၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်
အိန္ဒိယ
အစည်းအဝေးကြီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် အိန္ဒိယက ယေဟောဝါသက်သေတွေ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်၊ ထောက်မကြ
jw.org အထူးသတင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့တုန်းက အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မှာ ကျင်းပနေတဲ့ အစည်းအဝေးကြီးမှာ ဗုံးတချို့ ပေါက်ကွဲခဲ့တယ်။ ဝမ်းနည်းစရာက ကနဦးမှာ ညီအစ်မနှစ်ယောက် သေဆုံးသွားပြီး ရရှိတဲ့ ဒဏ်ရာကြောင့် ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်လည်း ဆုံးပါးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ညီအစ်ကို/မ ၅၅ ယောက်ရှိပြီး မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားရသူ တချို့ရှိတယ်။
အခုလောလောဆယ် ညီအစ်မ သုံးယောက်နဲ့ ညီအစ်ကို နှစ်ယောက်ဟာ မီးလောင်ဒဏ်ရာကြောင့် ဆေးရုံတက်နေရပြီး စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေပါတယ်။ မနက် ၉ နာရီ မိနစ် ၄၀ ခန့်၊ အဖွင့်ဆုတောင်းနေချိန်မှာ ဗုံးသုံးလုံးထက်မနည်း ပေါက်ကွဲခဲ့တာလို့ အာဏာပိုင်တွေ အတည်ပြုတယ်။ ဒီဆိုးရွားတဲ့လုပ်ရပ် ကျူးလွန်သူလို့ သံသယရှိသူကို ရဲက ဖမ်းချုပ်ထားပြီး ဆက်လက်စစ်ဆေးနေပါတယ်။
အခင်းဖြစ်တဲ့နေရာကို ကူညီဖို့ ချက်ချင်းရောက်ရှိလာကြတဲ့ ဝန်ထမ်းတွေနဲ့ ဒဏ်ရာရသူတွေကို ကုသပေးကြတဲ့ ဆေးရုံဝန်ထမ်းတွေကို ကျွန်တော်တို့ အင်မတန် ကျေးဇူးတင်ပါတယ်။
အစည်းအဝေးမှာ ရောက်ရှိနေသူတွေကလည်း ယုံကြည်သူချင်းတွေရဲ့ မေတ္တာနဲ့ ကူညီပေးမှုအတွက် အားရှိကြတယ်၊ သိပ်ကျေးဇူးတင်ကြတယ်။ ဗုံးပေါက်တုန်းက ခန်းမထဲမှာရှိနေတဲ့ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ကျွန်မ ချက်ချင်းပဲ ယေဟောဝါဘုရားဆီ ဆုတောင်းလိုက်တယ်။ ဧည့်ကြိုတွေနဲ့ တခြားညီအစ်ကိုတွေက ကျွန်မတို့ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့ကြတယ်။ ကျွန်မတို့ ဘေးကင်းလုံခြုံအောင် မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးကြတယ်။ ကျွန်မတို့တစ်ယောက်စီကို ယေဟောဝါ ချစ်တယ်၊ စိုးရိမ်တယ်ဆိုတဲ့ အထောက်အထားပါပဲ။”
အိန္ဒိယဌာနခွဲရုံးက ကိုယ်စားလှယ်တွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေကြပါတယ်။ ထိခိုက်သွားသူတွေကို လက်တွေ့ကျကျ ကူညီပေးကြတယ်။ ကီရာလာပြည်နယ် တိုက်ခိုက် မှုကြောင့် ထိခိုက်သွားတဲ့ ညီအစ်ကို/မတွေကို နှစ်သိမ့်ဖို့သွားတဲ့ ဌာနခွဲရုံးက အကြီးအကဲတစ်ယောက် ဒီလိုပြောပြတယ်– “အတော့်ကို တုန်လှုပ်၊ နာကျင်၊ စိတ်မချမ်းမြေ့စရာဖြစ်ပေမဲ့ ထိခိုက်နာကျင် ခံစားခဲ့ရတဲ့ ညီအစ်ကိုတွေရဲ့ အပြုသဘောထားကြောင့် အားရှိခဲ့ရတယ်။ သူတို့အတော်များများနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့တယ်။ ယေဟောဝါကို သူတို့ ယုံကြည်အားကိုးနေတာကို မြင်ရလို့ ကျွန်တော့် ယုံကြည်ခြင်းတောင် ပိုခိုင်ခံ့လာတယ်။”
ဒီဆိုးရွားလှတဲ့ အဖြစ်အပျက်ကြောင့် ထိခိုက်နာကျင်ခံစားရသူတွေ၊ မိသားစုတွေအတွက် ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းအနေနဲ့ ကျွန်တော်တို့ ဆုတောင်းပေးနေကြပါတယ်။ အနာဂတ်မှာ အကြမ်းဖက်မှု၊ နာကျင်မှုနဲ့ သေခြင်း မရှိတော့ဘူးလို့ဖော်ပြထားတဲ့ ကျမ်းစာကတိကနေလည်း ကျွန်တော်တို့ နှစ်သိမ့်မှုနဲ့ ငြိမ်သက်မှု ခံစားကြရပါတယ်။ ယေဟောဝါဘုရားကို ဆက်ပြီး အပြည့်အဝ ယုံကြည်ကိုးစားသွားကြဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။—ဆာလံ ၅၆:၃။