောက်မှာ ဖြစ်နေတာကို သတိပြုမိပြီး ACS အစီအစဉ်ကနေ နုတ်ထွက်ခဲ့ကြတယ်။ ဒါကြောင့် ဖမ်းဆီးနှိပ်စက်ခံရပြီး တချို့ ထောင်ချခံခဲ့ရတယ်။ ၂၀၀၆၊ မေလမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ ဟိတ်ခ် ခါချထရီယန်နဲ့ နောက်ထပ် ယေဟောဝါသက်သေ ၁၈ ယောက်ဟာ ECHR ကို အမှုတင်ခဲ့တယ်။ ဒီလိုဥပဒေမဲ့ နှိပ်စက်ညှဉ်းပန်းခြင်းဟာ သူတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်နေတာ ဖြစ်ကြောင်း ဖော်ပြထားတယ်။ b
နှစ်အတော်ကြာတဲ့အထိ ဘာတိုးတက်မှုမှ မရှိခဲ့။ နှစ်အတော်ကြာတဲ့အထိ အာမေးနီးယားဟာ ACS ဥပဒေကို မပြင်ဆင်ပေးခဲ့ဘူး။ ယေဟောဝါသက်သေတွေဟာ ချွတ်ယွင်းချက် ရှိနေတဲ့ အရပ်ဘက်လုပ်ငန်းကို ဆက်ငြင်းဆိုခဲ့ကြတဲ့အတွက် ၂၀၀၄ ခုနှစ် (ACS ဥပဒေကို လက်ခံကျင့်သုံးချိန်) ကနေ ၂၀၁၃ ခုနှစ် (ACS ဥပဒေကို ပြင်ဆင်ချိန်) အထိ ယေဟောဝါသက်သေ ၃၁၇ ယောက်ဟာ ထောင်ဒဏ် ၂၄ လ ကနေ ၃၆ လ အထိ ကျခံခဲ့ရတယ်။
အဲဒီအချိန်အတွင်း ECHR မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုးတက်မှု သိပ်မရှိဘူး။ လွတ်လပ်စွာ ယုံကြည်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံပေးထားတဲ့ ဥရောပ ပဋိညာဉ်စာတမ်း အပိုဒ် ၉ မှာ စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းကို ကာကွယ်ပေးထားကြောင်း ဘာရတ်ရန်ရဲ့ တိုင်ကြားချက်ကို ၂၀၀၉ ခုနှစ်မှာ ECHR က သုံးသပ်ခဲ့တယ်။ ဒါပေမဲ့ ECHR က ဆယ်စုနှစ်ချီကြာပြီ ဖြစ်တဲ့ ဥပဒေအတိုင်းပဲ လုပ်ဆောင်ခဲ့တယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခွင့် ပေးသင့်၊ မပေးသင့်ကို နိုင်ငံတစ်ခုစီက ကိုယ်တိုင်ဆုံးဖြတ်လို့ရတယ်လို့ ဖော်ပြခဲ့တယ်။ နိုင်ငံက ခွင့်မပြုရင် စစ်မှုမထမ်းလို့ နှိပ်စက်ညှဉ်းပန်းခံရတာကနေ လွတ်ငြိမ်းခွင့် ရဖို့ အပိုဒ် ၉ အာမခံကို အသုံးမပြုနိုင်တော့ဘူး။ ဒီဆုံးဖြတ်ချက်ဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းနဲ့ပတ်သက်တဲ့ နိုင်ငံတကာစံနှုန်းကို မပြည့်မီပုံရတဲ့အတွက် ဘာရတ်ရန်ရဲ့ ရှေ့နေက အမှုကို ပြန်သုံးသပ်ပေးဖို့ ECHR အယူခံတရားရုံးကို တင်လိုက်တယ်။
တိုးတက်အောင်မြင်မှု။ ECHR အယူခံတရားရုံးက ဘာရတ်ရန်ရဲ့ အမှုကို ပြန်သုံးသပ်တဲ့အခါ အလှည့်အပြောင်းတစ်ခု ဖြစ်လာတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းဟာ ပဋိညာဉ်စာတမ်း အပိုဒ် ၉ က ကာကွယ်ပေးထားတဲ့ အခွင့်အရေးတစ်ခု ဖြစ်ကြောင်း ၂၀၁၁၊ ဇူလိုင် ၇ ရက်နေ့မှာ ECHR က ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ ပဋိညာဉ်စာတမ်းဟာ “အကျိုးသက်ရောက်နေဆဲ ဥပဒေ” ဖြစ်တယ်လို့ ECHR က ကျိုးကြောင်းဆင်ခြင်ခဲ့တယ်။ ဒါဟာ “ဥရောပနဲ့ တခြားဒေသတွေမှာ ပေါ်ပေါက်နေတဲ့ မေးခွန်းအတွက် ယေဘုယျ သဘောတူညီချက်” ဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်တယ်။ အယူခံတရားရုံးရဲ့ စီရင်ချက်ကြောင့် ဥရောပမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခွင့် ရရှိသွားရုံသာမက အာမေးနီးယားနိုင်ငံဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေအတွက် အရပ်ဘက်လုပ်ငန်းစစ်စစ်ကို ပြင်ဆင်ပေးဖို့ တာဝန်ရှိသွားတယ်။
“စစ်မှုမထမ်းမနေရ ဆိုတဲ့ တောင်းဆိုချက်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အခိုင်အမာ စွဲကိုင်ထားတဲ့ ဘာသာရေး ယုံကြည်ချက်တို့ကြား ပြင်းထန်တဲ့ သဘောထား ကွဲလွဲမှုတို့ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုကြတာ။ ပဋိညာဉ်စာတမ်း အပိုဒ် ၉ ပါ အာမခံချက်တွေရဲ့ ခိုင်မာမှု၊ လေးနက်မှု၊ တစ်ညီတစ်ညွတ်တည်း ဖြစ်မှု၊ အရေးကြီးမှုတို့အပေါ် ယုံကြည်စိတ်ချခြင်းကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုကြတာပါ။”—ဘာရတ်ရန်နဲ့ အာမေးနီးယား [GC], no. 23459/03, § 110, ECHR 2011
အာမေးနီးယားမှာ ACS ဥပဒေ ပြင်ဆင်ပေး
အရပ်ဘက်လုပ်ငန်းစစ်စစ် မရှိခြင်းဟာ ပြဿနာတစ်ခု ဖြစ်နေဆဲ။
၂၀၁၁၊ နွေရာသီမှာ အာတူရာ အာဒီယန် အပါအဝင် အာမေးနီးယားက ယေဟောဝါသက်သေ လေးယောက်ဟာ စစ်တပ်ကွပ်ကဲမှုအောက် ACS အစီအစဉ်မှာ ပါဝင်ဖို့ ငြင်းဆိုတဲ့အတွက် အပြစ်ရှိကြောင်း စီရင်ခံရပြီး ထောင်ကျခဲ့တယ်။ သူတို့လည်း ECHR ထံ တိုင်စာတင်ခဲ့တယ်။ အာမေးနီးယားဟာ သူတို့ရဲ့ အခွင့်အရေးကို ချိုးဖောက်ကြောင်း၊ ၂၀၀၄ ခုနှစ်ကတည်းက ပြင်ဆင်ပေးခဲ့တဲ့ အစားထိုးအရပ်ဘက်လုပ်ငန်းဟာ ဥရောပစံနှုန်းတွေနဲ့ မညီကြောင်း၊ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ဆန့်ကျင်ကြောင်း ဖော်ပြထားတယ်။
စစ်တပ်ကွပ်ကဲမှုအောက် အရပ်ဘက်လုပ်ငန်း အစီအစဉ် ပြဿနာ ဆက်ရှိနေ။ အရပ်သားကွပ်ကဲမှု မဟုတ်ဘဲ စစ်တပ်ကွပ်ကဲမှု ဖြစ်နေလို့ ACS အစီအစဉ်ကနေ နုတ်ထွက်သူ ယေဟောဝါသက်သေ ၁၉ ယောက် ပါဝင်တဲ့ ခါချထရီယန်၊ တခြားသူများနဲ့ အာမေးနီးယား အမှုကို ၂၀၁၂၊ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ECHR က စီရင်ချက် ချခဲ့တယ်။ ယေဟောဝါသက်သေတွေကို တရားစွဲဆိုခြင်း၊ ဖမ်းချုပ်ထားခြင်းဟာ ဥပဒေနဲ့ မညီကြောင်း ECHR က ထုတ်ပြန်ခဲ့တယ်။ ဆုံးဖြတ်ချက်ထဲမှာ ACS အစီအစဉ်ဟာ စစ်တပ်ကွပ်ကဲမှုအောက် ရှိနေတယ်ဆိုတဲ့ တိုင်ချက်ဖွင့်သူတွေရဲ့ အဆိုကို အသိအမှတ်ပြုခဲ့ပေမဲ့ တရားရုံးက ခါချထရီယန် အမှုမှာ ဒီအချက်ကို စီရင်ချက် မထုတ်ပြန်ခဲ့ဘူး။
အစားထိုး အရပ်ဘက်လုပ်ငန်း စစ်စစ်။
၂၀၁၃၊ နွေရာသီမှာ အာမေးနီးယားအစိုးရက ၂၀၀၁ ပြည့်နှစ်မှာ ကတိပြုခဲ့တဲ့ ACS အစီအစဉ် ဥပဒေကို ပြင်ဆင်ပေးခဲ့တယ်။ ထောင်ကျနေတဲ့ ယေဟောဝါသက်သေ အများစုဟာ ၂၀၁၃၊ အောက်တိုဘာလမှာ ထောင်ကနေ လွတ်လာပေမဲ့ ထောင်သက်တမ်း ပြည့်ခါနီးသူတချို့ဟာ သက်တမ်း ပြည့်တဲ့အထိ ထောင်ထဲ နေဖို့ ရွေးချယ်ခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး အာမေးနီးယားနိုင်ငံက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေဟာ ACS အစီအစဉ်မှာ ပါဝင်နိုင်ကြပြီ။
ECHR ရဲ့ ဥပဒေရေးရာ တိုးတက်မှုများ
ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်ကြောင်း၊ အာမေးနီးယားအစိုးရအနေနဲ့ လေးစားမှု ပြရမှာ ဖြစ်ကြောင်း ဘာရတ်ရန် နဲ့ ခါချထရီယန် အမှုနှစ်ခုနဲ့ပတ်သက်တဲ့ ECHR ရဲ့ စီရင်ချက်က ရှင်းလင်းစေခဲ့တယ်။ ဒါပေမဲ့ ACS အစီအစဉ်ဟာ စစ်တပ်ကွပ်ကဲမှုအောက် မရှိရဘူးလို့တော့ ECHR က မထုတ်ပြန်ခဲ့ဘူး။
အာဒီယန်၊ တခြားသူများနဲ့ အာမေးနီးယား အမှုနဲ့ပတ်သက်တဲ့ ၂၀၁၇၊ အောက်တိုဘာ ၁၂ ရက်နေ့ ECHR ရဲ့ စီရင်ချက်က အဲဒီကွာဟမှုကို စေ့စပ်ပေးခဲ့တယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေမှာ အဲဒီလိုငြင်းဆိုပိုင်ခွင့် ရှိတာကြောင့် အာမေးနီးယားအစိုးရအနေနဲ့ သူတို့အတွက် ဥရောပစံနှုန်းနဲ့ ကိုက်ညီတဲ့ အစားထိုး အရပ်ဘက်လုပ်ငန်းကို စီစဉ်ပေးသင့်တယ်လို့ အာဒီယန် အမှုမှာ ECHR က ဆင်ခြင်ခဲ့တယ်။ ACS အစီအစဉ်ဟာ စစ်တပ်ကွပ်ကဲမှုအောက် မရှိရဘူး။ ပြစ်ဒဏ်ပေးတဲ့သဘော မသက်ရောက်ရဘူး။ ချွတ်ယွင်းချက်ရှိတဲ့ အစီအစဉ်ကို ငြင်းပယ်လို့ ပြစ်ဒဏ်ခံခဲ့ရသူတွေကို လျော်ကြေး ပြန်ပေးဖို့ ECHR က စီရင်ချက် ချခဲ့တယ်။
“နိုင်ငံတစ်ခုက အရပ်ဘက်လုပ်ငန်း အစီအစဉ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွဲ့စည်းအကောင်အထည်ဖော်ခွင့်သာ ရှိတယ်ဆိုရင်၊ ဥပဒေအရ ဖြစ်စေ၊ လက်တွေ့မှာ ဖြစ်စေ ပြစ်ဒဏ်ပေးတဲ့သဘော မသက်ရောက်တဲ့ အရပ်ဘက်လုပ်ငန်းစစ်စစ်ကို မစီစဉ်ပေးနိုင်ဘူးဆိုရင် ပဋိညာဉ်စာတမ်း အပိုဒ် ၉ ပါ စစ်မှုထမ်းဖို့ ငြင်းဆိုခွင့်ဟာ အချည်းနှီး ဖြစ်သွားမယ်လို့ တရားရုံးက ဆင်ခြင်တယ်။”—အာဒီယန်၊ တခြားသူများနဲ့ အာမေးနီးယား၊ no. 75604/11, § 67, ECHR 2017
ဒီအမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်
၂၀၁၈၊ ဇန်နဝါရီလအထိ ယေဟောဝါသက်သေ ၁၆၁ ယောက်ဟာ ACS အစီအစဉ်မှာ ပါဝင်ပြီးသွားပြီ။ လောလောဆယ် ၁၀၅ ယောက် စာရင်းသွင်းထားတယ်။ ယေဟောဝါသက်သေတွေရော အာဏာပိုင်တွေပါ ACS အစီအစဉ်ရဲ့ အောင်မြင်မှုတွေကို မြင်ပြီး ကျေနပ်အားရနေကြတယ်။ အစားထိုး အရပ်ဘက်လုပ်ငန်း တောင်းဆိုသူတွေ လက်သင့်ခံနိုင်တဲ့ အလုပ် ဖြစ်သလို အများပြည်သူ ကောင်းကျိုး သယ်ပိုးရာလည်း ရောက်တယ်။ အာမေးနီးယားမှာ အရင်က ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ပြဿနာကိုလည်း ဖြေရှင်းရာ ရောက်သွားတယ်။
အာမေးနီးယားနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ အန္ဒြေ ကာဘွန်နိုက အစိုးရရဲ့ ဖြေရှင်းပုံကို ချီးမွမ်းခဲ့တယ်။ သူဒီလိုပြောတယ်– “အာမေးနီးယားနဲ့ပတ်သက်ပြီး ECHR ရဲ့ စီရင်ချက်တွေကို ကြည့်တဲ့အခါ ၂၀၁၁ ခုနှစ်၊ ဘာရတ်ရန် အမှုနောက်ပိုင်း တိုးတက်မှုတွေ တွေ့ရတယ်။ ခါချထရီယန် နဲ့ အာဒီယန် စီရင်ချက်တွေကြောင့် စစ်တပ်နဲ့ မသက်ဆိုင်တဲ့ အရပ်ဘက်လုပ်ငန်း စီစဉ်ပေးဖို့ လမ်းပွင့်သွားတယ်။ အရပ်ဘက်လုပ်ငန်းစစ်စစ် အစီအစဉ် မရှိသေးတဲ့ တခြားနိုင်ငံတွေလည်း အာမေးနီးယားရဲ့ အောင်မြင်မှုတွေကို သတိပြုမိကြမယ်လို့ မျှော်လင့်ပါတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေဟာ လက်သင့်ခံနိုင်တဲ့၊ အများပြည်သူအတွက် အကျိုးဖြစ်စေတဲ့ အရပ်ဘက်လုပ်ငန်းကို လုပ်ခွင့်ရနေကြပါပြီ။”
|
ACS မရှိ |
ACS က ပြစ်ဒဏ်ပေးတဲ့ ပုံစံ ဖြစ် |
ACS ရှိပေမဲ့ အတည်မပြုသေး |
---|---|---|---|
အဇာဘိုင်ဂျန် |
|
|
X |
ဘယ်လာရုစ် |
|
X |
|
အီရီထရီးယား |
X |
|
|
လစ်သူယေးနီးယား |
X c |
|
|
စင်ကာပူ |
X |
|
|
တောင်ကိုရီးယား |
X |
|
|
တာဂျစ်ကစ္စတန် |
|
|
X |
တူရကီ |
X |
|
|
တာ့ခ်မင်နစ္စတန် |
X |
|
|
အချိန်ပြဇယား
အောက်တိုဘာ ၁၂၊ ၂၀၁၇
အာဒီယန်၊ တခြားသူများနဲ့ အာမေးနီးယား အမှုကို ECHR စီရင်ချက်ချ
ဇန်နဝါရီ ၂၀၁၄
ACS အစီအစဉ်သစ်မှာ စာရင်းသွင်းခဲ့တဲ့ ဦးဆုံး ယေဟောဝါသက်သေတွေ အလုပ်စတင်
နိုဝင်ဘာ ၁၂၊ ၂၀၁၃
ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ ယေဟောဝါသက်သေ တစ်ယောက်မှ ထောင်ထဲမှာ မရှိတော့။ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် ဖြစ်
ဇွန် ၈၊ ၂၀၁၃
ACS အစီအစဉ်နဲ့ပတ်သက်တဲ့ ဥပဒေကို အာမေးနီးယား ပြင်ဆင်ခဲ့ပြီး ၂၀၁၃၊ အောက်တိုဘာလမှာ ဥပဒေအရ အတည် ဖြစ်ခဲ့
နိုဝင်ဘာ ၂၇၊ ၂၀၁၂
ခါချထရီယန်၊ တခြားသူများနဲ့ အာမေးနီးယား အမှုကို ECHR စီရင်ချက်ချ
ဇန်နဝါရီ ၁၀၊ ၂၀၁၂
ဘူကာရာတယန်နဲ့ အာမေးနီးယား အမှု၊ ဆာတူယန်နဲ့ အာမေးနီးယား အမှုတို့နဲ့ပတ်သက်ပြီး ဘာရတ်ရန် အမှုကို နောက်ကြောင်း ပြန်လိုက်တဲ့အခါ ယေဟောဝါသက်သေတွေကို ထောင်ချခြင်းဟာ အာမေးနီးယားအနေနဲ့ ပဋိညာဉ်စာတမ်း အပိုဒ် ၉ ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ECHR တွေ့ရှိ
ဇူလိုင် ၇၊ ၂၀၁၁
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် (ဥရောပ ပဋိညာဉ်စာတမ်း အပိုဒ် ၉) ချိုးဖောက်ခံရကြောင်း ECHR အယူခံတရားရုံးက တွေ့ရှိခဲ့။ ဘာရတ်ရန်နဲ့ အာမေးနီးယား အမှု စီရင်ချက်ချချိန်မှာ ၁၆ မဲ ၁ မဲနဲ့ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေး
အောက်တိုဘာ ၂၇၊ ၂၀၀၆
ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်ဟာ ဥရောပ ပဋိညာဉ်စာတမ်း အပိုဒ် ၉ နဲ့ မသက်ဆိုင်ဘူးလို့ ဘာရတ်ရန်နဲ့ အာမေးနီးယား အမှု စီရင်ချက် ထုတ်ပြန်ချိန်မှာ ECHR က ဆုံးဖြတ်ခဲ့။ ECHR အယူခံတရားရုံးကို အမှုလွှဲပြောင်းခဲ့
၂၀၀၄
အာမေးနီးယားက ACS အစီအစဉ်ကို လက်ခံကျင့်သုံးပေမဲ့ အစီအစဉ်က စစ်တပ်ကွပ်ကဲမှုအောက် ဖြစ်နေ
၂၀၀၁
အာမေးနီးယားက ACS အစီအစဉ်ကို လက်ခံကျင့်သုံးမယ်လို့ ကတိပြု
a အာမေးနီးယားကို ဥရောပကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ် ဖိတ်ခေါ်ဖို့ ဥရောပကောင်စီ ပါလီမန် စည်းဝေးပွဲ စီရင်ချက် နံပါတ် ၂၂၁ (၂၀၀၀) က ထောက်ခံထားတယ်။ တောင်းဆိုချက်အနေနဲ့ “အာမေးနီးယားနိုင်ငံဟာ ဥရောပစံနှုန်းနဲ့ ညီတဲ့ အရပ်ဘက်လုပ်ငန်း ဥပဒေကို သုံးနှစ်အတွင်း လိုက်နာရမယ်။ ဒီအတောအတွင်း ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုလို့ ထောင်ကျနေသူတွေ၊ စည်းကမ်းထိန်းသိမ်းရေး စခန်းပို့ခံရသူတွေကို လွတ်ငြိမ်း ချမ်းသာပေးပြီး အရပ်ဘက်လုပ်ငန်း အစီအစဉ် ဥပဒေအရ အတည် ဖြစ်လာချိန်မှာ လက်နက်ကိုင်ဆောင်စရာ မလိုတဲ့ စစ်မှုထမ်းခြင်း ဖြစ်စေ၊ အရပ်ဘက်လုပ်ငန်းကို ဖြစ်စေ ရွေးချယ်ခွင့် ပေးဖို့ သဘောတူရမယ်။”
b အာမေးနီးယားအစိုးရဟာ ယေဟောဝါသက်သေ ၁၉ ယောက်ကို တရားစွဲဆိုပြီး ထောင်ချထားတာဟာ တရားမဝင်ဘူး။ အကြောင်းကတော့ သူတို့ ပြစ်ဒဏ်စီရင်ခံရချိန် ၂၀၀၅ ခုနှစ်မှာ၊ အရပ်ဘက်လုပ်ငန်းကို ငြင်းဆိုတာဟာ ရာဇဝတ်မှုမြောက်တယ်လို့ ဖော်ပြထားတဲ့ အာမေးနီးယား ဥပဒေ မရှိသေးလို့ပဲ။
c လစ်သူယေးနီးယားနိုင်ငံရဲ့ “အစားထိုး အမျိုးသား ကာကွယ်ရေးလုပ်ငန်း” ဟာ စစ်တပ်ကွပ်ကဲမှုအောက်မှာ ရှိတယ်။