ဧပြီ ၉၊ ၂၀၂၀
အီတလီ
ကပ်ရောဂါဆိုက်နေပေမဲ့ အီတလီက ညီအစ်ကို/မတွေ ဘုရားသခင်နဲ့ ရင်းရင်းနှီးနှီး ရှိနေကြ
COVID-19 ကပ်ရောဂါ ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံတစ်ခုက အီတလီပါ။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်မှုအောက်မှာ အီတလီဌာနခွဲရုံးဟာ ညီအစ်ကို/မတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးရုံမက ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေပါတယ်။
သဘာဝဘေး ကယ်ဆယ်ရေးကော်မတီတွေ (DRCs) ကလည်း အီတလီမြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းက ညီအစ်ကို/မတွေကို လိုအပ်သလို ကူညီပေးနေပါတယ်။ အသင်းတော်အကြီးအကဲတွေက ရောဂါကူးစက်ခံရတဲ့ ကြေညာသူတွေရဲ့ လိုအပ်ရာတွေကို တိုက်နယ်ကြီးကြပ်မှူးတွေဆီ မှန်မှန် အသိပေးတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေက (DRCs) ကို ပြန်အကြောင်းကြားတယ်။
ဒေသခံ အကြီးအကဲတွေက လက်တွေ့ကျ အကူအညီတွေ ပေးတဲ့အပြင် ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေမှာ ဆက်ပါဝင်နိုင်ဖို့လည်း ကူညီပေးကြတယ်။ ဦးဦးဖျားဖျား ရောဂါပိုး ကူးစက်ခံရတဲ့ မီလန်မြို့အနီးတစ်ဝိုက်မှာ တာဝန်ကျသူ တိုက်နယ်ကြီးကြပ်မှူး ညီအစ်ကို ဗီလျံ ဘိုစဲလီ ဒီလိုပြောပြတယ်- “ညီအစ်ကို/မတွေ ကိုယ့်အိမ်ထဲမှာပဲ နေကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မပြတ်ကြဘူး။ ဗီဒီယိုချိတ်ဆက်ပြီး အစည်းအဝေးတွေမှာ မှတ်ချက်ပေးကြတယ်။ အချင်းချင်း အားပေးကြတယ်။ ဗီဒီယိုချိတ်ဆက်ပြီး အစည်းအဝေး ကျင်းပတာက သက်ကြီးပိုင်း ညီအစ်ကို/မတွေကို အများကြီး အကျိုးပြုတယ်။ အသင်းတော်တွေ အရင်ကထက် ပိုစည်းလုံးလာသလိုပဲ။”
အဲဒီအစည်းအဝေးတွေကို သက်သေခံ မဟုတ်တဲ့ ဆွေမျိုးတွေကပါ ကြည့်ရှုနားထောင်ကြတယ်။ ညီအစ်မတစ်ယောက်က “ကျွန်မယောက်ျားကို တစ်ခါမှ အစည်းအဝေး ခေါ်လို့ မရဘူး။ အခု အစည်းအဝေးက သူ့အိမ်ကို ရောက်လာပြီဆိုတော့ .. သိပ်သဘောကျနေပြီ” လို့ပြောတယ်။
ညီအစ်ကို/မတွေကလည်း အခွင့်အရေး ရရင်ရသလို သက်သေခံနေကြတယ်။ ညီအစ်မတစ်ယောက် သက်ကြီးညီအစ်မ အိမ်ကို ဘီးတပ်ကုလားထိုင် သွားပို့တယ်။ လမ်းမှာ ရဲအရာရှိ သုံးယောက်က သူ့ကားကို ရပ်ခိုင်းတယ်။ သက်ကြီးရွယ်အို အမျိုးသမီးတစ်ယောက်ဆီ သွားပို့ပေးမလို့ပါလို့ပြောပြီး ခရီးသွားထောက်ခံစာ ထုတ်ပြတယ်။ ပြီးတော့ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်လို့ သင်ထင်သလဲ၊ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား ဆိုတဲ့ ဝေစာတွေ ဝေငှတော့ ရဲတွေ လက်ခံကြတယ်။ ဘီးတပ်ကုလားထိုင် ပို့ပေးပြီး ပြန်လာတဲ့အခါ အဲဒီရဲတွေ တားကြပြန်ရော။ ဒီတစ်ခေါက် ကားရပ်ခိုင်းတာက ညီအစ်မကို ကျေးဇူးတင်ကြောင်း ပြောဖို့၊ ကျမ်းစာမှာပါတဲ့ မျှော်လင့်ချက်အကြောင်း ထပ်သိချင်လို့ပါ။ လုပ်ဖော်ကိုင်ဖက် ရဲနှစ်ယောက်ကိုပါ ခေါ်ပြီး ညီအစ်မနဲ့ စကားပြောကြတယ်။ ညီအစ်မက jw.org ဝက်ဘ်ဆိုက်ကို ပြပေးတယ်။ အရာရှိတစ်ယောက်က “ကျေးဇူးပါ။ ဒီနေ့တော့ ပျော်စရာကောင်းတဲ့နေ့လေးပါပဲ” လို့ပြောတယ်။
ညီအစ်ကို ဘိုစဲလီက “ကျွန်တော့်တာဝန်တစ်ခုက ညီအစ်ကို/မတွေကို အားပေး နှစ်သိမ့်ဖို့ ဖြစ်ပေမဲ့ ဘုရားရေးရာမှာ သူတို့ စိတ်အားထက်သန်နေတာကို မြင်တော့ အားရှိသွားသူက ကျွန်တော်ပါ။ ယေဟောဝါကို ခိုင်မြဲတဲ့မေတ္တာနဲ့ ချစ်ကြတာ တွေ့ရလို့ ကျွန်တော် ရင်ထဲထိသွားတယ်။ ယေဟောဝါဆီက လက်ဆောင်တွေဖြစ်တဲ့ သူတို့ကို ကျွန်တော်တို့ လိုအပ်တယ်” လို့ပြောတယ်။
ခက်ခဲတဲ့အခြေအနေတွေ ကြုံတွေ့နေရပေမဲ့ ညီအစ်ကို/မတွေ ဘုရားသခင်နဲ့ ရင်းရင်းနှီးနှီး ရှိနေကြမှန်း၊ ‘ဒီဆင်းရဲဒုက္ခကြောင့် ယိမ်းယိုင်’ မသွားကြမှန်း ထင်ရှားပါတယ်။—၁ သက်သာလောနိတ် ၃:၂၊ ၃။