အောက်တိုဘာ ၁၆၊ ၂၀၁၇
အာမေးနီးယား
လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက အာမေးနီးယားမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခွင့်ကို အတည်ပြုပေး
အာမေးနီးယားက ယေဟောဝါသက်သေလေးယောက်ကို စစ်တပ်ကွပ်ကဲမှုအောက်ရှိ အရပ်ဘက်လုပ်ငန်း လုပ်ဆောင်ဖို့ ငြင်းဆိုမှုကြောင့် မတရား ထောင်ဒဏ် ချထားတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က ၂၀၁၇၊ အောက်တိုဘာ ၁၂ ရက်နေ့မှာ အမိန့်ချလိုက်တယ်။ အာမေးနီးယား အစိုးရဟာ လူငယ်လေးယောက်အတွက် မှန်ကန်တဲ့ အရပ်ဘက်လုပ်ငန်း မပြင်ဆင်ပေးဘဲ မှားယွင်းစွာ ပြစ်ဒဏ်ချမှုကြောင့် ECHR က အမိန့်ချမှတ်လိုက်တာပါ။
အာဒီယန်၊ တခြားသူများနဲ့ အာမေးနီးယား အမှုမှာ အာတူရာ အာဒီယန်၊ ဗာဟန် မာဂေရီယန်၊ ဟာရုတီယန် ကာချာထရီယန်၊ ဂရေဂင် အဗာတီစီယန်တို့ကို ၂၀၁၁ နွေရာသီမှာ ထောင်ဒဏ် နှစ်နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ ဒီလူငယ်လေးယောက်ကို တရားစွဲဆိုပြီး ပြစ်ဒဏ်ချတာဟာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်း၊ အပိုဒ် ၉ ပါ ယုံကြည်ချက်နဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း ECHR ကအမိန့်ချခဲ့တယ်။ တစ်ယောက်စီကို ထိခိုက်နစ်နာမှုတွေအတွက် လျော်ကြေးအဖြစ် ယူရို ၁၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄,၂၀၀) ပေးဖို့ အာမေးနီးယား အစိုးရကို အမိန့်ချခဲ့တယ်။
ပဋိညာဉ်စာတမ်းက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းခြင်း ငြင်းဆိုပိုင်ခွင့်ကို ကာကွယ်ပေးကြောင်း ဘာရတ်ရန်နဲ့ အာမေးနီးယား (၂၀၁၁) အမှုကို ECHR တရားရုံးက စီရင်ချက် ချပြီး မကြာခင်မှာပဲ ဒီလူငယ်လေးယောက် ပြစ်ဒဏ်စီရင်ခံရတာ ဖြစ်တယ်။ a ငြင်းဆိုပိုင်ခွင့်ကို ကာကွယ်ပေးထားတဲ့အတွက် အာမေးနီးယား အစိုးရဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေအတွက် အရပ်ဘက်လုပ်ငန်း ပေးဖို့ လိုအပ်လာတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အာမေးနီးယားအစိုးရ ပေးတဲ့ အရပ်ဘက်လုပ်ငန်းဟာ စစ်တပ်ကွပ်ကဲမှုအောက်က အလုပ်ဖြစ်တဲ့အတွက် နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီခဲ့ဘူး။ လူငယ်လေးယောက်က အဲဒီလိုမျိုး အရပ်ဘက်လုပ်ငန်းကို လုပ်ဆောင်ဖို့ ငြင်းဆိုခဲ့ကြတဲ့အတွက် ထောင်ချခံခဲ့ရတယ်။ တခြားယုံကြည်သူချင်းတွေလည်း ထောင်ကျခဲ့ကြတယ်။ အာဒီယန် အမှုနဲ့ပတ်သက်ပြီး ECHR က အာမေးနီးယား အစိုးရဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေအတွက် “စစ်မှုထမ်းခြင်းအစား လုပ်ရတဲ့အလုပ်ဟာ အရပ်ဘက်လုပ်ငန်းအစစ် ဖြစ်သင့်တယ်၊ ပိတ်ပင်တားမြစ်တဲ့၊ ဒဏ်ပေးတဲ့အလုပ်မျိုး မဖြစ်သင့်ဘူး” လို့ အမိန့်ထုတ်ပြန်ခဲ့တယ်။
၂၀၁၃ နှစ်ကုန်ပိုင်းမှာ အာဒီယန် အမှုက လူငယ်လေးယောက် ထောင်က လွတ်လာပြီး နောက်ဆုံးမှာတော့ အာမေးနီးယားအစိုးရဟာ စစ်တပ်ကွပ်ကဲမှုအောက် မဟုတ်ဘဲ အရပ်ဘက်လုပ်ငန်းစစ်စစ်ကို အကောင်အထည် ဖော်ပေးခဲ့တယ်။ ရလဒ်အနေနဲ့ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ အာမေးနီးယားရှိ ယေဟောဝါသက်သေတွေဟာ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်နဲ့အညီ စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် ထောင်ကျစရာ မလိုတော့ဘူး။ အရပ်ဘက်လုပ်ငန်း စစ်စစ်ကို လုပ်ဆောင်ခွင့်ရတဲ့အတွက် ယေဟောဝါသက်သေတွေ ကျေးဇူးတင်ကြပါတယ်။
a ဘာရတ်ရန်နဲ့ အာမေးနီးယား [GC]၊ နံပါတ် ၂၃၄၅၉/၀၃၊ ECHR ၂၀၁၁